6
Jul

HIV ပိုးမျိုး ပြုတ်တော့မည်လော

ညနေခင်းဖြစ်၍ ရွှေဘုံသာလမ်း တစ်လျှောက် လူစည်ကားနေ၏။ အနော်ရထာလမ်းနှင့် ရွှေဘုံသာ လမ်းထောင့်ရှိ မီးပွိုင့်နှင့်များစွာ မဝေးကွာလှသော အရပ်တွင် လေညို ကုန်းလက်ဖက်ရည်ဆိုင် ကလေးတည် ရှိ၏။ ထိုဆိုင်ကလေးတွင်လည်း လူစည်ကားနေ၏။ ထိုဆိုင်ကလေး လူစည်ကားရခြင်းမှာ စာရေးဆရာ မောင်ညိုပြာ တည်ခင်းဧည့်ခံမည့် လက်ဖက်ရည်ကို အင်တိုက်၊ အား တိုက်သောက်သုံးရန်ကြိုတင်စောင့် ဆိုင်းနေ ကြသော စာပေလောကသား အုပ်စုရောက်ရှိနေခြင်းကြောင့်ဖြစ်၏။

ရွှေဘုံသာလမ်းတစ်လျှောက် ဗိုလ်ချုပ်ဈေးရှေ့မှနေ၍ ကမ်းနားလမ်း ရောက်သည်အထိ လမ်းဘေးလက် ဖက်ရည်ဆိုင်များ စွာရှိပါသော်လည်း လူစည်ကားမှု၌ ထိုဆိုင်ကလေးကို မမီပေ။ ဤသည်မှာ လေညိုကုန်း၏ ထူးခြားချက်ဖြစ်၏။

ဘာသာပြန်ဆရာမောင်သိန်း ငှက်(ကယားပြည်)သည် ဝါစဉ် အကြီးဆုံးဖြစ်၍ အများကအုပ်စုခေါင်း ဆောင်သဖွယ် တင်မြှောက် ထားကြ ၏။ ၄င်းအား စာပေလောကသားများက ချစ်စနိုးဖြင့် ကယားကြီးဟုခေါ်ကြ၏။
''ကယားကြီး၊ ဆာလှပြီ။ မောင်ညိုပြာရော''
''လာမှာပါ၊ ဆာရင်မှာလိုက်ဗျာ၊ သူလာမှငွေရှင်းလိမ့်မယ်''
''ဟုတ်ပြီ။ ဒါဆိုမှာမယ်။ ဟေ့- ချာတိတ်၊ ချို့ဆိမ့်ဆယ်ခွက်''

လက်ဖက်ရည်မှာသံကြောင့် စားပွဲထိုးကလေးမောင်ကြွက်နီပင် လန့်သွားရှာ၏။ ဆယ်ခွက်တစ်ခါ တည်း မှာလိုက်၍ဖြစ်၏။
''ကယားကြီး၊ အင်းစိန်က သင်္ဘောသားတစ်ယောက် ဆုံးသွား တာသိလား''
''သိတယ်လေ။ တစ်လမ်းထဲ ပဲဟာ။ ရောဂါက အေအိုင်ဒီအက်စ် ဗျ''
''အေးဗျာ၊ အရွယ်ကောင်း လေး၊ သနားစရာ''
''အေအိုင်ဒီအက်စ်ကို မျိုးဖြုတ် လို့မရသေးဘူးလား''
''ဟော-ဒေါက်တာလာပြီ။ ခင်ဗျားသိချင်တာမေးပေတော့''

