မစုမြတ်မွန်။ ။
ဖိုးသူတော် ဆိုတဲ့ Blog မှာရေးထားတာ ဖတ်မိတော့မှပဲလေ HIV နဲ့ နေထိုင်တဲ့ ကလေးတွေကို
စောင့်ရှောက်တဲ့ နေရာ ရှိတယ်ဆိုတာ သိတော့တယ် ကိုသားညွှန့်ဦးရေ့။
ကိုသားညွှန့်ဦး။ ။
တယ်ဟုတ်ပါလားဗျ ဘယ်နေရာမှာလဲဗျ။
မစုမြတ်မွန်။ ။
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမှာတဲ့ Blogger ဖိုးသူတော်ကလဲ သူ့သူငယ်ချင်း
ခေါ်သွားလို့ အဲဒီ သုခရိပ်မြုံဂေဟာ ဆီကို သွားလှူရင်းနဲ့ သိလာတော့ Blog ရေးလိုက်တာတဲ့လေ။
ကိုဖိုးသူတော်။ ။
ကလေးတွေ သွားလှူတော့ ဒီကလေးတွေက ရန်ကုန် ဧရိယာထဲမှာပဲ ရှိနေတဲ့ နေရာလေး တစ်ခုပေါ့၊
ကျတော် တော်တော်လေး စိတ်မကောင်း ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးလေးတွေက သိပ်ငယ်လွန်းတယ်
အသက်ငယ်ဆုံးကလေးက သုံးနှစ်ခွဲပဲ ရှိသေးတယ်။ အသက်ကြီးဆုံးက ၁၅နှစ်လို့ ပြောတယ်။ သူတို့ကို
ကြည့်ရတာ အပြစ်ကင်းတဲ့ ကလေးတွေပါ။ အိတ်ခ်ျအိုင်ဗွီရဲ့ ဆိုးကျိုးတွေကို သူတို့ ခံစားနေရတာ
သူတို့မသိပါဘူး။ တချို့ကလေးတွေဆို တော်တော်လေး ချစ်ဖို့ကောင်းပါတယ်။ ချစ်စရာ လေးတွေဗျ။
သူတို့ အလွန်ဆုံးရှိ ရှစ်နှစ်တောင် မကျော်ဘူး အဲဒီတော့ သူတို့ဘဝအတွက် မြင့်လဲမြင့်စေချင်တယ်
အလှူရှင်လည်း များစေချင်တဲ့အတွက် အဲ…. ကျတော်လဲ သွားခဲ့တယ်ဆိုတော့ ဒီ Post လေးကို ကျတော်က
အများပြည်သူသိအောင်လို့၊ အများပြည်သူ သိအောင်ဆိုတာ ကျတော်တို့ Blog ဖတ်တဲ့လူက နည်းပါတယ်
ဒါပေမဲ့ တော်တော်များများ သိပါစေ ဆိုပြီးတော့ ဒီ Post ကိုရေးတယ်ပေါ့။ ကျတော်လဲ အဲဒီမှာ
သေသေချာချာ ရေးပေးထားပါတယ် လိပ်စာတွေဘာတွေပေါ့။
မစုမြတ်မွန်။ ။
ဖိုးသူတော် Blog မှာရေးထားလို့ ဒီဂေဟာကို စီမံပေးနေတဲ့ လူတစ်ယောက်ကိုလည်း ဆက်သွယ်ဖြစ်ပါတယ်။
သူကတော့ ပရဟိတ လူမှုအထောက်အကူပြု အလုပ်တွေ လိုက်လုပ်ပေးနေတဲ့ စာရေး ဆရာမ “သန်းမြင့်အောင်”
ပါ။ ဆရာမ ပြောပြတာ ကတော့ အခုမှ ဒီဂေဟာလေးကို တရားဝင်ဖြစ်အောင် လျောက်ထားဆဲလို့ ပြောပြပါတယ်။
အိတ်ခ်ျအိုင်ဗွီနဲ့ နေထိုင်တဲ့ ကလေးတွေအတွက် သက်သက်ပဲ ဘာကြောင့် လုပ်ရသလဲဆိုတာကိုလဲ
ဆရာမသန်းမြင့်အောင်က ရှင်းပြသွားပါတယ်။
ဆရာမ သန်းမြင့်အောင်။ ။
