တရုတ်နိုင်ငံမှ ကျေးရွာတစ်ခုတွင် HIV ပိုးရှိသော ကလေးငယ် တစ်ဦးကို ရွာမှနှင်ထုတ်ရန် ကျန်ရွာသား ၂ဝဝ ခန့်က လက်မှတ်ရေးထိုး တောင်းဆိုခဲ့သည့် အကြောင်းအရာကြောင့် ကြာသပတေးနေ့တွင် အင်တာနက်သုံးစွဲသူ တရုတ်နိုင်ငံသားများ အကြား ၄င်းတို့နိုင်ငံသားများ၏ အခြေအနေနှင့် ပတ်သက်သည့်မေးခွန်း များစွာ ပေါ်ထွက်လာသည်ဟု AFP သတင်းအရ သိရသည်။
တရုတ်နိုင်ငံမှ HIV ပိုးရှိသူ အများစုသည် ခွဲခြားဆက်ဆံမှုဒဏ်ကို ပြင်းထန်စွာ ခံစားနေရပြီး ယခုဖြစ်ရပ်မှာ တရုတ်နိုင်ငံသားတို့၏ AIDS ရောဂါသည်များ အပေါ် ဆက်ဆံသည့် သဘောထားကို မီးမောင်းထိုးပြခြင်း ဖြစ်သည်။
တရုတ်နိုင်ငံတွင်းမှ Global Times သတင်းစာ၏ ဖော်ပြချက်တွင် စီချွမ်ပြည်နယ် အနောက် တောင်ပိုင်းရှိ ရူဖန်ဂျာကျေးရွာတွင် နေထိုင်သည့် အသက်ရှစ်နှစ်အရွယ် HIV ပိုးရှိသူကလေး၏ အုပ်ထိန်းသူဖြစ်သော ၄င်း၏ အဘိုးဖြစ် သူကလည်း ကလေးကို ရွာမှ နှင်ထုတ်ရန် လက်မှတ်ရေးထိုးသူများတွင် ပါဝင်သည်ဟု သိရသည်။
ထိုကလေးငယ်လေးကို ကန်ကန်ဟု ဖော်ပြထားပြီး ၄င်းသည် မိခင်ဖြစ်သူထံမှ HIV ပိုးကူးစက်ခံခဲ့ရကာ ယင်းကို ၂ဝ၁၁ ခုနှစ် ဒဏ်ရာ ဖြစ်ချိန်၌ သိခဲ့ရသည်။
Global Times ၏ ဖော်ပြထားမှုတွင် ကန်ကန်အား ဒေသတွင်း ကျောင်းများမှ လက်ခံရန် ငြင်းဆန် ကြကြောင်းနှင့် ၄င်းအား မည်သူမှ အဆက်အဆံ မလုပ်ဟုလည်း သိရသည်။
''ဘယ်သူမှ သားနဲ့ မကစား ကြဘူး၊ အမြဲတမ်း သားတစ်ယောက်တည်းပဲ နေနေရတယ်'' ဟု ကန်ကန် ၏ ပြောကြားမှုကို Global Times တွင် ဖော်ပြထားသည်။
ထိုအကြောင်းအရာက Sina Weibo ကဲ့သို့ တရုတ်နိုင်ငံ၏ ထင်ရှားသော လူမှုကွန်ရက်တွင် ကြာသပတေးနေ့ မနက်ပိုင်းမှစကာ ရေပန်း အစားဆုံး ခေါင်းစဉ်တစ်ခုဖြစ်ခဲ့ပြီး အသုံးပြုသူအများစုက ကန်ကန်အား ပစ်ပယ်ရက်သည့် ရွာသားများ၏ အပြုအမူကို မေးခွန်းထုတ်ကြသည်။
ထိုသို့ HIV/AIDS ရောဂါ သည်များကို ကျောင်းများ၊ ဆေးရုံများ၊ လုပ်ငန်းခွင်များနှင့် တရုတ်နိုင်ငံတစ် ဝန်းလုံးရှိ အခြားကဏ္ဍများတွင် ခွဲခြားဆက်ဆံလေ့ရှိကြောင်းနှင့် ယင်း HIV ပိုးကို ကုသရေးနှင့် တိုက်ဖျက်ရေးကို တားဆီးနေသည့် အရာဟု ကျွမ်းကျင်သူများက ဆိုသည်။
ပေကျင်း၊ ဒီဇင်ဘာ ၁၈
Ref : AFP
Yangon Media Group - HIV ပိုးရှိသူ အသက် ရှစ်နှစ်အရွယ် ကလေးငယ်ကို ရွာမှနှင်ထုတ်ရန် တရုတ်ကျေးရွာသားများ ကြိုးပမ်း




