HIV ဆိုတာနဲ့ သွေးစစ်တာ၊ သွေးထဲပါဝင်တဲ့ ပိုးပမာဏ ဘယ်လောက်ရှိလဲ ဆိုတာတွေ မစစ်ဘဲ ARV ဆေးသောက်ခိုင်းတဲ့ ဆရာဝန်တချို့ ရှိနေတယ်လို့ သိရပါတယ်။အခုလိုမျိုးလုပ်တာ နယ်ဘက်က ပြင်ပဆေးခန်းထိုင်တဲ့ ဆရာဝန်တွေများတယ်လို့ HIV နှစ်သိမ့်ဆွေးနွေး ပညာပေးနေတဲ့ HIV Hotline Initiative Group ရဲ့ တာဝန်ခံ ကိုဝဏ္ဏက ပြောပါတယ်။
“အဓိက ကျနော်တို့ဆီကိုရောက်လာတဲ့ နယ်ဘက်ကဆေးခန်းတွေပေါ့။ အမျိုးသား HIV Positive ဆိုတာနဲ့ မိန်းမကိုမစစ်တော့ဘဲနဲ့ သူတို့ARV ဆေး တန်းပြီးတော့ သောက်ခိုင်းလိုက်တယ်။ တချို့ လူနာတွေဆိုလည်း သွေးထဲပါဝင်တဲ့ စီပိုးပမာဏကို မစစ်တော့ဘဲ တန်းပြီးတော့ သောက်ခိုင်းလိုက်တယ်။ အဲ့ဒါမျိုးတွေက ကျနော်တို့ဆီ ရောက်ရောက်လာတဲ့ထဲမှာတွေ့ရတယ်။ အဲ့ဒီ့တော့ လူနာတွေဘက်က အရမ်းကို နစ်နာတယ်ပေါ့နော်။”
ARV ဆေးဆိုတာ အင်မတန်ဈေးကြီးတယ်မဟုတ်လား။ အဲဒီလိုအလွယ်တကူ သောက်ခိုင်းလိုက်တော့ လူနာရှင် တွေဘက်က သောက်တာပဲလား၊ သူတို့ကဘယ်လိုသောက်လဲ။
“ကျနော်တို့ ကိုယ်တိုင်ကလည်း ဘာပဲဖြစ်ဖြစ် ဖြစ်ပြီဆိုကတည်းက ပျောက်ချင်ကြတယ်လေ။ ပျောက်ချင်တဲ့ဇောနဲ့ ကိုယ့်မှာရှိတာ မရှိတာအပထား လောလောဆယ်ဝယ်သောက်လိုက်ကြတယ်။ နောက်ပိုင်းသာ သူတို့သောက်နိုင် မသောက်နိုင်ဆိုတာ အဲ့ဒါသူတို့ မစဉ်းစားဘူး။ လောလောဆယ်တော့ သူတို့ ဘာပဲဖြစ်ဖြစ် သောက်ခိုင်းလိုက်တယ် ဆိုကတည်းက သူတို့ဝယ်သောက်ကြတယ်။”
နောက်တခုက သူတို့က ဘယ်လိုကြောင့် ဆုံးဖြတ်ပြီး အဲ့လိုဖြစ်တယ်လို့ ကိုဝဏ္ဏ မြင်လဲဗျ။
“ကျနော့်ရဲ့ အထင်ကတော့ ဆေးကုမ္ပဏီတွေက သူတို့ရဲ့ဆေးကြော်ငြာ တွေဝင်တယ်။ သူတို့ရဲ့ ဆေးတွေဖြုန်းပေးဖို့။ အဲ့လိုမျိုးတွေ ထင်တဲ့အခါကျတော့ Positive ဖြစ်တာနဲ့ ဒီဆေးကို သောက်ခိုင်းလိုက်တာပဲ။ဒီ ARVဆေးရဲ့ ကုထုံးကိုလည်း သူတို့ ကောင်းကောင်းမွန်မွန်နဲ့ ကျယ်ကျယ်ပြန့်ပြန့် သိပုံမရဘူး။ ဒီဆေးကို right time သောက်ရမယ်ဆိုတာလည်း သူတို့မ
ပြောဘူး။ လူနာကို တနေ့ နှစ်ကြိမ်သောက်ဆိုပြီး အဲ့လိုပဲပေးလိုက်တာပဲ။ ဒီနစ်နာမှုဖြစ်တယ်ဆိုတာက right time မဖြစ်တဲ့အတွက် ဒီဆေးရဲ့ ယဉ်ပါးမှုတွေဖြစ်လာပြီး နောက်ဆေးတမျိုး ထပ်ပြောင်း ရမယ်ဆိုတာမျိုးတွေ ဖြစ်လာနိုင်တယ်။”