ဒေါက်တာရန်မျိုးအောင် ဆိုင်ထဲ ဝင်လာ၏။
''မင်္ဂလာပါဒေါက်တာ၊ ကြွပါ။ ခုပဲမေးနေတယ်။ ကဗျာဆရာ မောင်ဒေါနက အေအိုင်ဒီအက်စ်ကို မျိုးဖြုတ်ပစ်ချင်နေတယ်။ အဲဒါဖြစ်နိုင်၊ မဖြစ်နိုင် ရှင်းပြပါဦးဒေါက်တာရယ်''
''ဟာ-အတော်ပဲ။ ကျွန်တော် လဲ BBC ကလွှင့်တဲ့ Hard Talk Programm နားထောင်ခဲ့တော့ ဒါကို ရှင်းပြနိုင်တယ်။ အိပ်ခ်ျအိုင်ဗွီသုတေ သနလုပ်လို့ နိုဘယ်လ်ဆုရထားတဲ့ ပညာရှင်တစ်ယောက်ရှိတယ်။ သူက ပြင်သစ်လူမျိုး၊ နာမည်က Francoise Barre-Sinoussi  တဲ့။ သူက ဗိုင်းရပ်စ် ပိုးပါရဂူ။ Virologist ခေါ်တာပေါ့။ သူက စောစောက အင်တာဗျူးမှာ ပြောသွားတယ်။ အေ အိုင်ဒီအက်စ်ကို အမြစ်ပြတ်အောင် ကုနိုင်ဖို့အလား အလာ ကောင်းနေပြီတဲ့ဗျ''
''ဟုတ်ကဲ့ဆရာ''
''၁၉၈၁ ခုနှစ်မှာ အိပ်ခ်ျအိုင်ဗွီ
ပိုးကို စတွေ့တယ်။ စတွေ့ချိန်ကနေ ယနေ့အထိ ဒီပိုးကြောင့် လူဦးရေ သန်းပေါင်း သုံးဆယ်ကျော်သေခဲ့ ရပြီးပြီ''
''ဟာ-မနည်းပါလား ဒေါက်တာရယ်''
''မနည်းဘူးဗျ။ ခုလောလောဆယ်မှာ ရောဂါရှိရင် ဆေးကိုအမြဲ သောက်နေရတယ်။ ဆေးသောက် နေရင်တော့ အသက်ရှည်နေ တယ်။ ဒါပေမယ့် ဆေးကဈေးကြီးတယ်။ မဖွံ့ဖြိုးသေးတဲ့ နေရာတွေမှာကျတော့ ဆေးမှန်မှန်ရဖို့မလွယ်ဘူး။ ဒါကြောင့် ပညာ ရှင်တွေ ဆေးမသောက်ရဘဲ နေနိုင်အောင် ကြံဆနေကြတယ်''
''ဟုတ်ကဲ့ ဒေါက်တာ''
''နိုဘယ်ဆုရှင် ပါမောက္ခကြီး က လူနာနှစ်ယောက်အကြောင်း ပြော ပြသွားတယ်။ တစ်ယောက်က Berlin Patient လို့ခေါ် တယ်။ တစ်ယောက်က နယူးဂျာစီက၊ သူတို့ တွေက အေအိုင်ဒီအက်စ်လူနာတွေ''
''ဟုတ်ကဲ့ ဒေါက်တာ''