မိဘမဲ့ ပရဟိတ ကျောင်းတော်တော် များများနဲ့ ကျမက အဆက်အသွယ်ရှိတယ်လေ၊ အဲဒီတော့ မိဘမဲ့
ကလေးတွေဆို ကျမဆီကို ပို့ကြတာများတယ်၊ ကျမလက်ထဲရောက်တဲ့ မိဘမဲ့ကလေးတွေကို ကျမက တခြားဂေဟာတွေ
လိုက်ပို့တာပေါ့နော်။ မိဘမဲ့ ကလေးတွေကို စောင့်ရှောက်တဲ့ ဂေဟာတွေပေါ့။ အဲဒီနေရာတွေ
လိုက်ပို့တဲ့ အခါမှာ ကလေးတွေကို ရောဂါပိုး စစ်ပြီးတဲ့ အခါကျရင် ဥပမာ … တီဘီ ပိုးစစ်ပြီးသွားရင်
ရောဂါရှိရင် သူတို့က ကလေးတွေကို ကုပြီးတော့ သူတို့က လက်ခံတယ်။ တခြားရောဂါတွေ ရှိနေရင်လည်း
လက်ခံတယ် ဒါပေမဲ့ ကျမဆီကို အိတ်ခ်ျအိုင်ဗဗွီ နဲ့ နေထိုင်တဲ့ ကလေးတစ်ယောက် ရောက်လာတဲ့အခါကျတော့
အဲဒီ မိဘမဲ့ ဂေဟာတွေက စောင့်ရှောက်ဖို့ အဆင်သင့် မဖြစ်ကြသေးဘူး။ အဲဒီတော့ လက်မခံနိုင်သေးဘူး။
အဲဒီလိုမျိုး ကျမဆီမှာ ကလေး သုံးယောက်လောက်ပေါ့၊ ပထမ တစ်ယောက် ရောက်လာတယ် ကျမ ပြန်ပေးလိုက်ရတယ်။
ဒုတိယ တစ်ယောက်ရောက်လာတယ် ရောက်လာတော့ အဲဒီလို အိတ်ခ်ျအိုင်ဗွီနဲ့ နေထိုင်တဲ့ ကလေးဖြစ်နေတော့
ကျမပြန်ပေးလိုက်ရပြန်တယ်။ နောက်ရောက်လာတော့လည်း ပြန်ပေးလိုက်ရတော့ ကျမက ကျမဆီကို ရောက်လာပြီးတော့
ဒီကလေးတွေကို ဘယ်နေရာမှ အဆင်သင့် မွေးဖို့ မဖြစ်တဲ့အခါကျတော့ ကျမက စိတ်မချမ်းသာတာနဲ့
နောက်ပြီးတော့ ဒီကလေးတွေလိုမျိုး ရောက်လာရင် ဒီကလေးတွေကို စုပြီးတော့ မိဘရင်ခွင်လိုပဲ
ထားနိုင်တဲ့ ဂေဟာလေး တစ်ခုရှိရင် ကောင်းမှာပဲလို့ တွေးမိပြီး ကျမ အဲဒါလေးကို ထူထောင်ဖြစ်တာပါ။
ကျမနဲ့ စိတ်တူ ကိုယ်တူ ဝါသနာတူတဲ့သူတွေ ပူးပေါင်းပြီးတော့ပေါ့နော်။
မစုမြတ်မွန်။ ။
အိတ်ခ်ျအိုင်ဗွီနဲ့ နေထိုင်တဲ့ ကလေးတွေကို ပြုစုစောင့်ရှောက် ရတဲ့ အခါမှာပေါ့လေ ဆရာမတို့အနေနဲ့
ဘယ်လို အခက်အခဲမျိုးတွေ တွေ့ရပါလဲရှင့်။
ဆရာမ သန်းမြင့်အောင်။ ။
ဒီအိတ်ခ်ျအိုင်ဗွီနဲ့ နေထိုင်တဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်ရတဲ့အခါမှာ ကျမတို့က
သာမာန် မိဘမဲ့ ကလေးတွေကို စောင့်ရှောက်ရတာနဲ့မတူဘူးလေ၊ သူတို့ကို ထိမ်းသိမ်းတာကအစ သန့်ရှင်းရေးလုပ်တာကအစ
ကျွေးမွေးတဲ့ အာဟာရအဆုံးပေါ့။ သူတို့ကို ပြုစုစောင့်ရှောက်ရတဲ့သူတွေက အကုန်လုံးကျန်းမာရေး
အသိရှိတဲ့ ဆရာမလေးတွေပေါ့။ အနည်းဆုံးတော့ သူနာပြုဆရာမ (Nurse) အဆင့် လောက်ပေါ့။ သူတို့ကို အုပ်ချုပ်တာကတော့ သူနာပြုဆရာမကြီး
