1
Jan

HIV ပိုး ရှိမရှိ သေချာစေလို (အမေးအဖြေ) (၆)

မေး။    ။ ကျွန်မ လွန်ခဲ့တဲ့ ၅ နှစ်တုန်း က ရည်းစားနဲ့ အတူ အကာအကွယ်မဲ့ ဆက်ဆံဘူးပါတယ်။ အဲ့ဒီ ရည်းစားက နောက် ၆လ လောက်မှာ AIDS နဲ့ ကွယ်လွန်သွားပါတယ်။ အဲဒီတုန်းက ကျွန်မ သွေးစစ်ပါတယ်။ negative လို့  အဖြေ ထွက်ပါတယ်။ နောက် ၆ လမှာ ထပ်စစ်ပါတယ်။ negative ပဲထွက်ပါတယ်။ နောက် တနှစ် တခါ ထပ်စစ်ပါတယ်။ အခု ၅ ကြိမ်ရှိသွားပါပြီ အဖြေက negative ပါပဲ။ ဒီကြား ထဲမှာလဲ မည်သူနဲ့မှ လိင်ဆက်ဆံမှု မပြုပါဘူး။ ပြီးခဲ့တဲ့ ၆ လ လောက်မှာ နောက်လက်ထပ်မယ့် သူရှိလာပါတယ်။

သူနဲ့လည်း ဆက်ဆံဘူးပါတယ်။ သူက ဒီအကြောင်းတွေ မသိပါဘူး။  နောက်ဆုံး သွေးစစ်တာ November လကပါ။ အဖြေက အတူတူပါပဲ အခု ကျွန်မ December လထဲမှာ ၃ ခါ ရှိပြီ ဝမ်းလျော နေပါတယ်။ တကယ်လို့  အိမ်ထောင်ပြုမယ် ဆိုရင် ဘယ်လို လုပ်ရမလဲ။ သူ့ကိုလည်းဖွင့် မပြောရဲပါဘူး။ ဘယ်သူနဲ့ တိုင်ပင် ဆွေးနွေးရမှန်းလည်း မသိပါဘူး။ ကျေးဇူးပြုပြီး အကြံပြု ဆွေးနွေးပေးစေ လိုပါတယ်ရှင်။

ဖြေ။    ။ နောက်ဆုံး အကြိမ်သွေးစစ်တာ ဘယ်နေရာမှာ စစ်ခဲ့တာလဲဆိုတာ သိပါရစေ။ သာမန်အားဖြင့် HIV ပိုးကို သွေးစစ်တာ မှန်ကန်မှုရှိပါတယ်။ ဆိုလိုတာက Negative ဆိုတာ ၁၀၀ မှာ ၉၉% မှန်တယ်။ ပိုးရှိသူကို Negative ဆိုပြီးပြဖို့ အလွန် ခဲယဉ်းလွန်းပါတယ်။

အခုဝမ်းလျောတာက အစားအသောက်ကြောင့် ဖြစ်မယ်ထင်ပါတယ်။ အခုအခါ ဆောင်းရာသီနဲ့ နွေရာသီစပ်ကြားမှာ ၀မ်းပျက်ဝမ်းလျှော ဖြစ်တတ်ကြပါတယ်။ တခြားလက္ခဏာတွေ ဥပမာ - ကိုယ်အလေးချိန်ကျတာ၊ ညနေဘက် နာတာရှည်ဖျားတာ၊ အကြိတ်ပေါက်တာ စတာတွေ မရှိတဲ့ အတွက် HIV လို့ မပြောနိုင်သေးပါဘူး။ သွေးအဖြေကလည်း Negative ဆိုတော့ ပိုးမရှိတာ သေချာပါတယ်။

လက်ရှိချစ်သူနဲ့ အိမ်ထောင်ပြုမယ်ဆိုတော့ အရင်က အချစ်ဇာတ်လမ်းတွေကို ပြောဖို့/ မပြောဖို့က ချစ်သူအပေါ် မူတည်ပါတယ်။ ကိုယ့်ချစ်သူက သဘောထားကြီးစွာနဲ့ အရင်ချစ်သူနဲ့ မှားခဲ့တာကို ခွင့်လွတ်နိုင်ရင်တော့ ပြောပြထားစေချင်တယ်။ ဒါမှမဟုတ် ချစ်သူက အရမ်း စိတ်ထိခိုက် လွယ်တတ်သူဆိုရင်တော့ မပြောတာ ပိုကောင်းပါလိမ့်မယ်။

