27
Nov

HIV နဲ့ လူနာ နှစ်ယောက်






သနားစရာ
ကောင်းတဲ့၊ အကာအကွယ်မဲ့ခဲ့တဲ့ လူနာလေးတွေထဲက နှစ်ယောက်အကြောင်း ပြောပြ ချင်ပါတယ်။ သူတို့က
မတူညီတဲ့နေရာကနေ လာကြတာပါ။

တဦးက
မကွေးတိုင်းက တောင်သူလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးဖြစ်ပါတယ်။ သူကိုယ်ဝန် ပျက်ကျပြီးတဲ့နောက်
သွေးသွင်း ကုသခံရာကနေ HIV ပိုး ကူးစက်ခဲ့ပါတယ်။ သူဘယ်လိုကြောင့် ဒီရောဂါပိုး ရခဲ့သလဲဆိုတာ
သူမသိဘူး။ သူ့ယောက်ျားကို အထင်လွဲတယ်။ သူ့ယောက်ျား အပျော်အပါး လိုက်စားလို့ သူ့ယောက်ျားဆီက
ကူးတာလို့ တောက်လျှောက် စွပ်စွဲပြီး ရန်တွေ့နေတော့တာပါပဲ။ ယောက်ျားဖြစ်သူက ရှင်းပြတာကို
လက်မခံ၊ ရန်လုပ်နဲ့ သံသရာလည်နေတာပါ။

အဖြစ်မှန်ကို
သိသွားကြတာကတော့ သူတို့အိမ်ကို မိတ်ဆွေနှစ်ယောက် ရောက်လာတဲ့နေ့မှာ ဖြစ်ပါတယ်။ ဒီလူတွေရောက်လာတော့
ပြဿနာတက်နေတဲ့ သူတို့လင်မယား အတော်လေး ထိတ်လန့်သွားတယ်လို့ ဆိုပါတယ်။ မိတ်ဆွေနှစ်ယောက်လုံး
ယားနာတွေ တကိုယ်လုံး ပေါက်နေကြပြီး အတော်လေး ပိန်လှီနေတယ်တဲ့။ AIDS အဆင့် ရောက်သွားတယ်
ပြောရမှာပါ။ ဒီမိတ်ဆွေနှစ်ယောက်က လာတောင်းပန်တာပါ။ သူတို့မသိလို့ သွေးလှူမိတယ် သူတို့မှာ
AIDS ဖြစ်နေပါတယ်ဆိုပြီး လာတောင်းပန်တော့ လင်မယား ဘာလုပ်လို့ လုပ်ရမယ်ကိုမသိ ဖြစ်သွားတယ်။
သူတို့သတင်းကို ကြားရတဲ့ ကျမတို့ အဖွဲ့ဝင်တယောက်ဖြစ်တဲ့ ကိုပါလေးက သူတို့ဆီကိုသွားပြီး
ပညာပေး ဆွေးနွေးတယ်၊ ပြီးတော့ ကျမဆီ ပို့လိုက်ပါတယ်။

ဒီလိုနဲ့
ဒီအမျိုးသမီးလေး ရန်ကုန်ရောက်လာတယ်။ ကျမဆီလာတယ်။ သူ့မှာနေစရာမရှိ။ ဘုန်းကြီးကျောင်းတွေမှာ
ထားရတာလည်း အဆင်မပြေ။ ဒါနဲ့ကျမ အဖေပိုင်တဲ့ အိမ်ကလေးမှာ သူ့ကို ထားတယ်။ နယ်ခြားမဲ့
ဆရာဝန်များ အဖွဲ့ကဖွင့်ထားတဲ့ AZG ဆေးခန်းကို သွားပြတယ်။ နောက်တော့ သူ ARV ဆေး ရပါတယ်၊
ဒီဆေးက HIV ပိုးကို တိုက်ဖျက်တဲ့ဆေးပါ။

ဒါပေမဲ့
အစောပိုင်းကာလမှာ သူဟာ ဆေးအရှိန်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားတယ်။ တကိုယ်လုံး
ချွတ်ပြီး အရပ်ထဲပတ်ပြေးတဲ့အဆင့်ထိ ဖြစ်သွားတာပါ။ မျိုးရိုးကြောင့် စိတ်ရောဂါ ဖြစ်တာတော့
မဟုတ်ပါဘူး။ အခုတော့ သူက ပြန်ကောင်းလာပြီးတော့ ပုံမှန် လုပ်ငန်းခွင် ဝင်နေပါပြီ။

