မေး။ ။ ကျနော် လွန်ခဲ့တဲ့ သုံးလကျော်ကျော်လောက်ကတော့ အပျော်အပါး လိုက်စားမိပါတယ်။ ကျနော် အဖော်တော့ သုံးပါတယ်။ ကျနော်ခု အရေပြားမှာ ယားနာလိုလို ပေါက်နေပါတယ်။ ကျနော် တစ်ကိုယ်ရည် သန့်ရှင်းရေးလဲ နေ့တိုင်းလုပ်ပါတယ်။ ဒါနဲ့ ကျနော် သွေးစစ်ကြည့်ပါတယ်။ အဖြေမှာတော့ မရှိဘူး (non-reactive) လို့ ရေးထားပါတယ်။ Determine Strip နဲ့ စစ်တယ်လို့တော့ ရေးထားတယ်။ အဲ့သုံးလကျော် အတွင်းမှာတော့ တစ်ခါမှ မဖျားဖူးပါဘူး။ ဝမ်းပျက်ဝမ်းလျောလဲ မဖြစ်ပါဘူး။ ဆရာပြောတဲ့ ဖျားတာတို့ ဝမ်းလျောတာတို့က ဘယ်လောက်ကြာမှဖြစ်တာလဲ။ အဲ့ Determine Strip စစ်နည်းက မှန်ကန်မှုရှိပါသလား။ ဘယ်လောက် % မှန်ကန်နိုင်ပါသလဲ။
ဖြေ။ ။ မိတ်ဆွေ စစ်ခဲ့တဲ့ Determine Strip ဆိုတာက အချိန်တို အတွင်း HIV ပိုးကို စစ်ပေးတဲ့ နည်းတစ်ခုပါ။ သွေးစစ်တာနဲ့ ပက်သက်လို့ အနည်းငယ် ရှင်းပြပါရစေ။
ပုံမှန်အားဖြင့် သွေးစစ်ရင် အဆင့် (၂) ဆင့် ရှိပါတယ်။ ဒါတွေက -
1. Rapid Test (အမြန်စစ်ဆေးနည်း)
2. Confirmatory Test (သေချာအောင် ထပ်စစ်ဆေးခြင်း) တို့ဖြစ်ပါတယ်။
သွေးစစ်ရာမှာ ဘယ်နည်းနဲ့ပဲ စစ်စစ် အန္တရယ်ရှိအပြုမူ (အကာကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ သွေးသွင်းခြင်း၊ ဆေးထိုးအပ်မျှဝေသုံးခြင်း) ပြုလုပ်ပြီး အနည်းဆုံး ၃ လက ၆ လအတွင်းသာ စစ်ရပါတယ်။
Rapid Test မှာ မိတ်ဆွေစစ်ခဲ့တဲ့ Strip test တွေနဲ့ စစ်ပါတယ်။ ဒီလို စစ်တာက အချိန်တိုအတွင်း ပိုးရှိ/မရှိကို သိနိုင်ပါတယ်။ ငွေကုန်ကြေးကျလည်း နည်းပါတယ်။ ဒီ Strip တွေက အဖြေမှန်ကန်မှု ၉၅-၉၈% ကျော် ရှိပါတယ်။ ဒီမှာစစ်လို့ Negative ဆိုရင် စိတ်ချရပါတယ်။ ဒီမှာ စစ်လို့ Positive ပြရင် ဒုတိယ အဆင့် Confirmatory Test ကို ဆက်ပြီး စစ်ရပါတယ်။
ဒုတိယ အဆင့်ကတော့ Strip မှာ Positive ရှိမှ စစ်ရတာပါ။ ပုံမှန်အားဖြင့် ELISA "enzyme-linked immunosorbent assay" ဆိုတဲ့ နည်းနဲ့ စစ်ပါတယ်။ ဒီနည်းမှာ စစ်လို့ Positive ဖြစ်မှ HIV တကယ်ရှိတယ်လို့ သတ်မှတ်ပါတယ်။ ဒီနည်းက 99.9% စိတ်ချရပါတယ်။
တစ်ချို့သော လူတွေမှာ Strip က Postivie ပြပေမယ့် ELISA မှာ Negative ပြနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါတွေကတော့ Strip ကို ထိမ်းသိမ်းတဲ့ အပူချိန်ပမာဏ ၊ ပြင်ပစွတ်စိုမှု/စိုထိုင်းဆ၊ စစ်ဆေးပေးသူရဲ့ ကျွမ်းကျင်မှု မမှန်ရင် ဖြစ်တတ်ပါတယ်။ တစ်ချို့ သုတေသနတွေကတော့ မှားယွင်းနိုင်မှု ၇% ရှိတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက လူ ၁၀၀ မှာ ၇ ဦးမှာ ပိုးမရှိဘဲ ပိုးရှိတယ်လို့ အဖြေထွက်တတ်ပါတယ်။ ဒါကြောင့် ဒီလို Strip နဲ့ Positive ဖြစ်နေတဲ့ သူတွေကို ELISA နည်းနဲ့ ပြန်ပြီး သေချာအောင် ထပ်စစ်ရတာပါ။
ဝမ်းပျက်ဝမ်းလျောတာ၊ ဖျားတာ စတာတွေက ပုံမှန်အားဖြင့် ပိုးကူးစက်ခါစမှာ မဖြစ်ပါဘူး။ ပိုးကူးစက်ပြီး အချိန် အတော်ကြာမှ ( ၁ နှစ်မှ ၁၀ ကျော်ကာလ) ဖြစ်ပါတယ်။ လူတစ်ဦးရဲ့ ခုခံအားကျသွားမှ ဒီလိုမျိုး ဖြစ်တာပါ။
မေး။ ။ ဆရာပြောသလို ၃ လ နှင့် ၆ လ ကြားထဲမှာ စစ်ရတယ်ဆိုရင် ကျနော် ဆက်ဆံပြီး ၃ လ ကျော် ၄လ လောက်မှာစစ်ခဲ့ပါတယ်။ ထပ်စစ်ဖို့ လိုပါသလား။ (non-reactive) ဆိုတဲ့ အဓိပ္ပါယ်က negative လား။ ကျနော့်ကို ဆေးခန်းကတော့ negative နဲ့ တူတူပဲလို့ပြောပါတယ်။ အဆင်ပြေမယ်ဆိုရင် ဆရာ့ ဖုန်းနံပါတ်နှင့် နာမည်လေး ပြောပြစေချင်ပါတယ်။ ပိုတိတိကျကျ မေးချင်လို့ပါ။
ဖြေ။ ။ ၃ လကျော် ၄ လ အတွင်း စစ်ခဲ့တာဆိုတော့ စိတ်ချလို့ ရပါတယ်။ ပိုသေချာချင်ရင်တော့ ၆ လ အကြာမှာ ပြန်စစ်ပါခင်ဗျာ။ non-reactive ဆိုတာ negative နဲ့ အတူတူပါပဲ။ လက်ရှိမှာ ကျနော်တို့ HIM အနေနဲ့ အင်တာနက် website ကပဲ ၀န်ဆောင်မှု ပေးနိုင်ပါသေးတယ်။ ဖုန်းနဲ့ ဆက်သွယ်ပြီး ၀န်ဆောင်မှုပေးနိုင်ရင် အကြောင်းကြားပေးပါ့မယ်။
လမင်းကို




