7
May

HIV ပိုးရှိတဲ့ လူနာတွေရဲ့သွေးနဲ့ ပုံနှိပ်ထားတဲ့ မဂ္ဂဇင်း

သြစတြီးယားနိုင်ငံမှာ ထုတ်ဝေတဲ့ အမျိုးသားမဂ္ဂဇင်း တစ်စောင်ဟာ ကြောက်စရာစိတ်ကူးလို့ ဆိုရမယ့် HIV ပိုး ကူးစက်ခံထားရတဲ့ သွေးနဲ့ ပုံနှိပ်ထားတဲ့ နောက်ဆုံးအမှတ်စဉ် မဂ္ဂဇင်းကို ထုတ်ဝေခဲ့ပါတယ်။ ဒါကတော့ AIDS ခုခံအားကျဆင်းတဲ့ ရောဂါကို ဖြစ်စေတဲ့ HIV ပိုးကူးစက်ခံလူနာတွေကို လူတွေက ရှောင်ဖယ်ကြတာကို တုံ့ပြန်လိုက်တဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။

“HIV ပိုးနဲ့ HIV ပိုးရှိနေတဲ့သူတွေကို  မနှစ်မြို့စရာလို၊ သိက္ခာကျစရာလို ဆက်ဆံတာမျိုးတွေကို ကျွန်တော်တို့ ဆန့်ကျင်ပါတယ်။ ခင်ဗျားတို့အနေနဲ့ ကျွန်တော်တို့ရဲ့နောက်ဆုံးထုတ် မဂ္ဂဇင်းကို ကိုင်လိုက်မယ်ဆိုရင် HIV ရောဂါပိုးရှိနေတဲ့ သူတစ်ဦးကို ကိုင်လိုက်တာမျိုးနဲ့ အတူတူပါပဲ။ မဂ္ဂဇင်းကို ကိုင်လိုက်လို့ ဘာမှ ဖြစ်လာမှာ မဟုတ်သလို HIV ပိုးရှိနေတဲ့သူကလည်း ခင်ဗျား ကိုင်လိုက်ရုံနဲ့ ဘာမှ ဒုက္ခပေးမှာ မဟုတ်ပါဘူး။” လို့ သြစတြီးယားမဂ္ဂဇင်း Vangardist ရဲ့ အယ်ဒီတာချုပ် ဂျူလီယန်ဝီးလ်က ဆိုပါတယ်။ Vangardist မဂ္ဂဇင်းကို ပုံမှန်အားဖြင့် ဒီဂျစ်တယ်ပုံစံနဲ့ ထုတ်ဝေတာ ဖြစ်ပေမယ့် နောက်ဆုံးထုတ် #HIV Heroes အထူးထုတ်ကိုတော့ HIV ပိုးကူးစက်ခံထားရတဲ့ ရောဂါရှင်သုံးဦး လှူ ဒါန်းထားတဲ့ သွေးတွေကို သာမန်မှင်နဲ့ ရောစပ်ပြီး ရိုက်နှိပ်ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။

အုပ်ရေပေါင်းသုံးထောင် ထုတ်ဝေတဲ့  Vangardist မဂ္ဂဇင်းအထူးထုတ်ကို ဂျာမန်-အင်္ဂလိပ် နှစ်ဘာသာနဲ့ ထုတ်ဝေတာ ဖြစ်ပြီး ရံပုံငွေအတွက် လှူဒါန်းလိုတယ်ဆိုရင် အွန်လိုင်းကနေ တစ်အုပ်ကို ယူရို ၅၀ နဲ့ ၀ယ်ယူနိုင်တယ်လို့ သိရပါတယ်။ နောက်ထပ် အရန်စာအုပ် ၁၅၀၀၀ ကိုလည်း အပိုအလျှံအနေနဲ့ ထုတ်ဝေထားပါတယ်။ စာအုပ်မှာ ရိုက်နှိပ်တဲ့ HIV ပိုးပါသွေးကို လှူဒါန်းခဲ့သူတွေထဲက တစ်ဦးဟာ လွန်ခဲ့တဲ့နှစ် ၂၀ ကတည်းက ပိုးကူးစက်ခံခဲ့ရတာ ဖြစ်ပြီး HIV ပိုးနဲ့ AIDS ရောဂါရှိနေတဲ့ ဗီယက်နမ်လူမျိုးတွေနဲ့ သူတို့ရဲ့ မိသားစုတွေ ပါဝင်တဲ့ PULSHIV အဖွဲ့ကို ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။

Planet - HIV ပိုးရှိတဲ့ လူနာတွေရဲ့သွေးနဲ့ ပုံနှိပ်ထားတဲ့ မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top