HIV ပိုးရှိပြီး ကျန်းမာနေသူများ အတွက် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ထပ်မံဖော်ဆောင်ပေးရန် လိုအပ်လျှက်ရှိကြောင်း သိရှိရသည်။ ဆေးပုံမှန်သုံးစွဲပြီး CD4 ကောင်ရေ တက်မလာသည့် HIV ကူးစက်ခံထားရသူများအတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းရှာဖွေပေးရန် လိုအပ်လျှက်ရှိနေ သေးကြောင်း ကျန်းမာရေး ကူညီမှုပေးနေသည့် လူမှုရေး အဖွဲ့အစည်းများထံက သိရှိရသည်။
မြန်မာနိုင်ငံရှိ ကုမ္ပဏီများအနက်မှ ကုမ္ပဏီ (၇ဝ) မှာ HIV ပိုးရှိပြီး ကျန်းမာနေသူများကို အလုပ်လုပ် ကိုင်ခွင့်ပေးမည်ဟု စက်တင်ဘာလ ဆန်းပိုင်းက စာချုပ်ချုပ်ဆိုချက် ထားရှိကြောင်းကိုလည်း လူမှုကူညီရေး အသိုင်းအဝိုင်းက သိရှိရသည်။
''ပိုးရှိသူတွေကို အလုပ်လုပ်ပိုင်ခွင့်ပေးဖို့ လိုအပ်တယ်။ အလုပ်လုပ်ခွင့်ဆိုတာ နိုင်ငံသားအခွင့် အရေးပဲ။ ဒါကို နိုင်ငံတော်ကလည်း ချိုးဖောက်လို့ မရဘူး။ ပိုက်ဆံရှိတဲ့ လုပ်ငန်းရှင်တွေက ချိုးဖောက်နေရင်လည်း အစိုးရက ခွင့်မပြုသင့်ဘူး။ ပိုးရှိသူတွေကိုလည်း ခွဲခြားနှိမ့်ချဆက်ဆံဖို့ မသင့်ပါဘူး။''ဟု Burnet Institute မှ ဒေါက်တာလှဋ္ဌေးက ပြောသည်။
ထို့အပြင့် ပိုးကူးစက်ခံရသည့် ကလေးအနေဖြင့် ကျောင်းတက်လို့မရသည့် ကိစ္စများမှာလည်း မရှိသင့်တော့ကြောင်း ဆေးရုံများတွင်လည်း ပိုးရှိသူများအား ခွဲစိတ်မှုပြုလုပ်လျှင် ဆေးရုံ စရိတ်ကို နှစ်ဆတောင်း သည့် ဖြစ်ရပ်များလည်း အလားတူ မရှိသင့်ကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။
''ပိုးရှိလို့ ဆေးရုံဝန်ဆောင်ခ နှစ်ဆပေးရတယ်ဆိုတာ မဖြစ်သင့်ဘူး။ ပိုးရှိလို့ဆိုပြီး သာရေးနာရေး ကိစ္စတွေမှာလည်း ကန့်သတ်လိုက် တာတွေကလည်း လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေပါပဲ။''ဟု ထပ်ပြော သည်။
HIV ကာကွယ်တားဆီးရေး လုပ်ငန်းများတွင် သတင်းအချက်အလက်များ ရရှိရန် လိုအပ်ကြောင်း၊ ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အဖွဲ့အစည်းများကိုလည်း စွမ်းဆောင် ရည်မြှင့် တင်ပေးရန်နှင့် ပညာပေးလုပ်ငန်းများပြုလုပ်ပေးရန် လိုအပ်ကြောင်းသိရှိရပြီး သို့မှာသာ ပိုးကူးစက်ခံရနှုန်းလျှော့ ကျလာမည်ဖြစ်ကြောင်း သိရှိရသည်။
'' HIV ပိုးကူးစက်ခံရလို့ အလုပ်ကထုတ်ပစ်တာတွေ HIV မှမဟုတ်ပါဘူး။ B ပိုး C ပိုးတို့ ရှိတယ် ဆိုရင်တောင် အလုပ်ဆက်လုပ်ခွင့် မပေးတော့တာတွေက စစ်တပ်ထဲမှာလည်း အများဆုံးရှိနေတယ်။ ဆေးသောက် လို့ ကျန်းမာနေတယ်ဆိုရင် အလုပ်ဆက်လုပ်နိုင်တယ်ဆိုရင် အလုပ်ဆက်လုပ်ခွင့်တွေ ပေးသင့်ပါတယ်။'' ဟု PLHIV တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် CD4 ကောင်ရေ (၂ဝဝ) အောက်ရောက်ရှိနေသူ ART ဆေးလိုအပ်ချက်ရှိသည့် လူနာ ပေါင်း (၇၆ဝဝဝ) ဦး၊ CD4 ကောင်ရေ (၃၅ဝ) အောက်ရောက်ရှိနေပြီး ART ဆေးလိုအပ်ချက်ရှိသည့် လူနာပေါင်း (၁၂ဝဝဝဝ) ဦးခန့် ရှိကြောင်း သိရှိရသည်။
၂ဝ၁ဝ ခုနှစ်အထိ ART ဆေးတိုက်ကျွေး ကုသနိုင်သည့် ကလေးလူကြီးပေါင်း (၂၉၈၂၅) ဦးရှိပြီး ဆေး လိုအပ်သည့် ၃၉ ရာခိုင်နှုန်းသာ ဆေးပေးနိုင်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ထွန်းနေအောင် (မြစ်မခ)
မြစ်မခ - HIV ပိုး ရှိသူများကိုလည်း နိုင်ငံသား အခွင့်အရေး ပေးရန်လို