(Blue Step ) အဆင့်လောက်ပေါ့။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ လေ့လာထားပြီးသား နောက်တစ်ခါ
ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သူနာပြု ဆရာမလေးတွေပေါ့၊ လူနာကို ပြုစုစောင့်ရှောက်နိုင်တဲ့
သူမျိုးတွေကို ကျမတို့ ခန့်ထားတာပါ။ နောက်ပြီးတော့ ကျွေးတာ၊ မွေးတာ နဲ့ပတ်သက်ပြီး အာဟာရလည်း
ဒီလိုပဲပေါ့ စနစ်တကျနဲ့ ဘယ်နေ့မှာ ဘာကျွေးမယ် အဲဒါမျိုးကို ကြည့်ရတာပေါ့၊ တခြားကလေးတွေလိုတော့
ကျမတို့က ကြမ်းကြမ်းတမ်းတမ်း ထားလို့မရဘူး။ ယုယုယယ ထားရပါတယ်။
မစုမြတ်မွန်။ ။ သူတို့ကို
ဆေးကုသမှုတွေကိုရော ပေးပါလား ဆရာမ။
ဆရာမ သန်းမြင့်အောင်။ ။ ကျမတို့ဆီမှာ
ဆရာဝန်တွေ ရှိတယ်လေ၊ နောက်ပြီးတော့ AZG ကလေ။ AZG ဆိုတာ သဇင်ပေါ့။ သဇင်ဆေးခန်းကလဲ ကျမတို့ကို
အပတ်စဉ် ကူညီပါတယ်။ တချို့ကလေးတွေကျတော့ ဝေဘာဂီဆေးရုံက ဆေးရတယ်။
မစုမြတ်မွန်။ ။ ဆရာမတို့အတွက်
ငွေကြေးပိုင်း ဆိုင်ရာမှာရော အခက်အခဲ ရှိပါလား။
ဆရာမ သန်းမြင့်အောင်။ ။ ငွေကြေးပိုင်းဆိုင်ရာမှာလည်း
ကျမတို့က ဘယ်အဖွဲ့အစည်း ဘာညာရဲ့ အထောက်အပံ့ဆိုတာ မရှိပါဘူး။ ပြည်တွင်းရော ပြည်ပရောပေါ့။
ဒါပေမဲ့ ဒီကလေးတွေကို လာလာပြီးတော့ ပြုစုစောင့်ရှောက်ကြတဲ့ အလှူရှင်တွေကနေပြီးတော့
ဒီကလေးတွေ အတွက်ရော၊ အဆောက်အဦအတွက် ရန်ပုံငွေ တို့ဘာတို့ ဒီလိုပဲ တစ်ဦးချင်း ထည့်နေတယ်ပေါ့။
နောက်ပြီးတော့ တချို့အနုပညာရှင်တွေလည်း ထည့်ဝင်ကြပါတယ်။ အဲဒီ ရန်ပုံငွေတွေနဲ့ ကျမတို့
ရပ်တည်နေတာပါ။ ကျမတို့ စာပေလောကရှိတယ်၊ အနုပညာ လောကရှိတယ်။ နောက် ဒီအကြောင်းကို သိတဲ့လူတွေက
လှူကြတာရှိတယ်။ အဲဒီရန်ပုံငွေ တွေနဲ့ပဲ ကျမတို့က အစားအသောက်ကော အဆောက်အဦအတွက်ကော ကျမတို့ရပ်တည်နေပါတယ်။
မစုမြတ်မွန်။ ။ အဲတော့
ဆရာမတို့ အနေနဲ့ကကော ဒီကလေးတွေကို သူတို့ အသက်အရွယ် ဘယ်လောက်ထိ ပြုစု စောင့်ရှောက်မယ်
ဆိုတာမျိုးရော အတိုင်းအတာ ရှိပါသလား။
ဆရာမ သန်းမြင့်အောင်။ ။ ကျမတို့ဆီကို
ရောက်ပြီးတော့မှတော့ သူတို့ ဘယ်လောက်ပဲ အသက်ရှင်သန်၊ ရှင်သန် သူတို့ အသက်ထက်ဆုံးပေါ့
အဲဒီအထိ ကျမတို့ စောင့်ရှောက်သွားပါမယ်။ ကျမတို့ သူတို့နဲ့ ပတ်သက်တဲ့ လက်မှုပညာနော်၊