သူ
ကိုယ်ဝန်ပျက်ကျတော့ သွေး ၆ ပုလင်း သွင်းရတယ်လို့ဆိုပါတယ်။ လိုတဲ့သွေးအတွက် အထက်မှာ
ပြောခဲ့တဲ့ သူ့မိတ်ဆွေ နှစ်ဦး အပါအဝင် သွေးလှူရှင် ၆ ဦးကလှူကြတယ်။ ဒါပေမဲ့ ဆေးရုံမှာ
သွေးစစ်ခဆိုပြီး နှစ်သောင်း တောင်းတယ်လို့ဆိုပါတယ်။ ဒီတော့ သူက တသိန်းနှစ်သောင်း ပေးခဲ့ရပါတယ်တဲ့။
မှတ်မှတ်ရရ သူပြောသွားတဲ့အတိုင်း ပြန်ပြောပြချင်ပါတယ်။ သူက စကားပြောရင် ‘သ’ တွေကို
‘တ’ လို့ အသံထွက်ပါတယ်။

“ဆရာမရယ်
ကျမလည်း နားလည်ပါဘူး။ တိလည်း မတိဘူးလေ။ ခုတော့ တွေးတွင်းလို့ ဖြစ်တယ်ဆိုတာ ကျမ နားမလည်ဘူး။
ခု ဆရာမ ပြောပြတော့ သွေးသွင်းလို့ ဖြစ်တွားတာဆို။ ကျမက ဒီရောဂါကို တတိန်းကျော် ပေးပြီးဝယ်လိုက်ရတာပေါ့”
တဲ့။ သူ့စကားကို ကျမခုချိန်ထိ ကြားယောင် နေပြီး စိတ်မကောင်း ဖြစ်ရတုန်းပါပဲ။

ကျမလည်း
ပြန်လည်သုံးသပ်ပါတယ်။ သူ့မိတ်ဆွေ နှစ်ယောက်ကလည်း သူတို့မှာ ပိုးရှိမှန်း မသိလိုက်လို့
သွေးလှူမိတယ်။ ဆေးရုံကလည်း ဒီသွေးကို စစ်ဆေးပါတယ်။ စစ်ဆေးခ တသိန်းကျော် ယူလိုက်တာပဲ။
ဝင်းဒိုးကာလလို့ ခေါ်ကြတဲ့ စစ်ဆေးချိန်မှာ လူ့ကိုယ်ခန္ဓာက HIV ပိုးကို တုံ့ပြန်တဲ့ ပဋိပစ္စည်း
မထွက်သေးတဲ့ အချိန်ကာလကြောင့် ဖြစ်နိုင်ပါတယ်။ နောက်ဆုံးတော့ သူပြောသလို ရောဂါဆိုးတခုကို
ငွေပေးပြီး ဝယ်လိုက်ရသလို ဖြစ်သွားတော့တာပေါ့။ လူတဦးချင်း ပေါ့ဆမှုကနေ အများ ဒုက္ခမရောက်အောင်ကတော့
တတိုင်းပြည်လုံးကို သွေးစစ်ထားရမလို ဖြစ်နေတာပေါ့။

သူကတော့
ပြောပါတယ်၊ သူတို့အကြောင်း စာတွေရေးပါ၊ နာမည်ရင်းတွေ သုံးပါ။ ဒါမှ သူတို့ကို လာမေးတဲ့အခါ
ပြောပြနိုင်မယ်၊ သင်ခန်းစာ ယူနိုင်ကြမယ်လို့ ဆိုပါတယ်။

နောက်တယောက်ကတော့
ကလေးလေးပါ။ ကျမနဲ့ တွေ့ချိန်မှာ ၅ နှစ်ကျော် အရွယ်ပဲ ရှိပါသေးတယ်။ သူလည်း သွေးသွင်းရာကနေ
ကူးစက်ခံရသူပါ။ ကလေးက အလွန်ပဲ ချစ်ဖို့ကောင်းပါတယ်။ အဖေက ဒုတပ်ကြပ်၊ အမေက ကျောင်းဆရာမ
ဖြစ်ပါတယ်။ ကလေး သွေးလွန်တုပ်ကွေးဖြစ်တော့ မင်္ဂလာဒုံ စစ်ဆေးရုံကို ပို့ကြတယ်တဲ့။