ဆရာဝန်တွေရဲ့အားနည်းချက်ကြောင့် ဒီလိုဆေးတွေ မလိုအပ်ဘဲ ဆေးတွေတိုက်တဲ့အခါ ဖြစ်လာနိုင်တဲ့ အကျိုးဆက် ကိုဝဏ္ဏတို့ တွေ့မြင်နေရသလောက် ဘယ်လောက် အန္တရာယ်ကြီးသလဲ။
“ဥပမာ သက်တမ်းပြည့် နေရမယ့် လူတယောက်က ၄၊ ၅၊ ၁၀ နှစ်လောက်နဲ့ သူရဲ့ ဆေးမတိုးမှုတွေ ရသွားပြီးတော့ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်သွားနိုင်တာပေါ့နော်။ အမှန်မှန်ဆို ဒီလူတယောက်က ပုံမှန်ဆို ဒီဆေးနဲ့ သက်တမ်းပြည့် နေသွားလို့ရတဲ့အခါမှာ ဒီဆေးကို ရှင်းပြမှုမရှိဘူး၊ ဒီဆေးကို right time တနေ့ကို နှစ်ကြိမ်လောက် သောက်လို့တော့ သူတို့
ပြောလိုက်တယ်။ ဒါပေမယ့် ဒီလူဟာ နိုးတဲ့အချိန်သောက်တယ် သတိရတဲ့ အချိန်သောက်တယ်။ အဲ့ချိန်ကျတော့ ဒီဆေးက ဆေးမတိုးမှုတွေ ဖြစ်သွားတာပေါ့နော်။ ဆေးမတိုး တော့တဲ့အခါမှာ နောက်ဆေးတမျိုးကိုတင်တဲ့အခါမှာ ဈေးကြီးမှုလည်းတွေ့ရမယ်၊ သူ့အတွက်လည်း ဆုံးရှုံးနစ်နာမှုတွေ အများကြီးဖြစ်သွားတာပေါ့။ သက်တမ်းကအစ အဲ့လိုဖြစ် သွားနိုင်တာပေါ့။”
ဝေဒနာသည်ရဲ့ သက်တမ်း ပိုတိုတောင်းသွားနိုင်တာပေါ့နော်။
“ဟုတ်ပါတယ်”
ဒီလိုမျိုးတွေ ဖြစ်နေတာက ဘယ်လိုအဖြေရှာကြရင် ကောင်းမလဲ။ ကိုဝဏ္ဏတို့က လက်တွေ့မှာ ကွင်းဆင်းလုပ်နေတဲ့ သူတွေဆိုတော့ နည်းနည်းလောက်ပြောပြပါလား။
“အဓိကကတော့ အထွေထွေရောဂါကုဆေးခန်း ဖွင့်ထားတဲ့ ဆေးခန်း ဆရာဝန်တွေကို HIV/AIDS နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ကြီးတွေကနေပြီးတော့ သင်တန်းပေါ့နော်။ အဲ့လိုမျိုးလေးတွေ လုပ်မယ်ဆိုရင်တော့ အရမ်းကို အဆင်ပြေမယ်လို့ ကျနော်တို့က ထင်တယ်လေ။ ARV နဲ့ ပတ်သက်တဲ့ သင်တန်းလေးတွေ ခေါ်ပေးပြီးတော့မှ သေသေချာချာ တိတိကျကျလေး ကုထုံးလေးတွေမှန်ကန်အောင် လုပ်ပေးလိုက်ရင်တော့ အရမ်းအဆင်ပြေသွားမယ်လို့ ကျနော်တို့က ထင်တယ်။”
ရန်ကုန်က အစိုးရဆေးရုံနှစ်ရုံမှာ ARV ဆေး တိုက်ကျွေးနေပေမယ့် ဆေးမလုံလောက်တာကြောင့် အလှည့်ကျစောင့်ရတယ်လို့ ဆိုပါတယ်။
"ပြင်ပမှာဝယ်သောက်ရင် ပထမအဆင့်ဆေး တလစာကို ဆေးအမျိုးအစားပေါ် မူတည်ပြီး ကျပ်သုံးသောင်းကနေ ကျပ်ခုနှစ်သောင်းထိ ပေးရပြီး ဒုတိယအဆင့် သောက်ရတဲ့ဆေးက တလစာကို ကျပ်နှစ်သိန်းလောက်ထိ ပေးဝယ်သောက်ရတယ်လို့လည်း သိရပါတယ်။"
ရွှေအောင်
ဒီဗီဘီ - HIV ပိုးပမာဏကို မစစ်ဆေးဘဲ ARV ဆေး သောက်ခိုင်း




