6
Dec

HIV ပိုးရှိ မိဘမဲ့ကလေးသူငယ်များအတွက် ဂေဟာ

ယခုအခါ AIDS ရောဂါဆိုးကြီးသည် လူ့အဖွဲ့အစည်းတွင် မိသားစုများစွာကို ရက်စက်စွာ ခွဲထုတ်ဝါးမြိုလျက်ရှိသည်။ လွန်ခဲ့သော နှစ်သုံးဆယ်ကျော် ကာလကတည်းက သန္ဓေ တည်လာသော HIV ရောဂါပိုးသည် မိမိတို့ ဝင်ရောက်ခိုကပ်နေသော သူများ၏ အသက်ဇီဝိန်ကို ဆွဲနှုတ်ယူငင်းသွားသောအခါ ၄င်းတို့၏ ကလေးငယ်များသည် လောကအလယ်တွင် သိမ်ငယ်စွာ ကျန်ရစ်ခဲ့ကြသည်။

ထိုကျန်ရစ်ခဲ့သော ကလေးငယ်များအနက် ရောဂါပိုးမရှိသူများကို ဆွေမျိုးညာတိများက သနားကြင်နာစွာ လက်ခံကြပါသည်။

သို့သော် ရောဂါပိုးရှိနေပြီးဖြစ်သော ကလေးငယ်များအတွက်မူ အခက်အခဲများစွာ ရှိနေပါသည်။ မိဘ နှစ်ဦးစလုံး AIDS ရောဂါဖြင့် ဆုံးပါးသွားသူများ၊ မိဘတစ်ဦး ဆုံးပါးသွားပြီး ကျန်တစ်ဦးမှာလည်း ရောဂါဝေဒနာ ခံစားနေရသဖြင့် ကလေးငယ်အား မစောင့်ရှောက်နိုင်တော့သော အခြေအနေသို့ ရောက်ရှိနေသူများ၊ အခြေအနေ အရပ်ရပ်ကြောင့် လက်ခံ စောင့်ရှောက်ထားရသော်လည်း ကလေးငယ်အပေါ် မနှစ်မြို့သဖြင့် ငြူစူမှု မျိုးစုံအောက်တွင် သိမ်ငယ်စွာ ခံစားနေထိုင်ကြရသူများ၊ အကြောင်းကြောင်းကြောင့် စောင့်ရှောက် မည့်သူမရှိသော သူများ - အစရှိသော ကလေးငယ်များအား မိဘမဲ့ ကလေးဂေဟာများတွင် ရောဂါကင်းစင်သော သာမာန် ကလေးငယ်များနှင့်အတူ ရောနှောထားလျှင်လည်း  မလိုလားအပ်သော ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများ ရရှိလာနိုင်ပါသည်။ ထို့ကြောင့် ကြင်နာစွာစောင့်ရှောက်သူ ကင်းမဲ့နေသော ရောဂါပိုးရှိသူ ကလေးများအတွက် မိသားစုသဖွယ် စောင့်ရှောက်မှု ပေးနိုင်သော သီးသန့်ဂေဟာတစ်ခု လိုအပ်လာပါသည်။

HIV ရောဂါပိုးကြောင့် ရောဂါ ဝေဒနာခံစားနေရသော ကလေးငယ်များနှင့် HIV ရောဂါပိုး၏ ဆိုးကျိုးများ သက်ရောက်မှုခံယူနေရသော ကလေးငယ်များ ( HIV Infected & affected Children ) ကို ကြင်နာစွာဖြင့် ၄င်းတို့၏ အသက်ရှင်နေနိုင်သမျှ ကာလ အပိုင်းအခြားတွင် မိသားစု အခွင့်အရေးများ တတ်နိုင်သမျှ အပြည့်အဝ ရရှိခံစားနေထိုင်နိုင်ရေးကို ရှေ့ရှူ့၍ ကိုယ်ချင်းစာတရား လက်ကိုင်ထားသောသူများ စုပေါင်းကာ တတ်နိုင်သမျှသော မတည်လှူဒါန်းငွေဖြင့် သစ္စဝေဒဂူ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး မရဟိတဂေဟာကို စတင် အကောင် အထည်ဖော်ခဲ့ကြပါသည်။ ရေရှည်တည်တံ့နိုင်ရန်အတွက် အများပြည်သူစေတနာရှင်များ၏ အလှူငွေများဖြင့် ဆက်လက်လည်ပတ် သွားမည်ဖြစ်ပါသည်။