လူဆိုတာ အမှားနဲ့ကင်းတဲ့လူတွေ မဟုတ်ကြဘူးလေ။ ချစ်သူအပေါ် ကိုယ်က ဘယ်လို ပွင့်လင်းစွာ ဆက်ဆံပြောဆိုမလဲ (သို့) ချစ်သူရဲ့ ယုံကြည်မှုကို ဘယ်လို တည်ဆောက်မလဲဆိုတာကတော့ ကာယကံရှင်ရဲ့ သဘောပါ။ အခုလောက်ဆို ပြောသင့် မပြောသင့် နားလည်လောက်ပြီ ထင်ပါတယ်။

ဝမ်းလျှောနေတာကို နီးစပ်ရာ ဆရာဝန်နဲ့ သေသေချာချာပြစေချင်ပါတယ်။ လိုအပ်ရင် ၀မ်းကို ဓာတ်ခွဲခန်းမှာ စစ်ဆေးစေချင်ပါတယ်။ ဥပမာ ၀မ်းကိုက်ပိုးရှိရင် မကြာခဏ ၀မ်းလျှောတတ်ပါတယ်။ အပြင်စာတွေကို တတ်နိုင်သလောက်ရှောင်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေကို ရွေးစားဖို့ တိုက်တွန်းပါရစေ...

မေး။    ။ ကွုန်တော် အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာ ၂ လခွဲပြည့်တော့မယ်။ ခုထိတော့ ဖျားတာတော့ မဖျားဘူး။ ဖြစ်စက ခေါင်းတညလောက်ကိုက်ပြီး အင်္ဂါမှာ အနာပေါက်လို့ ဆေးခန်းပြတာ ဂနိုဆိုပြီး ဆေးပေးပါတယ်။ သွေးစစ်တာတော့ HIV ကာလသား Non ပါ။ ချောင်းကတော့ အဆက်မပြတ်မဟုတ်ဘဲ ဆိုးနေတာ ၁ လလောက်တော့ရှိပြီ။ HIV စတင်ဝင်တဲ့ လက္ခဏာတွေက ပထမ ၃ လကျော်ရင်ရော ပြနေသေးလား။

ဖြေ။    ။ ပထမဆုံး မေးခွန်းတစ်ခု မေးချင်ပါတယ်။ အဲဒီလို လိင်ဆက်ဆံခဲ့တဲ့ ညက အရက်သောက်ထားခဲ့သလား။ မိတ်ဆွေက အရက်သောက်ထားခဲ့တယ်ဆိုရင် နောက်နေ့မှာ ခေါင်းကိုက်မှာပဲ။ ပြီးတော့ ဆေးစစ်တာ HIV နဲ့ ကာလသား Non လို့ပြောပြီး ဘာလို့ ဂနိုဆိုပြီး ဆေးကုပေးသလဲ တွေးစရာပါ။ ဂနိုဆိုတာ ကာလသားရောဂါ တစ်မျိုးပါ။

ဆေးစစ်တာနဲ့ ပက်သက်ပြီးတော့ ပြောပြပါမယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံတာ ၂ လခွဲ အချိန်နဲ့ HIV စစ်ရင် အဖြေမသေချာနိုင်ပါဘူး။ ဆိုလိုတာက အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ၃လ သို့မဟုတ် ၆ လနေမှ စစ်တာ ပိုအဖြေမှန်ပါတယ်။ ချောင်းဆိုးတာကတော့ သာမန် အဆုတ်ပွတာလည်း ဖြစ်နိုင်ပါတယ်။

ပြောချင်တာကတော့ HIV ပိုး စတင်ကူးစက်တာက ကူးစက်တဲ့ လက္ခဏာတွေကို လူအတော်များများမှာ မပြတတ်ပါဘူး။ ၃ လကြာလည်း မပြတတ်ပါဘူး။ ခုခံအား လုံးဝ ကျသွားတဲ့ အခါမှ ပြတတ်တာပါ။

အကြံပြုချင်တာကတော့ HIV ပြန်စစ်ပါ။ ကာသလားရောဂါပိုး အတွက် ပြန်စစ်ပါ။ ဂနိုဆိုပြီး ကုပေးတဲ့ ဆရာဝန်ကိုလည်း ဘာကြောင့် Non-reactive အဖြေကို ဂနိုဆိုပြီး ဆေးပေးသလဲလို့ ပြန်မေးပါ။

ကွန်ဒုံးသုံးတာကို အလေ့အကျင့် လုပ်စေချင်ပါတယ်။ ကာကွယ်ခြင်းက အကောင်းဆုံးပါ ခင်ဗျာ။

လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top