အဲ့ဒီမှာ
ကလေးအတွက် သွေး အကူအညီ ပေးတာကလည်း ကလေးအဖေရဲ့ မိတ်ဆွေရဲဘော် ပုံမှန် သွေးလှူရှင်ပါပဲ။
အကြိမ် ၆ဝ ကျော်နေပြီပြောပါတယ်။ ဒါပေမဲ့ လူတွေ မသိလိုက်တာက ဒီလူက နောက်ဆုံးအကြိမ် သွေးလှူပြီး
သိပ်မကြာခင်မှာ အကာကွယ်မပါဘဲ အပျော်အပါး လိုက်စားခဲ့တယ် ဆိုတာပါပဲ။ ဒါကို ကာယကံရှင်ကလည်း
ထုတ်မပြောဘူး။ ဆေးစစ်ချက်ယူသူ ဆရာဝန်တွေကလည်း မမေးလိုက်မိဘူး။ အကြိမ် ၆ဝ ကျော် သွေးလှူထားတဲ့သူဆိုတဲ့
အချက်ကြောင့် မမေးဖြစ်တာလို့ ယူဆရပါတယ်။

ကောင်းမွန်
ခေတ်မီတဲ့ စက်ကြီးတွေနဲ့လည်း သေချာစစ်ဆေးတယ် ဆိုပါတယ်။ ဒါကတော့ သေချာပါတယ်၊ ဝင်းဒိုးကာလ
သွားမိနေတာပဲ ဖြစ်ပါတယ်။ ဒီတော့ ကလေးအဖေနဲ့ ဆေးရုံက ဆရာဝန်ကြီးတွေ အပြန်အလှန် အပြစ်တင်တာပေါ့၊
ဆေးရုံက သွေးစစ်တာ မသေချာလို့ ကလေးကို ကူးတယ်လို့ ကလေးအဖေကပြောတယ်။ ဆေးရုံကလည်း ကလေးဟာ
မိဘဆီက ကူးတာဖြစ်လိမ့်မယ်ဆိုပြီး အပြန်အလှန် စွပ်စွဲကြပါတယ်။ သူတို့ကို သွေးဖောက်စစ်မယ်ဆိုပြီး
သွေးဖောက်ယူထားချိန် ကျမဆီ ရောက်လာပါတယ်။

ကျမလည်း
ကမန်းကတန်းပဲ သူတို့ကို အမျိုးသား သွေးစစ်ဌာနဆီ ခေါ်သွားပြီး သွေးစစ်တာတွေ လုပ်ပေးထားရပါတယ်။
ပြဿနာတက်လာရင် ဆေးရုံက မမှန်ကန်တဲ့ သွေးစစ်ချက်တွေ ထုတ်ပေးပြီး ရှင်းမှာစိုးလို့ပါ။
အဲ့ဒီလို စစ်လိုက်ရာမှာလည်း ပိုးမတွေ့ပါဘူး။ ဆေးရုံက မှားနေတာ သေချာသွား ပါတယ်။

ဒါပေမဲ့
သူကလည်း တာဝန်ထမ်းဆောင်ဆဲ တပ်ကြပ်လေး တယောက်။ ဆေးရုံက ဆရာဝန်ကြီးတွေ ကလည်း ဗိုလ်မှူး၊
ဒုဗိုလ်မှူးကြီးတွေဆိုတော့ ဘယ်လိုမှ မတုံ့ပြန်ရဲဘူး။ အစောပိုင်းကတော့ တရားစွဲမယ်၊ ကလေးသူငယ်
အခွင့်အရေး စောင့်ရှောက်တဲ့ အဖွဲ့တွေဆီ တိုင်မယ်တောမယ်ဆိုတော့ ကျမ ဘက်ကလည်း လိုအပ်တာတွေ
လိုက်လုပ်ပေးနိုင်အောင် ပြင်ထားရတာပေါ့။

ဒီအချိန်မှာပဲ
ဒီကလေးရဲ့ အဖွားဖြစ်သူ မယ်သီလရှင်က ဒါတွေဟာ ကံ ကံရဲ့ အကျိုးတွေ၊ ဘာမှ ပူလောင်မနေနဲ့၊
ကလေး အတိတ်ကံ မကောင်းလို့ ဖြစ်တာဆိုပြီး လာခေါ်သွားပါတယ်။ ကျမလည်း အတော်လေး အံ့သြမိတယ်။
ကျမတို့ လူမျိုးရဲ့ စိတ်နေစိတ်ထားဟာ ကြောက်စရာ ကောင်းလှအောင်ကို အေးချမ်းတယ် ပြောရမလား၊
ကြောက်တာလို့ ပြောရမလား၊ ဘယ်လို ပြောရမယ်မှန်းကို မသိ၊ ဝေခွဲမရတော့ပါဘူး။

ကျမကတော့
ကျမဆီ ရောက်လာကြတဲ့ သူတွေထဲက သူတို့ နှစ်ယောက်ကို အမှတ်ရ နေမိပါတော့တယ်။

မဇ္ဈိမ - 

HIV နဲ့ လူနာ နှစ်ယောက်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top