Berlin Patient  ကို ရိုးတွင်းခြင်ဆီအစားထိုးလဲလှယ်တဲ့နည်း သုံးပြီး ကုထားတယ်တဲ့။ ကုပြီးတဲ့ နောက် လူနာကိုယ်ထဲမှာ ပိုးမတွေ့တော့ဘူး။ အရင်က ဒါမျိုးမကြုံဖူးဘူး။ နယူးဂျာစီက လူနာကျတော့ မျိုးရိုးဗီဇကုထုံးသုံးပြီး ကုထားတယ်။ သူ့ကျတော့ တစ်မျိုးဗျ။ ပိုးကလုံးဝ မပျောက်ဘူး။ ဒါပေမယ့် လူနာက ဆေးဆက်မသောက်ဘူး။ ပိုးတွေကရှိ နေပေမယ့် လူနာက ဆေးမသောက် ဘဲ ကျန်းမာနေတယ်။ ဒါလဲထူးဆန်းတယ်ဗျ''
''ဒါဆို ရောဂါကို အမြစ်ပြတ် ကုနိုင်ဖို့ အလားအလာရှိလာပြီပေါ့''
''ဟုတ်တယ်။ ပါမောက္ခကြီး ပြောချင်တာက ဒီအချက်ပဲ။ ဖြစ်နိုင် စရာကုထုံးက နှစ်မျိုးရှိနိုင်တယ်တဲ့။ ပထမကုထုံးက ပိုးတွေ မကျန်အောင် သုတ်သင်တဲ့နည်းဗျ။ ဒုတိယ Functional Cure  ခေါ်တယ်။ ပိုး မကျန်အောင် လုပ်တာတော့ မဟုတ် ဘူး။ ဒါပေမယ့် လူနာက ဆေးဆက် သောက်စရာမလိုဘူး။ ဆေးမသောက် ဘဲ ကျန်းမာနေတယ်''
''ပါမောက္ခကြီးက ဘယ်တုန်း ကဆုရတာလဲ''
''၂ဝဝ၈ ခုနှစ်ကဗျ။ Luc Montagnier  နဲ့တွဲပြီးရတာ။ အိပ်ခ်ျအိုင် ဗွီပိုးကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့တဲ့ အတွက်ပေါ့ဗျာ''
''ဟုတ်ကဲ့ဒေါက်တာ''
''ပါမောက္ခကြီးက အပြည်ပြည် ဆိုင်ရာ အေအိုင်ဒီအက်စ်အသင်းကြီး မှာလဲ ဥက္ကလုပ်ခဲ့ဖူးသေးတယ်''
''ဟုတ်ကဲ့ဒေါက်တာ''
''ခု ကမ္ဘာပေါ်မှာ စီးပွားရေး အကျပ်အတည်းကြောင့် သုတေသန လုပ်ငန်းတွေ ရန်ပုံငွေအခက်အခဲဖြစ် နေတယ်။ ဒါကို ပါမောက္ခကြီးက ဖြေရှင်းဖို့ကြိုးစားနေတယ်''
''ဟုတ်ကဲ့ဒေါက်တာ''
''သုတေသနတွေကို ရန်ပုံငွေ ဖြတ်တောက်လိုက်တော့ ပါမောက္ခ ကြီး အတော်ဒေါပွခဲ့တယ်။ သုတေ သနတွေဆက်လုပ်ဖို့ လိုပါတယ်တဲ့။ လုံးဝကုသနိုင်ဖို့က မဝေးတော့ဘူးလေ။ ဒါကြောင့် ဆက်လုပ်ဖို့လိုတယ်လေ''
''ဒါပေါ့ ဒေါက်တာ။ ဆက်လုပ်ရမှာပေါ့''
''လောလောဆယ်တော့ ရောဂါ ရှိရင် ဆေးသောက်နေရဦးမယ်''
''အဲဒါနဲ့ပတ်သက်တဲ့ သုတေ သနရောလုပ်သေးလား''
''လုပ်တယ်ဗျ။ စကားစပ်မိလို့ ဆက်ပြောပြဦးမယ်။ University of Washinton  က ကင်ညာနိုင်ငံမှာလုပ် ခဲ့တယ်။ အဲဒီသုတေသနနဲ့ ပတ် သက်လို့ Michel Sidibe  ဆိုတဲ့ ပုဂ္ဂိုလ်က ချီးကျူးပြောကြားခဲ့တယ်။ သူက Joint United Nations Programme on HIV/AIDS rSm Executive Director  လုပ်နေတဲ့ ပုဂ္ဂိုလ်ဗျ''
''သူက ဘာပြောသလဲဆရာ''
''သူက သုတေသနဟာ အဓိ ကကျတဲ့ သိပ္ပံပညာဆိုင်ရာ လုပ် ဆောင်ချက်တစ်ရပ်ပါပဲတဲ့။ ရောဂါ ကု ဆေးဝါးတွေဟာ ဒီရောဂါမှာမရှိ မဖြစ်လိုအပ်တယ်ဆိုတာကို ထပ်ပြီး သက်သေထူလိုက်တာပါပဲတဲ့။ ရောဂါကူးစက်ပျံ့နှံ့တာကို ကာကွယ် တဲ့နေရာမှာ အလွန်အရေးကြီးတယ် တဲ့''
''ဟုတ်ကဲ့ ဆရာ''
''သုတေသနက ဒီလိုဗျ။ အာဖရိကမှာ ဇနီးမောင်နှံစုံတွဲ ငါး ထောင်နီးပါးကို စမ်းသပ်ခဲ့တာ။ တစ်ဦးက ရောဂါရှိတယ်။ တစ်ဦးက မရှိဘူး။ ရောဂါမရှိတဲ့လူကို ဆေး သောက်ခိုင်းတယ်။ တချို့က Tenofovir ဆိုတဲ့ ဆေးသောက်ရ တယ်။ တချို့က Tenofovir နဲ့ Emtricitabine တွဲပြီး သောက်ရ တယ်။ တချို့က Placero ဆိုတဲ့ ဗလာသက်သက် ဆေးကိုသောက်ရ တယ်''
''အုပ်စု သုံးအုပ်စုပေါ့ဆရာ''
''ဟုတ်တယ်။ သုံးအုပ်စုကို ပြန်ပြီးနှိုင်းယှဉ်တော့ ဆေးတစ်မျိုးတည်း သောက်တဲ့အုပ်စုမှာ ကူးစက်မှုနည်း တယ်။ နှစ်မျိုး အုပ်စုမှာပိုပြီးနည်း တယ်။ ဒါက ဗလာသက်သက် ဆေးကိုသောက်တဲ့အုပ်စုနဲ့ နှိုင်းယှဉ် တာ''
''ဟုတ်ကဲ့ ဒေါက်တာ''
''ကိန်းဂဏန်းနဲ့ပြောရမယ်ဆို ရင် နှစ်မျိုးအုပ်စုက ၇၃ ရာခိုင်နှုန်း ပိုနည်းတယ်။ တစ်မျိုးအုပ်စုက ၆၂ ရာခိုင်နှုန်း ပိုနည်းတယ်။ လိုရင်းပြော ရရင် ဆေးနှစ်မျိုးသောက်တာ ပိုကောင်းတယ်ပေါ့ဗျာ''
''ဟုတ်ကဲ့ဒေါက်တာ''

