2
Jul

HIV ပိုး၊ ART ကုထုံး နှင့် ရေလိုက်ငါးလိုက်

ဘကြီးမှုန်။    ။ မောင်လမင်းကို မင်းကြားပြီးပြီလားကွဲ့။

လမင်းကို။    ။ဘာကိစ္စလဲ ဘကြီး၊ ၉၆၉ ကိစ္စလား၊ ၇၈၆ ကိစ္စလား။

ဘ။    ။ မင်းကွာ ငါက အဲဒါတွေကို လေကုန်ခံပြီး မပြောလိုဘူး။ မင်းတို့ အလုပ်နဲ့ ဆိုင်တဲ့ ART ကုထုံးကိစ္စ။ ခေတ်သစ်ဆရာဝန်ဖြစ်ပြီး ခေတ်ပေါ် ကုထုံးတွေကို မင်းသိထားရမပေါ့။

လမင်း။    ။ သြော်… ဘကြီးရယ် ဒါတော့ ကျနော် သိပါတယ်။ ကျနော့ လူနာတွေ အတွက် အမြဲ နားစွင့် နေရမယ့် ကိစ္စပဲ။

ဘ။    ။ ကဲ… ပြောစမ်းပါဦး၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဘာတွေ အဆန်းထွင်ပြန်တာတုံး။ အားတိုင်း ပြောင်းနေတာပဲ။ ငါတော့ဖြင့် လိုက်မမှီတော့ဘူး။

လမင်း။    ။ ဒါတော့ လူနာတွေ ကောင်းဖို့အရေး ကောင်းသထက် ကောင်းတဲ့ ကုထုံးတွေကို ပညာရှင်တွေက ရှာဖွေကြ လေ့လာကြရင်း အပြောင်းအလဲကို လုပ်ကြတာပါပဲ ဘကြီးရာ။ ပြောင်းလဲမှ တိုးတက်မှာပေါ့။ လိုက်မမှီစရာ မရှိပါဘူးခင်ဗျာ။ ဘကြီး အရင်က ART ကုထုံးအကြောင်း ဘာတွေ သိထားသလဲ။ အခု အပြောင်းအလဲက အများကြီး မရှိပါဘူး။

ဘ။    ။ အေး.. ငါသိထားတာကတော့ စီဒီဖိုး (CD4) အရေအတွက် ၃၅၀ နဲ့ အောက်ရှိနေရင် လူနာကို ART ကုထုံး စပေးရမယ် ဆိုလားပဲ။ အဲဒါဟုတ်လား။

လမင်း။    ။ အဲဒါ ၂၀၁၀ ခုနှစ်က ညွှန်ကြားချက်ပါ ဘကြီး။ အခု ၂၀၁၃ မှာ CD4 အရေအတွက် ၅၀၀ နဲ့ အောက်ရှိရင် ART ကုထုံး စတင်ဖို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက တိုက်တွန်းထားပါတယ်။

ဘ။    ။ ဟေ….. များလှ ချည်လားကွာ။ CD4 ၅၀၀ မှာ ဘာလို့ ကုထုံးစပေးသင့်တာလဲ… ဆိုစမ်းပါဦး။

လမင်း။     ။ ဟုတ်တယ် ဘကြီးရေ… HIV ပိုးရှိတဲ့ လူနာတွေမှာ CD4 အရေအတွက်ကို ကြည့်ပြီး ဆရာဝန်တွေက ကုသမှုကို ထိန်းညှိကြရတာ များတယ်လေ။ CD4 ၅၀၀ နဲ့အောက်မှာ ကုသမှု စတင်ရင် လူနာတွေ အတွက် အသက်ရှင်သန်မှု၊ ကျန်းမာမှုတို့နဲ့ အတူ မလိုလားအပ်တဲ့ အခွင့်ကောင်းစောင့် ရောဂါရန်တွေက ဝေးခြင်း၊ သူတစ်ပါးကို ကူးစက်မှု လျော့နည်းခြင်း … စတဲ့ ကောင်းကျိုးတွေ ရမယ်လေ။

ဘ။    ။ အော်.. ဒါဆို ၂၀၁၀ ကတည်းက ဘာလို့ CD4 ၅၀၀ နဲ့ အထက်မှာ ကုထုံးစပါလို့ မပြောခဲ့တာလဲကွာ။

