HIV ပိုးကူးစက်ခံထားရတဲ့
နိုင်ငံရေးအကျဉ်းသား ကိုသန်းနိုင်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးဝါးလာပြီး ၊
ဆေးကုသခွင့်မရပဲ ဖြစ်နေပါတယ်။
လောလောဆယ်
ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံထားရတဲ့ တောင်တွင်းကြီးမြို့နယ် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
လူငယ်အဖွဲ့ ဝင် ကိုသန်းနိုင်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးဝါးလာနေတယ်လို့ သိရပါတယ်။
သူဟာ HIV ပိုးကူးစက်ခံထားရတာ သုံးလေးနှစ် ရှိပြီဖြစ်ပါတယ်။
ကိုသန်းနိုင်ဟာ HIV ပိုးကူးစက်ခံထားရတဲ့ အတွက် ကျန်းမာရေးစောင့်ရှောက်မှု
အမြန်ဆုံးပေးဖို့ လိုအပ်တယ်လို့ HIV/ AIDS ဝေဒနာသည်တွေကို စေတနာ့ဝန်ထမ်း အကူအညီပေးနေတဲ့ မဖြူဖြူသင်းက
အခုလို ပြောပါတယ်။
မဖြူဖြူသင်း။ ။ “ ဒီ HIV ဝေဒနာ ခံစားနေရတဲ့ သူတွေဟာ ပုံမှန်ပေါ့နော်၊ ဆရာဝန်နဲ့
တွေ့ထိနေဖို့ လိုတယ်။ သူတို့ရဲ့ ကျန်းမာရေးအခြေအနေ တိုးတက်မှု၊ ဆုတ်ယုတ်မှုဆိုတာ
အမြဲတမ်း ဆရာဝန်နဲ့ ပြသနေဖို့ လိုပါတယ်”
“ ပထမတကြိမ်တုန်းကလည်း
သူလေဖြတ်သလို ဖြစ်တယ်လို့ သတင်းကြားရတယ်လေ။ အဲဒီတုန်းကလည်း ကျွန်မတို့
အသက်အန္တရာယ်အထိတောင် စိုးရိမ်တယ်။ နောက် သူကျန်းမာရေး ပြန်ကောင်းလာတယ်။
ပြန်ကောင်းလာပြီးတော့ လူခန္ဓာကိုယ် ဝဝဖြိုးဖြိုး ပြန်ဖြစ်လာတယ်လို့ ကြားရတယ်။
လွန်ခဲ့တဲ့ ခြောက်လလောက်တုန်းကပေါ့နော်။ အခုနောက်ပိုင်း သူ့အမျိုးသမီး ထောင်ဝင်စာ
ပုံမှန်တွေ့နေတဲ့ နောက်ပိုင်းကျတော့ သူ ကိုယ်အလေးချိန်တွေ တော်တော် ကျဆင်းလာတယ်။
နောက်တခုက လျှာမှာလည်း မက်ခရုလိုဟာတွေ ထွက်လာတယ်ဆိုတော့ ပြောရမယ်ဆိုရင်တော့
ကိုယ်ခံအား ကျဆင်းလာပြီလို့ ယူဆရတယ်ပေါ့နော်။ ”
ကိုသန်းနိုင်
ဆေးကုခွင့်ရဖို့အတွက် ထောင်အာဏာပိုင်တွေကို ဒီကနေ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ
စာတင်ထားတယ်လို့ ဇနီးဖြစ်သူ မအေးအေးခိုင်က ပြောပါတယ်။ အခုလောလောဆယ်
အရေးတကြီးလုပ်ဖို့ လိုအပ်နေတာနဲ့ ပတ်သက်ပြီးတော့လဲ မဖြူဖြူသင်းက ဆက်ရှင်းပြပါတယ်။
မဖြူဖြူသင်း။ ။ “ အခုလောလောဆယ်အခြေအနေ
သူ့ကို ပုံမှန်ပေါ့နော်၊ ဒီ သွေးစစ်တာတွေ၊ CT4ပေါ့နော်၊
ပြောရရင်တော့ ကိုယ်ခံအားပေါ့၊ ဘယ်လောက် ကျန်တော့တယ်ဆိုတဲ့ဟာတွေ စစ်ဖို့ လိုနေပြီ။
အဲဒါ စစ်ပြီးလို့ရှိရင် ARV ဆိုတဲ့ဆေးကို
သောက်ဖို့ လိုပြီပေါ့နော်။ ဒီ CT4 စစ်မှလည်း ARV သောက်သင့် မသောက်သင့်ဆိုတာ ဆုံးဖြတ်လို့ ရမှာလေ။
တကယ်လို့များ ဒီအတိုင်းပဲ ဆက်သွားနေမယ်။ CT4လည်း
မစစ်ဖူးဆိုရင် သူ့ရဲ့ အသက်အန္တရာယ်က စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။”
ကိုသန်းနိုင်ဟာ
၂၀၀၇ သံဃာ့အရေးအခင်း အတွင်း ရွှေတိဂုံဘုရား အရှေဘက် မုခ်မှာ အဖမ်းခံခဲ့ရပြီး
မကြာသေးခင်ကမှ ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။ လောလောဆယ် အင်းစိန်ထောင်ထဲမှာ
ဆေးကုသခွင့်မရပဲ ဖြစ်နေတဲ့ အနေအထားနဲ့ပတ်သက်ပြီး စစ်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ၊ ICRC နဲ့ UNAIDS
နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလဲ ဇနီးဖြစ်သူ မအေးအေးခိုင်က တင်ပြသွားမယ်လို့
သိရပါတယ်။
RFA: (4/12/08)
သတင်း -
HIV ပိုးကူးစက်ခံထားရသည့်
နိုင်ငံရေးအကျဉ်းသား ကျန်းမာရေးဆိုးဝါး