ရည်ရွယ်ချက် ။    ။ HIV ပိုးဝင်ရောက်နေသော မိဘမဲ့ကလေးသူငယ်များအား စနစ်တကျ ပြုစု စောင့်ရှောက်၍ မိသားစုပုံစံဖြင့် ကြင်နာမှုပေးရန်။

လုပ်ငန်းစီမံချက် ။         ။ အလှူရှင်များက လှူဒါန်းသော အသင်းပိုင်မြေနေရာတွင် အဆောင်များ ဆောက်လုပ်ပြီး တစ်ဆောင်တွင် ကလေး (၁၀) ဦးခန့် ထားရှိစောင့်ရှောက်ရန်၊ အလှူငွေပေါ်မူတည်၍ အဆောင်အရေအတွက် တိုးချဲ့ဆောက်လုပ်ရန်။

လက်ခံမည့်ကလေးများ ။    ။ (၁) အမိအဖ နှစ်ဦးလုံးမရှိသော HIV ပိုးဝင်ရောက်နေသော ကလေးငယ်များ၊ (၂) အမိအဖ တစ်ဦးရှိသော်လည်း ဝေဒနာခံစားနေရ၍ ကလေးအား ပြုစုစောင့်ရှောက်နိုင်သည့် အခြေအနေမရှိသည့် HIV ပိုးရှိသည့် ကလေးငယ်များနှင့် (၃) အခြေအနေ အရပ်ရပ်ကို ထောက်ရှူ့၍ ပြုစုပျိုးထောင်ရန် လိုအပ်သည့် မိဘမဲ့ မဟုတ်သည့် HIV ပိုးရှိသည့် ကလေးငယ်များ။

အသက်ကန့်သတ်ချက် ။    ။ ( ၁ နှစ်ခွဲမှ ၁၂ နှစ်အထိ)

ဝန်ထမ်းရွေးချယ် ။        ။ လူမှုဝန်ထမ်း ကိစ္စများကို စိတ်ပါဝင်စား၍ ဆေးပညာတတ်မြောက်သောသူများ ခန့်ထားခြင်း၊ ဥပမာ - အငြိမ်းစား၊ သူနာပြု ဆရာမများနှင့် အခြား ဆေးပညာရှင်များကို အကြီးအကဲ အဖြစ် တာဝန်ထမ်းဆောင်စေခြင်း၊ သူနာပြု အကူများအား ကလေးများကို အနီးကပ် ကြည့်ရှူ့စေခြင်း၊ ဝန်ထမ်းငယ်များအဖြစ် သူနာပြုစုခြင်းနှင့် ကလေးသူငယ်စောင့်ရှောက်ခြင်းကို စိတ်ပါဝင်စားသောသူများ၊ HIV ပိုးဝင်ရောက် ပြီးဖြစ်သော်လည်း ကျန်းမာရေးကောင်းမွန်ပြီး လုပ်အားကို အပြည့်အဝ အသုံးချနိုင်သူများကို ခန့်ထားရန်။

ပြုစုစောင့်ရှောက်မှု ။        ။ ကလေးများ၏ စားဝတ်နေရေးအတွက် သန့်ရှင်း၍ အာဟာရပြည့်ဝသော အစားအစာများကို ဝန်ထမ်းများကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးစေခြင်း၊ နေရာထိုင်ခင်းနှင့် အဝတ်အထည် အသုံးအဆောင်များကို သန့်ရှင်းသပ်ရပ်စွာ စနစ်တကျ အသုံးပြုစေခြင်း စသော ကိစ္စရပ်များကို အမှုဆောင်အဖွဲ့မှ အလှည့်ကျသွားရောက် ကြီးကြပ်လမ်းညွှန့်ခြင်း။

