25
Mar

HIV ပိုးထိမ်းဆေး TRIOMUNUE ဆေးနဲ့ ဆက်စပ်၍

အမေး။    ။ HIV+ သမားတွေ သောက်တဲ့ TRIOMUNUE ဆေး အကြောင်း ပြောပြပေးပါလား။ အဲဒီဆေးကို သောက်နေတာ ၅ နှစ် လောက် ရှိပါပြီ၊ ဆရာဝန်က  လူ့သက်တမ်းစေ့ နေနိုင်တယ် ပြောလို့ ဆေးပြန်မစစ်ပဲ ဆက်သောက်နေပါတယ်။ လူကောင်းတယောက်လို ပုံမှန် အလုပ်လုပ်နေနိုင်ပါတယ်။

ရောဂါ ဖြစ်စတုန်းကတော့ ဖိလိုက်ရင် မာခဲနေတဲ့ အနာတွေ မျက်နှာနဲ့ တကိုယ်လုံး ပေါက်ပြီး ဝမ်းသွားပါတယ်။

အဖြေ။    ။ TRIOMUNUE ဆေးဟာ HIV ပိုးရှိတဲ့ သူတွေ သောက်ရတဲ့ ဆေးတစ်မျိုးပါ။ တခြားရောဂါတွေမှာ မသုံးပါဘူး။ ဒီဆေးကို HIV ပိုးရှိတဲ့ လူကြီးနဲ့ ကလေးငယ်တွေအတွက် သုံးပါတယ်။ ဒီဆေးမှာ ဆေး ၃ မျိုး ပါဝင်ပေါင်းစပ် ထားပါတယ်။ Lamivudine+ Nevirapine  + Stavudine ဆိုတဲ့ ဆေး (၃)မျိုးပါ။ ဒီဆေးက HIV ပိုးတွေ ကိုယ်ထဲမှာ မျိုးပွားတာကို ထားဆီးပေးပြီး ခုခံအားကောင်းအောင် လုပ်ဆောင်ပေးပါတယ်။

ဒီဆေးကို မိမိသဘောနဲ့ သောက်လို့ မရပါဘူး ဆရာဝန်က ညွှန်ကြားမှ သောက်ရမှာပါ။ ဒီဆေးသောက်နေရင် HIV ပိုးမျိုးပွားတာ နည်းပြီး ခုခံအားကောင်းနေတော့ သာမန်လူတွေလိုပဲ ကျန်းကျန်းမာမာနဲ့ အလုပ် လုပ်နိုင်ပါတယ်။ .

ဒီဆေးတွေက ဘေးထွက် ဆိုးကျိုးလည်းရှိပါတယ်။ အဖြစ်များတာတွေကတော့ အသည်းကို ထိခိုက်ခြင်း၊ အာရုံကြောများ ထိခိုက်ခြင်းနဲ့ အရေပြားမှာ အကွက်ထခြင်းတို့ ဖြစ်ပါတယ်။ ဒီဆေးကို ဆရာဝန် ညွှန်ကြား ချက်နဲ့ သောက်သင့်ပြီး သောက်နေစဉ် ကာလတွေမှာ ဆရာဝန်နဲ့ ပြသပြီး ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိ/ မရှိကို အမြဲ စစ်ဆေးသင့်ပါတယ်။
-------------
[နောက်ဆက်တွဲ မေးခွန်း] - HIV အဆင့်မှာပဲ TRIOMUNUE ဆေးကို ဆရာဝန် ညွှန်ကြားချက်နှင့် သောက်ပြီး ကျန်းမာရေးနဲ့ အညီ နေထိုင်မည်ဆိုပါက AIDS အဆင့်သို့ ကူးပြောင်း နိုင်ပါသလား (သို့) HIV အဆင့်မှာပဲ ထိန်းထားနိုင်ပါသလား။ ဆေးဝါး အဖြစ် နေ့စဉ် စားသောက်သင့်သော အစားအစာများ ရှိလျှင်လည်း သိချင်ပါတယ်ရှင့်။

[နောက်ဆက်တွဲ မေးခွန်း အတွက် အဖြေ] - ဟုတ်ကဲ့ HIV အဆင့်မှာ ဆရာဝန်ညွှန်ကြားချက်နဲ့ အညီ ဆေးသောက်နေရင် AIDS အဆင့်ကို ရောက်ဖို့ ခဲယဉ်းပါတယ်။ HIV ပိုး ရှိသူတွေမှာ အဓိက ဂရုစိုက်ရမယ့် အချက် ၃ ချက်ရှိပါတယ်။

၁) မိမိကိုယ်ကို ဂရုစိုက်ခြင်း (ကိုယ်ခံအား မကျစေရန် အတွက်)
- အစားအသောက်၊ အနေအထိုင်၊ အနားယူခြင်း၊ အားကစား၊ သန့်ရှင်းရေး စသဖြင့်။
၂) လိုအပ်ပါက ART ဆေးသောက်ခြင်း (HIV မျိုးပွားခြင်းကို ထိန်းချုပ်ရန်)
၃) အခွင့်ကောင်းစောင့် ၀င်ရောက်လာသော ရောဂါများ (ဥပမာ- ၀မ်းပျက်ဝမ်းလျော၊ တီဘီ၊ ရေယုန်) ကို ကုသခြင်း (AIDS အဆင့် မရောက်သွားစေရန်)။

ဒီအချက် ၃ ချက်ကို အတိအကျ လိုက်နာရင် HIV ပိုးရှိသူတွေဟာ အသက်တော်တော် ရှည်ပြီး AIDS အဆင့်ကို မရောက်ကြပါဘူး။ တစ်ချို့ဆိုရင် နှစ်ပေါင်း ၂၅-၃၀ နီးပါး လူကောင်းပကတိ အတိုင်း နေနိုင်ကြပါတယ်။

အစားအစာ အနေနဲ့ ပြောရရင် သာမန် အတိုင်းပဲ စားပါ။ သန့်ရှင်းတဲ့ အစားအသောက်ပဲ စားပါ။ ပြင်ပ အစားအစာတွေ အထူးသဖြင့် လက်သုတ်တွေ၊ ချဉ်ဖတ်တွေ ရှောင်ပါ။ ၀မ်းပျက်မှာ စိုးလို့ပါ။ အရက်၊ ဘီယာ၊ကွမ်း၊ ဆေးလိပ် ရှောင်ပါ။ သောက်တတ်ရင် လျော့ပါ၊ ဖြတ်ပါ။ အစားအသောက်ကို ပုံမှန် စားသင့်ပါတယ်။ အဆာခံတာမျိုး အဆာလွန်မှ စားတာမျိုး မဖြစ်သင့်ပါဘူး။

တစ်ချို့က အားဆေးသောက်ဖို့ စိတ်အား ထက်သန်ကြပါတယ်။ ဒါပေမယ့် ဂျင်ဆင်းလို တိုင်းရင်းဆေးမြစ်တွေပါတဲ့ အားဆေးမျိုး မသောက်သင့်ပါဘူး။ သာမန် ဗိုက်တာမင်ပေါင်းစုံပါတဲ့ အားဆေးဆို လုံလောက်ပါတယ်။  အသေးစိတ်ကို  HIM ဆိုက်မှာ ရှာဖွေလေ့လာစေချင်ပါတယ်။

လေးစားလျက်
လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top