ငွေသတ္ထုမှရရှိတဲ့ နာနိုအမှုန်နဲ့ ပြုလုပ်ထားတဲ့ မိန်းမကိုယ်လိမ်းခရင် တစ်မျိုးဟာ HIV ဗိုင်းရပ်ပိုး ကူးစက် နိုင်ခြင်းကို ကာကွယ်ပေးနိုင်ကြောင်း သုတေသန တစ်ခုမှာ ဖော်ပြထားပါတယ်။ အဲဒီခရင်ကို အသုံးပြုပြီး မိနစ်ဝက် အတွင်းမှာ အစွမ်းပြမှာ ဖြစ်ပြီး ၇၂ နာရီကြာ အာနိသင် ရှိတယ်လို့ သိရပါတယ်။
တွေ့ရှိခဲ့တဲ့ Texas တက္ကသိုလ်မှ သုတေသီတွေဟာ ငွေနာနိုအမှုန်က လူ့ကိုယ်ခန္ဓာထဲကို HIV ပိုးဝင်ရောက်ခြင်းမှ ကာကွယ်နိုင်တယ်လို့ ဆိုထားပါတယ်။ ခရင်ကို လူသားတွေ ရဲ့ တစ်ရှုးနမူနာတွေမှာ စမ်းသပ်ခဲ့ပြီး သားအိမ်ခေါင်း အချွဲမြှေးထဲကို ဗိုင်းရပ်ပိုး မကူးစက်နိုင်တာကို သက်သေပြနိုင်တယ်လို့ ဖော်ပြထားပါတယ်။ မိန်းမကိုယ်မှာ လိမ်းရမှာဖြစ်ပေမယ့်လည်း ဗိုင်းရပ်ရဲ့ အစွမ်းကို နှိမ်နင်း နိုင်စွမ်းတွေရှိနေပြီး လိင်ဆက်ဆံဖက်ကိုပါ ကာကွယ်မှုပေးနိုင်တယ်လို့ သုတေသီ Lara Villegas က ပြောဆိုထားပါတယ်။
“ပုံမှန်အားဖြင့် HIV ဆေးဝါး တွေဟာပိုးရဲ့ ပွားများနိုင်မှုကို တားဆီးပေးတာဖြစ်ပါတယ်။ ဒီခရင်မှာကတော့ နာနိုအမှုန်တွေဟာ ဗိုင်းရပ်ပိုးထဲကို ထိုးဖောက် ၀င်ရောက် နိုင်ပြီး ဆဲလ်ထဲကို ဗိုင်းရပ်ပိုးမ၀င် နိုင်အောင် တားဆီးပေးနိုင်ပါတယ်” လို့ ယင်းက ဆက်လက် ရှင်းပြခဲ့ပါတယ်။ နာနိုရဲ့ ဗိုင်းရပ်ပိုးကို နှိမ်နင်း နိုင်စွမ်းကို ဖော်ထုတ်နိုင်ခဲ့ပေမယ့် လူ့ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်မှုကိုတော့ ဆက်လက်လေ့လာနေပါတယ်။ HIV အပြင် သားအိမ်ခေါင်း ကင်ဆာရောဂါ ဗိုင်းရပ် ကူးစက်မှုကိုလည်း ငွေသတ္ထုနာနိုအမှုန်က တားဆီးပေးနိုင်တယ်လို့ သိရှိရပါတယ်။
သက်နှင်း
ref;PTI
Health Updates Journal
Ygn News - HIV ပိုး ကူးစက်ခြင်းကို ကာကွယ်ပေးနိုင်မယ့် ကိုယ်လိမ်းခရင်