ကျန်းမာရေး ။    ။ ကလေးများ၏ ကျန်းမာရေးကို ကျန်းမာရေး ဆိုင်ရာ ဝန်ထမ်းများက အချိန်ပြည့်ကြည့်ရှူ့ပြီး အမှုဆောင် အဖွဲ့ဝင်များ အပတ်စဉ် သွားရောက်ကြည့်ရှူ့ခြင်းနှင့် နေ့စဉ် (၂၄) နာရီ ကာလပတ်လုံး တစ်စုံတရာ ကျန်းမာရေး ချို့ယွင့်မှုရှိပါက အထူးကု ဆရာဝန်ကြီးများနှင့် ပြင်ပလူနာပြသခြင်း ဆေးရုံတင် ကုသခြင်းများ ပြုလုပ်ခြင်း။

ပညာရေး ။    ။ (၁) ကလေးများအား ပြင်ပ ပညာသင်ကြားရေးစနစ်ဖြင့် ဆရာ/ဆရာမများ ငှားရမ်း ပညာသင်ကြားခြင်းနှင့် အတန်းပညာရရှိစေရန်  ပရဟိတဂေဟာ များတွင် ဖွင့်လှစ်ထားရှိသော မူလတန်းကျောင်းများ၌ စားမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် ရရှိအောင် စီစဉ်ပေးခြင်း၊ (၂) လက်မှုလုပ်ငန်းနှင့် ပန်းချီပန်းပုစသော အနုပညာဝါသနာပါသော ကလေးများအား အရွယ်အလိုက် အသိဥာဏ် ဖွံ့ဖြိုးမှုနှင့် ကိုက်ညီသော ပညာသင်ကြားမှု ပြုလုပ်ပေးရန်နှင့် အသက်မွေးဝမ်းကျောင်းအတွက် သက်ဆိုင်ရာ ပညာရပ်များ သင်ကြား ပေးရန်၊ (၃) ကလေးများအားလုံးအတွက် ကျန်းမာရေးနှင့် ပျော်ရွှင်ရေးအတွက် သင့်တော်သော နေရာထိုင်ခင်များနှင့် ကစားနည်းများ ပြုလုပ်ပေးရန်။

တည်နေရာ ။    ။ သစ္စဝေဒဂူ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ သစ္စဝေဒဂူ မိုးကုတ်ဝိပဿနာ မဂ္ဂင်ဓမ္မရိပ်သာအနီး၊ ရေတံခွန်တောင်ခြေ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးမြို့။

မန္တလေး၊ သစ္စဝေဒဂူ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ အောက်ပါ ကြားခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက တစ်ဆင့် လှူဒါန်းနိုင်ပါသည်.......

လူမှုကူညီရေးအသင်းများ

ဗြဟ္မစိုရ်၊ နိဗ္ဗာန်သုခ၊ ချမ်းမြသုခ၊ အမရသုခ၊ ဘ၀အလင်း၊ အာရှအလင်းရောင်ဖောင်ဒေးရှင်း(ပြင်ဦးလွင်)၊ ရတနာ့မေတ္တာ

လူပုဂ္ဂိုလ်များ

ဦးထွန်းဦး (ထွန်းဦးစာပေ)
စာရေးဆရာ ညီပုလေး၊ ညီစေမင်း၊ ရွှေနောင်ရိုး
ဒေါက်တာဦးကိုလေး+ဒေါ်ခင်စောဦး (Oriental House, Mandalay)

MYANMAR POLITICAL NEWS, ART AND IDEA ဘလော့မှ " HIV ပိုးရှိ မိဘမဲ့ကလေးသူငယ်များအတွက် မန္တလေးမြို့၌ "သစ္စဝေဒဂူ သုခရိပ်မြုံ" လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ တည်ထောင်ကြောင်း မိတ်ဆက်ခြင်း၊ အလှူငွေလက်ခံခြင်းနှင့် အကြံပြုဆွေးနွေးခြင်း အခမ်းအနား "မှ ပြန်လည် ကောက်နုတ် ရေးသားဖော်ပြထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top