The Terrence Higgins Truit  ဆိုတဲ့ အဖွဲ့ကြီးက အိပ်ခ်ျအိုင်ဗွီတိုက် ဖျက်ရေး၊ စေတနာ့ဝန်ထမ်းအဖွဲ့ကြီး ပေါ့ဗျာ။ ဒီအဖွဲ့က Head of Policy  ဖြစ်တဲ့ Lisa Power  ကပြောသွား တယ်။ ရောဂါကြိုတင်ကာကွယ်ဖို့ အတွက် ကွန်ဒုံးကိုသုံးကြဖို့ သတိပေး သွားတယ်''
''ဟုတ်ကဲ့ဒေါက်တာ''
''လောလောဆယ်မှာ နည်းတစ် မျိုးတည်းနဲ့ ကြိုတင်ကာကွယ်ရင် စိတ်မချရဘူး။ ဒါ့ကြောင့် WHO ကရော Unaids ကရော ဆေးလဲ သောက်၊ ကွန်ဒုံးလဲဆောင်ထားဖို့ တိုက်တွန်းနေကြတယ်''
''လိုက်နာရမှာပေါ့ ဒေါက်တာ''
''လောလောဆယ်မှာတော့ အပျော်အပါးရှောင်ရင် အကောင်းဆုံးပဲ။ မရှောင်နိုင်ရင်လဲ ကွန်ဒုံးသုံးဗျ။ ဖြစ်လာရင် ဆေး မှန်မှန်သောက်ဗျ။ ဒါမှ အသက်ရှည်မယ်''
''အပျော်အပါးရှောင်ဖို့ ဆယ် ကျော်သက်လူငယ်တွေကို ပညာပေးသင့်ပါတယ် ဒေါက်တာ''
''ဟုတ်တယ်ဗျ။ လူငယ်ဆိုတာ အပေါင်းအသင်းမှားရင် အပျော် အပါးဘက် ရောက်သွားတတ်တယ်။ သူတို့ကို ပညာပေးရမယ်''
''မီဒီယာတွေကလဲ ဝိုင်းကူရင် ကောင်းမယ်နော်''
''ဒါပေါ့ဗျာ။ ဝိုင်းကူရင် ပိုထိ ရောက်တာပေါ့ဗျာ''