အခုကျောာင်းလဲ ရှိတယ်လေ၊ သူတို့ အတန်းကျောင်းလဲ နေရပါတယ်။ အဲဒီတော့ အတန်းကျောင်း ဆိုတာလဲပဲ
“ဝိသာခါ သီလရှင်သင် ပညာရေးကျောင်း”မှာ သူတို့ကို ကျောင်းအပ်ထားတယ်၊ အဲဒီက သင်ရိုးအတိုင်းပဲ
ကျမတို့ဆီမှာသင်တယ်။ စာမေးပွဲဖြေလဲ အဲဒီမှာပဲဖြေတယ်၊ အဲဒီတော့ အတန်းလဲ သူတို့ တက်နိုင်သလောက်
တက်သွားတာပေါ့ ဒီကျောင်းမနေတဲ့ ကလေးလည်းပဲ လက်မှုပညာ ကိုကျမတို့က သင်ပေးဖို့ အစီအစဉ်ရှိတယ်
ကျမတို့က ကျမတို့ ဆီကနေပြီးတော့ ဘယ်လောက်ကြီးလာကြီးလာ ကျမတို့က ဆက်ပြီး စောင့်ရှောက်သွားမှာပါ။
သူတို့က ကျမတို့ရဲ့ သားသမီးတွေ ဖြစ်သွားပြီကိုး။
မစုမြတ်မွန်။ ။ ဆရာမတို့ရဲ့
ဒီ “သုခရိပ်မြုံဂေဟာ” ကိုလှူချင်တယ် ဆိုလို့ရှိရင် ဘယ်လိုလှူလို့ရပါလဲရှင့်။
ဆရာမ သန်းမြင့်အောင်။ ။ သုခရိပ်မြုံမှာကလေ အမှတ် ၉၇၉ ၉၈၂ တပင်ရွှေထီးလမ်း ၁၁ရပ်ကွက် အရှေ့ဒဂုံပါ။
မစုမြတ်မွန်။ ။ သုခရိပ်မြုံ
ဖြစ်မြောက်ရေး ဆောင်ရွက်ပေးနေသူတွေထဲက တစ်ယောက်ဖြစ်တဲ့ စာရေးဆရာမ သန်းမြင့်အောင် ပါရှင်။
ကိုသားညွှန့်ဦး။ ။ ဆရာမ ပြောပြတာတွေ နားထောင်ရတာ ကလေးတွေအတွက် အားတက်စရာကောင်းတယ်ဗျ။
ဒါကြောင့် Blogger ကိုဖိုးသူတော်က သူ့
Blog မှာ သေသေချာချာ ရေးပြထားရတာပါတဲ့။
ကိုဖိုးသူတော်။ ။ လူ့အဖွဲ့ အစည်းမှာ HIV ပိုးကူးစက်ခံ နေရတဲ့
ကလေးငယ်တွေက သူတို့မှာ လူမှုရေး ကဏ္ဍအနေနဲ့ ပြောမပြနိုင်တဲ့ အကြောင်းအရာတွေလည်း ရှိချင်လည်း
ရှိမယ်။ သူတို့ အသက်ရှင်နိုင်သမျှ ကာလပတ်လုံး သူတို့မှာ စိတ်ဓါတ်တွေ ခွန်အားတွေကို
ကိုယ်တွေက သူတို့ကို ဘေးကနေ တွန်းပေးလို့ရတယ်ဗျ၊ သူတို့ကို သူတို့အတွက် ဘာမှ စိတ်အားငယ်ရအောင်
သူတို့နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့ကို ကျတော်တို့ ဘေးကလူတွေက အကောင်းဆုံး ပံ့ပိုးပေးဖို့ပဲဗျ။
HIV နဲ့နေထိုင်တဲ့ မိဘမဲ့ ကလေးတွေအတွက် ဂေဟာ
ကိုဖိုးသူတော်ရေးတဲ့ “သုခရိပ်မြုံ
လူမှုထောက်ပံ့ရေး စီမံချက်” မူရင်းပို့ကို http://phoethutaw.myanmarbloggers.org, http://www.hivinfo4mm.org နဲ့ http://redribbon4u.com
စတဲ့ အင်တာနက် စာမျက်နှာ တွေမှာလည်း သွားရောက် ဖတ်ရှူ့နိုင်ပါတယ်။
အသံဖိုင် အောက်တွင်ယူပါ။




