5
Apr

HIV ပိုး ကူးစက်နှုန်း လျှော့ချရန် မြန်မာနှင့် ဒေသတွင်း နိုင်ငံများကို စင်ကာပူနှင့် ဖိလစ်ပိုင် တိုက်တွန်း

အာဆီယံဒေသတွင်း နိုင်ငံများတွင် HIV ပိုး ကူးစက်မှုနှုန်း မြင့်မားသော မြန်မာ အပါအဝင် ဒေသတွင်း နိုင်ငံအချို့ကို HIV/AIDS ကူးစက်နှုန်း လျှော့ချရေးနှင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးအတွက် ဧပြီ ၄ ရက်နေ့ (၁၁) ကြိမ်မြောက် အာဆီယံ လူမှုရေး၊ ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ (ASCC) ဝန်ကြီးအဆင့် အစည်းအဝေးတွင် စင်ကာပူနှင့် ဖိလစ်ပိုင်နိုင်ငံတို့၏ ASCC ဝန်ကြီးများက တိုက်တွန်း ပြောကြားသည်။

ယင်းအစည်းအဝေးကို နေပြည်တော်၊ Grand Amara Hotel တွင် ကျင်းပခဲ့ပြီး စင်ကာပူ၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် မလေးရှား နိုင်ငံတို့မှ ASCC ဝန်ကြီးများ တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံ အပါအဝင် အာဆီယံဒေသတွင်း နိုင်ငံများတွင် HIV နှင့် ပတ်သက်သော ဗဟုသုတများ ပြန့်ပွားစေရန် စင်ကာပူနိုင်ငံက ဦးဆောင်ပြီး ယခုနှစ် ဖေဖော်ဝါရီတွင် ဒေသတွင်းအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ထားပြီး ဖြစ်၍ ယင်းမှတစ်ဆင့် နိုင်ငံအလိုက် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း စင်ကာပူနိုင်ငံ ASCC ဝန်ကြီး Mr.Chan Heng Kee က ထုတ်ဖော် ပြောကြားသည်။ အဆိုပါ ပညာပေး အစီအစဉ်များ အတွက်လည်း စင်ကာပူနိုင်ငံက ထောက်ပံ့မှုများ ပေးထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“HIV ပြဿနာက ကျန်းမာရေး ပြဿနာတင်မကဘူး။ လူ့အခွင့်အရေးနဲ့လည်း သက်ဆိုင်တယ်။ တစ်ဦးနဲ့တစ်ဦး လေးစားမှုရှိမှ ခွဲခြားဆက်ဆံမှု ပျောက်မှာ” ဟု ဖိလစ်ပိုင်နိုင်ငံ၏ ASCC ဝန်ကြီး Ms.Corazon Victoria Juliano-Soliman က ပြောကြားသွားသည်။

HIV ပိုး ရှိသူများအပေါ် ပြည်သူလူထု၏ သဘောထားများ ပြောင်းလဲမှသာ ခွဲခြားဆက်ဆံမှု လုံးဝ ပပျောက်မည် ဖြစ်ပြီး ရောဂါပိုး ကူးစက်နှုန်းလည်း ကျဆင်းမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ မြန်မာနိုင်ငံသည် အာဆီယံ ဒေသတွင်း နိုင်ငံများ အကြား ဒုတိယမြောက် HIV ပိုး ကူးစက်နှုန်း အမြင့်ဆုံး နိုင်ငံဖြစ်ပြီး ကုလသမဂ္ဂ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး (UNAIDS) ၏ ခန့်မှန်းချက်အရ လူဦးရေ နှစ်သိန်းကျော်နီးပါး HIV ပိုး ကူးစက်ခံထားရသည်။

၂၀၁၁ ခုနှစ်က HIV/AIDS ကြောင့် သေဆုံးသူများတွင် မြန်မာနိုင်ငံက ၁၆,၀၀၀ ဦး၊ ထိုင်းနိုင်ငံက ၂၃,၀၀၀ ဦးနှင့် ဗီယက်နမ်နိုင်ငံက ၁၁,၀၀၀ ဦးနီးပါး သေဆုံးခဲ့ကြောင်း နိုင်ငံတကာ အဖွဲ့အစည်း AVERT (AVERTing HIV and AIDS) က ထုတ်ပြန်ထားသည်။

ယင်းကြောင့် ကျန်းမာရေး ဝန်ကြီးဌာန၊ အမျိုးသား ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံချက်က ၂၀၁၄ ခုနှစ်တွင် HIV/AIDS နှင့် နေထိုင်သူ ၇၆,၀၀၀ ကျော်ထိ ခုခံအား မြှင့်တင်ပေးသော ART ဆေးဝါးများ ပံ့ပိုးပေးရန် စီစဉ်ထားကြောင်း အဆိုပါ စီမံချက်ထံမှ စုံစမ်းသိရှိရသည်။

နေပြည်တော်၊ ဧပြီ ၎

The Voice WeeklyHIV ပိုး ကူးစက်နှုန်း လျှော့ချရန် မြန်မာနှင့် ဒေသတွင်း နိုင်ငံများကို စင်ကာပူနှင့် ဖိလစ်ပိုင် တိုက်တွန်း

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top