လမင်း။    ။ ဒါက ဒီလိုရှိတယ် ဘကြီးရ။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက ဆင်းရဲတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အတွက် အထူးစဉ်းစားပြီး သုတေသန အထောက် အထားတွေနဲ့ တကွ ဒီလို ကုထုံးတွေကို ပြောင်းလဲဖို့ ပြောတာ ပါ။ ဒီလို ဆင်းရဲတဲ့ နိုင်ငံတွေမှာ ဆေးဝါး ရရှိနိုင်မှု၊ နိုင်ငံတကာက အလှူရှင်တွေရဲ့ ငွေလှူဒါန်းမှုအား၊ အစိုးရရဲ့ ကျန်းမာရေး စောင့်ရှောက်ပေးနိုင်မှု အားတွေကိုလည်း ထည့်တွက် ရတယ်လေ။ ၂၀၁၀ တုန်းက တိုက်တွန်း ချက်ကို ကမ္ဘာ့နိုင်ငံတွေရဲ့ ၉၀% က လိုက်နာနိုင် တာလည်း တွေ့ရတယ်လေ။ အခု ၂၀၁၃ မှာ အလှူရှင်တွေကလည်း ပါဝင်မယ်၊ အစိုးရတွေကလည်း ကျန်းမာရေး စောင့်ရှောက်မှုတွေ ပိုမိုကောင်းမွန်အောင် တိုးမြှင့် လာမယ်ဆိုတော့ CD4 ၅၀၀နဲ့ အောက်မှာ ကုထုံးစဖို့ တိုက်တွန်းတာလည်း ဖြစ်တယ် အဘရဲ့။ သူတို့ တိုက်တွန်းတဲ့ အတိုင်း နိုင်ငံတွေက လိုက်နာမယ်ဆိုရင် HIV လူနာတွေ အတွက် ထူးခြားတဲ့ ကျန်းမာရေး ရလဒ်တွေကို တွေ့ရ ပါလိမ့်မယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီးက မွှန်းထားသေးတယ်ဗျ။

ဘ။    ။ အေး..တယ်လည်း ဆန်းသကိုး။

လမင်း။     ။ဆန်းဆို ၂၀၁၃ တိုက်တွန်း ညွှန်ကြားချက်က ဒီ့ထက် ဆန်းတာရှိသေးတယ်ဗျ။

ဘ။    ။ဟေ..ဟုတ်လား။

လမင်း။    ။ ဟုတ်တယ် အဘရဲ့။ ၂၀၁၃ ကုထုံးမှာ HIV ပိုးရှိတဲ့ အသက် (၅) နှစ်အောက်အရွယ် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတွေ၊ နို့တိုက် မိခင်တွေ၊ ကြင်ဖက်နှစ်ဦးမှာ တစ်ဦးက ပိုးမရှိဘဲ ကျန်တစ်ဦးက ပိုးရှိနေသူ အားလုံးကို CD4 အရေအတွက်ကို မကြည့်နေဘဲ ART ကုထုံး စတင်ပေးဖို့ပါ တိုက်တွန်း ထားသေးတယ်လေ။ ဒါ့အပြင် တီဘီရောဂါ လက်ရှိဖြစ်နေသူ လူနာတွေ၊ အသည်းရောင် အသားဝါ ဘီပိုးရှိတဲ့ လူနာတွေကိုပါ ART ကုထုံး စတင်ပေးဖို့လည်း တိုက်တွန်းထားပါသေးတယ်။

ဘ။    ။ အေး.. ဒါလည်း လူနာ အားလုံးအတွက် ART ကုထုံးကို ပေးနိုင်ရင် အကောင်းဆုံးပေါ့ကွာ။

လမင်း။    ။ ဟုတ်တယ် အဘရေ။ ART ကုထုံးသောက်နေတဲ့ လူနာတွေကိုလည်း တစ်နေ့ တစ်ကြိမ်သာ သောက်ရတဲ့ ဆေးတွေကို ပုံမှန် သောက်သုံးဖို့ ၂၀၁၃ တိုက်တွန်းချက်မှာ ထပ်ပြီး ပြောထားသေးတယ်လေ။

ဘ။    ။ သြော်.. အရင်ကဆေး (၃) မျိုး သောက်ရတယ်လေ။ အခု တစ်လုံးတည်းဆိုတော့ ဘယ်လိုမျိုးလဲကွယ်။

လမင်း။    ။ အခုဆေးက tenofovir + lamivudine (or emtricitabine) + efavirenz (TDF+3TC (or FTC)+EFV ဆေး (၃) မျိုးကို ဆေးတစ်လုံးတည်းမှာ ပေါင်းထားတာပါ။ တစ်နေ့ တစ်ကြိမ်ပဲ သောက်ရတော့ ဆေးသောက်ရတဲ့ လူနာအတွက်လည်း သက်တောင့် သက်သာဖြစ်တယ်၊ ဘေးထွက် ဆိုးကျိုး နည်းနည်းပါးစေတယ်လေ။

