HIV နဲ့ လူနာတစ်ယောက် (ဘွဲ့တော့ ရတယ်၊ ပညာတတ်မတတ်တော့ မသိဘူး) လာပြတယ်။ သူရောဂါ ရှိမှန်းကို HIV အထူးကုက ရှင်းပြပြီးသား။ ဆေးရုံတက်ဖို့ လိုတော့မှ ကျနော်နဲ့ ပြပြီး တက်တာ။ သူ HIV အတွက် ဆေးသောက်ချင် တယ်တဲ့။ သောက်လဲ သောက်ရမဲ့ အနေအထားကိုး။ ဆေးရုံက ဆင်းပြီး ၅ ရက်နေရင် ပြန်ပြပါ။ အဲဒီအချိန်မှာ ညွှန်ကြားမယ်လို့ ပြောလိုက်တယ်။ ပြန်လာပြတော့ HIV ဆေးတွေ သူစသောက်နေပြီတဲ့။ ကျနော့် မျက်လုံးပြူး သွားတယ်။ မူလဆရာဝန်ကြီး HIV အထူးကုနဲ့ ပြန်ပြဖြစ်လို့လား ဆိုတော့ မဟုတ်ပါဘူးတဲ့။ မကွေး သွားဝယ်လိုက်တာတဲ့။
ပြပါဦးလို့ ပြောတော့ HIV ဆေး ၂ မယ်ထဲ ၂ မျိုးထဲ ပါတဲ့ဆေး (၃ မျိုး ၃ မယ် သောက်ရမယ်ဆိုတာလဲ သိဟန်မတူ)။ ဒါနဲ့ ဘယ်သူပေးလိုက်တာလဲလို့ မေးကြည့်တော့ နာမည်ကြီး ဆေးဆိုင်ပိုင်ရှင် ကိုယ်တိုင်ပါတဲ့။ ၂ မျိုး ၃ မျိုး ထုတ်ပြလိုက်သေး သတဲ့ (လုံချည် အဆင်ရွေး သလို ကြိုက်တာယူဆိုတဲ့ သဘောမျိုး)။
လူနာတွေ ပြည်သူတွေ မသိတာ ထားတော့။ Part 2 ကျောင်းသားလေးတွေကို မကြာခဏ ကြုံရင် မေးကြည့်မိတယ်။ “Amoxicillin (Amoxil) ဆိုတဲ့ ဆေးဟာ လူနာဘာသာ ဆေးဆိုင်မှာ ကြိုက်သလို ၀ယ်သောက်ခွင့် ရှိတဲ့ (OTC = Over The Counter) ဆေးလား။ ဆရာဝန် ညွှန်ကြားချက်ပါမှ ၀ယ်သောက်ရတဲ့ (Prescription Only Medication) ခေါ် သမားကိုင်ဆေးလား”
ရင်ကွဲလောက်တဲ့ အဖြေပေးတယ်။ “ (OTC = Over The Counter) ဆေး” ပါတဲ့။ နောက်ဆုံးနှစ် ဆေးကျောင်းသား ဆရာဝန်လောင်းလေးတွေက ညီညီညွတ်ညွတ် ကျယ်ကျယ်လောင်လောင်ကြီး ဖြေကြတယ်။ Pharmacology က မသင်ဘူးလား ဆိုတော့ သင်ဘူးတဲ့။ ကျနော်က “ဒါဆို စာလုံးဝ မတတ်တဲ့ လူတစ်ယောက်က အဲဒီဆေးကို ဘယ်ရောဂါမှာ ဘယ်နှစ်ကြိမ် ဘယ်နှစ်ရက် သောက်ရမယ် ဆိုတာ သူသိနိုင်သလား” လို့ ထောက်ပြရပါတယ်။
ကျနော်တို့ နိုင်ငံမှာ ဘယ်ဆေးတွေက ကြိုက်သလို ၀ယ်သောက်ခွင့်ရှိတဲ့ (OTC = Over The Counter) ဆေး၊ ဘယ်ဆေးတွေကတော့ သမားကိုင်ဆေး (Prescription Only Medication) ဆိုတာ ပညာပေးဖို့လည်း လိုပြီ။ ထိမ်းချုပ်တဲ့ စနစ်လည်း လိုပါပြီ။ အဲလိုမလုပ်ရင် ဆေးမတိုးသော ရောဂါတွေ မြန်မာပြည်က စပါတော့မယ်။
Daily Online News - HIV နဲ့ နေထိုင်သူတွေမှာ ဆေးမတိုးတဲ့ ရောဂါတွေ ဖြစ်လာဖွယ်ရှိ