ထိုစဉ် ဓာတ်ခွဲမှူးဦးဥာဏ်အုန်း လေညိုကုန်းသို့ ရောက်ရှိလာ၏။
''ဟာ-ဦးဥာဏ်အုန်း ထိုင်ဗျာ။ လက်ဖက်ရည်သောက်ရအောင်''
''ကျွန်တော်လဲ အလုပ်များနေ လို့ဗျာ၊ ခုမှပြီးတယ်''
''သွေးဖောက်တဲ့လူနာတွေ များနေပြီထင်တယ်''
''ဟုတ်တယ်ဗျ။ ထူးထူးခြား ခြား တစ်ခုတွေ့တယ်။ ကိုရင်လေး တစ်ပါးက ငယ်ငယ်ရွယ်ရွယ်နဲ့ အိပ်ခ်ျအိုင်ဗွီပိုးတွေ့နေတယ်။ ကိုရင် လေးက ငယ်လွန်းတော့ အပျော် အပါးကိစ္စလဲ မဖြစ်နိုင်ဘူး။ ကျွန်တော် လဲ စဉ်းစားမရဘူးဖြစ်နေတယ်''
''ကိုရင်က အုပ်စုလိုက်ဝတ်တာ ထင်တယ်''
''ဟုတ်တယ်၊ နွေရာသီကျောင်းပိတ်ရက်မှာ အုပ်စုလိုက်ဝတ်တာ''
''လူကြီးတွေပါသေးလား''
''ပါတယ်လို့ပြောတယ်။ ဟုတ်ပြီ။ ခုမှ စဉ်းစားမိတယ်။ သင်တုန်းဓားကကူးတာဖြစ်မယ်။ ဒုလ္လဘ ရဟန်းခံတဲ့အထဲမှာ သင်္ဘောသား ပါတယ်တဲ့။ အဲဒီအုပ်စုက သင်တုန်း ဓားတစ်ချောင်းထဲသုံးတော့ ဖြစ်နိုင် တာက သင်္ဘောသားက ကိုရင်လေးကို ကူးသွားပြီထင်တယ်''
''ဒါဆို တခြားဦးဇင်းတွေ၊ ကိုရင်တွေလဲ စစ်ကြည့်သင့်တယ်''
''ဟုတ်တယ်။ စစ်ကြည့်သင့်တယ်။ သင်တုန်းဓားတို့၊ မုတ်ဆိတ် ရိတ်ဓားတို့က ကူးနိုင်တယ်ဆိုတာလဲ လူထုကိုပညာပေး ရမယ်ဗျ''
''ဟုတ်တယ်။ ပေးသင့်တယ်။ ဟာ-ဟိုမှာ ဆရာမောင်ညိုပြာလာပြီ။ ကဲ-ဝိုင်းတော်သားတို့ လက်ဖက်ရည် ရပြီဆိုရင် ပေါင်မုန့်   ထောပတ်သုတ်တို့၊ စမူဆာတို့၊ ကော်ပြန့်ကြော်တို့ ထပ်မှာ ကြပေတော့ဗျို့''    လေညိုကုန်းကား စည်ကားနေ ဆဲဖြစ်၏။

အောင်(ဆေး-၁)
ရည်ညွှန်းချက်း"BBC News rS Nobel Winning Barre Sinoussi Optimistic About HIV Cure" ဆေးပညာဆောင်းပါးကို မှီငြမ်းကိုးကားပါသည်။

ဈေးကွက် - HIV ပိုးမျိုး ပြုတ်တော့မည်လော 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top