ဘ။    ။အော်..တယ်လည်း ကောင်းတဲ့ ပြောင်းလဲမှုတွေပဲကွယ်.. အားလုံးအတွက် အကောင်းဘက်ကို ဦးတည်နေတာပေါ့။

လမင်း။    ။ အားလုံးလို့တော့ ပြောလို့မရသေးဘူး အဘရ။ ဒီလို ကုထုံးပြောင်းလဲပေမယ့် စိန်ခေါ်မှု အနည်းငယ်တော့ ရှိတယ်ဗျ။

ဘ။    ။ ဘယ်လို လူမျိုးတွေ အတွက်လဲ ငါ့မြေးရ။

လမင်း။    ။ ဒီ ART ကုထုံးပြောင်းလဲမှုက ကလေးငယ်တွေ၊ မူးယစ်ဆေးဝါး ထိုးသွင်း သုံးစွဲသူတွေ၊ လိင်တူခြင်း ချစ်သူ အမျိုးသား/အမျိုးသမီးတွေနဲ့ လိင်လုပ်သားတွေ အတွက်တော့ ဥပဒေရေးရာ၊ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စတွေက သူတို့ကို ART ဆေးရနိုင်မှု အခွင့်အလမ်း နည်းပါးစေတယ်လေ။ ဆေးသောက်လက်စ တစ်ဝက်တစ်ပျက်နဲ့ ကုထုံး မပြီးမြောက်တဲ့ လူတွေ အတွက်လည်း စိန်ခေါ်မှုလေးတွေ ရှိနေတယ် အဘ။

ဘ။    ။ အေး.. ဒါတွေကိုတော့ မင်းတို့ ဆရာဝန်တွေနဲ့ ၀န်ဆောင်မှုပေးတဲ့ သူတွေက လူနာတွေကို စည်းရုံးပြီး ART ကုထုံးမှာ အားလုံး ပါဝင်ရေး ကြိုးပမ်းကြပေါ့ကွာ။

လမင်း။    ။ ကျနော်တို့တင် မဟုတ်ဘူး အဘ။ နိုင်ငံတော်ကလည်း ဖြည့်ဆည်းပေးရမယ့် အပိုင်းတွေ ရှိတယ်ဗျ။

ဘ။    ။ ဟေ…တယ်ဆိုတဲ့ စာပါလား။ လုပ်စမ်းပါဦး။

လမင်း။    ။ ဒီလိုဗျာ… အခု ကုထုံး အသစ်ကို နိုင်ငံတော်ကနေ အမျိုးသား ကျန်းမာရေး မူဝါဒအဖြစ် ချမှတ်ရင် မြန်မာနိုင်ငံက HIV လူနာ အားလုံးအတွက် ပိုကောင်းတာပေါ့ဗျာ။ နိုင်ငံတော် ကနေ နိုင်ငံတကာ အလှူရှင်တွေနဲ့ ပူးပေါင်းပြီး ကုထုံး အသစ်နဲ့ HIV လူနာတွေကို ကုပေးမယ်၊ နိုင်ငံရဲ့ လက်ရှိ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်းကို တိုးမြှင့်ပေးနိုင်မယ်ဆို ပိုပြီး ကောင်းမွန်တဲ့ ကျန်းမာရေး ရလဒ်တွေကို ကျနော်တို့ အားလုံး မျက်ဝါးထင်ထင် တွေ့ရမှာလေ။ ဒါ့အပြင် ကျနော်တို့ လူထုနဲ့ ကိုက်ညီမယ့် HIV ဆိုင်ရာ သုတေသနတွေ လုပ်ပေးနိုင်မယ်ဆို ပိုကောင်းတဲ့ ကုထုံးတွေကို ရှာဖွေနိုင်မယ်ဗျာ။

ဘ။    ။ အေး.. အစိုးရ ပိုင်းကတော့ ထားပါတော့ မောင်လမင်းကရော ဘာတွေ လုပ်ဦးမှာလဲ။

လမင်း။    ။ ကျနော်လား… ဒီလို ကုထုံးပြောင်းလဲမှုကို ကျနော်တို့ရဲ့ လူနာတွေ၊ HIV/AIDS နဲ့ ဆက်နွယ်ပြီး လုပ်ကိုင်နေကြတဲ့ လုပ်ဖော် ကိုင်ဖက်တွေနဲ့ အများပြည်သူတွေ သိရှိလာအောင် သတင်း ဆောင်လိုက်ဦးမယ် အဘရေ။ ပြောနေကြာတယ် အခုပဲ အီးမေးလ်လေးနဲ့ ပို့လိုက်မယ်ဗျာ။

Ref:    1. WHO issues new HIV recommendations calling for earlier treatment
2. 15 facts on HIV treatment scale-up and new WHO ARV guidelines 2013

လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top