5
Dec

HIV ပိုးကူးစက်ခံရသူများ.... ကုလသုံးသပ်

HIV ရောဂါပိုး ကူးစက်ခြင်းခံရသူများ၏ မိသားစုဝင်များသည်  ဆေးကုသမှု ကုန်ကျစရိတ်ကြီးလေးခြင်းနှင့် အလုပ်အကိုင်ရရှိရေး ခက်ခဲမှုတို့ကြောင့် ဆင်းရဲတွင်းမှ ရုန်းမထွက်နိုင် ဖြစ်နေရကြောင်း ဒီဇင်ဘာ ၁ ရက် နေ့က ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။  

ပိုးရှိသူများနှင့် ၎င်းတို့၏ မိသားစုများကို ခွဲခြားဆက်ဆံခြင်း၊ အလုပ်အကိုင် ဆုံးရှုံးခြင်းများသည် လူမှုစီးပွားဘ၀ကို ဆိုးရွားစွာထိခိုက်စေသည်ဟု ဆိုသည်။ ကြားဝင်ကူညီမှုများ မရှိ ပါက HIV ပိုးကူးစက်ခံရသည့် မိသားစုဝင် များသည် အမြဲတစေ ဆင်းရဲမွဲတေမှုအတွင်းသို့ ကျဆင်းမည်ဖြစ်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်၏ ဒေသတွင်းဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Nicolas Rosellini က ပြောကြားခဲ့သည်။

ရောဂါကူးစက်ခံရသည့် မိသားစုဝင်များအား ကြွေးမြီထောင်ချောက်အတွင်းသို့ တွန်းပို့ပြီး ၎င်းတို့၏ ကလေးများကို တစ်သက်တာဆင်းရဲ မွဲတေမှု အခြေအနေ ကြုံတွေ့စေသည့် လူမှုစီးပွား အကျိုးသက်ရောက်မှုများကို လျော့ပါးစေရေး ဒေသတွင်းရှိ အစိုးရအဖွဲ့များက လုပ်ဆောင်ရန် ၎င်းက တိုက်တွန်းခဲ့သည်။

အာရှတိုက်အတွင်းရှိ HIV ပိုး ကူးစက်ခံရသည့် အိမ်ထောင်စုဝင်များတွင် အပိုငွေကြေးကုန်ကျမှုများသည် ကလေးငယ်များ၏ ပညာရေး အတွက် အခက်အခဲဖြစ်လာပြီး ပညာတစ်ပိုင်း တစ်စနှင့် ကျောင်းထွက်ခဲ့သည့်နှုန်းများ မြင့်တက်လာကြောင်း ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်ကဲ့သို့သော နိုင်ငံများတွင် HIV ပိုး ကူးစက်မှုခံရသည့် မိသားစုဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျ စရိတ်သည် သာမန်မိသားစုများထက် သုံးဆကျော် သုံးစွဲရကြောင်း အာရှတစ်လွှားရှိ အိမ်ထောင်စု ၁၇၀၀၀ ခန့်ကို လေ့လာခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

အာရှတိုက်အတွင်းတွင် ကမ္ဘောဒီးယားနိုင်ငံတစ်ခုတည်း၌သာ အစိုးရ အဖွဲ့က antiretroviral ဆေးဝါးဖြင့် ကုသမှုကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ပံ့ပေးမှုများကြောင့် HIV ကူးစက် ခံရသည့် မိသားစုဝင်များ၏ ကျန်းမာရေး ကုန်ကျစရိတ်မှာ မမြင့်မားကြောင်း ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ရောဂါကူးစက်ခံရမှု အကျိုးဆက်များကြောင့် အမျိုးသမီးများနှင့် ကလေးများ အကြီးအကျယ်ထိခိုက်ခဲ့ကြောင်း၊ အာရှရှိအသက် ၁၅ နှစ်နှင့် အထက်အမျိုးသမီး ၁ ဒသမ ၃ ရာခိုင် နှုန်းတွင် HIV ပိုး ကူးစက်ခံနေရကြောင်း၊ HIV ပိုး ကူးစက်ခံရသည့် ကလေးအရေအတွက်မှာ ၂၀၀၁ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်းတွင် ၄၆ ရာခိုင် နှုန်းထိ မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည်။

Eleven - HIV ပိုးကူးစက်ခံရသူများ၏ မိသားစုဝင်များမှာ ကုသမှုကုန်ကျစရိတ်များနှင့် အလုပ်အကိုင်ရရှိရေး ခက်ခဲမှုကြောင့် ဆင်းရဲတွင်းမှ ရုန်းမထွက်နိုင် ဖြစ်နေရကြောင်း ကုလသုံးသပ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top