No.28 Vol.3 April 30 Wednesday 2008 (Weekly Eleven)
HIV ဗိုင်းရပ်စ်ပိုးကြောင့် ရောဂါခံစားနေရသော
ကလေးငယ်များနှင့် HIV ဗိုင်းရပ်စ်ပိုး၏ ဆိုးကျိုးသက်ရောက်မှု ခံစားနေရသော
ကလေးငယ်များ (HIV Infected & Affected Children) များအား မိသားစုသဖွယ်ပြုစု
စောင့်ရှောက်ပေးနိုင်ရန် သီးသန့်ဂေဟာတစ်ခုအဖြစ် ဖွင့်လှစ်ထားသည့် သုခရိပ်မြုံသည်
လူမှုရေးပရဟိတ ဂေဟာအများအပြားရှိသည့်အနက် တစ်မူထူးခြားသောကြောင့် ၂၀၀၇
၏ထင်ရှားကျော်ကြားကဏ္ဍတွင် ထည့်သွင်းဖော်ပြအပ်ပါသည်။
မိဘနှစ်ဦးလုံး AIDS ရောဂါဖြင့် ဆုံးပါးသွားသူများ၊
မိဘတစ်ဦး ဆုံးပါးသွားပြီး ကျန်တစ်ဦးမှာလည်း ရောဂါဝေဒနာ ခံစားနေရသဖြင့် ကလေးအား
ပြုစုစောင့်ရှောက်နိုင်ခြင်း မရှိသူများ၊ အခြေအနေ အရပ်ရပ်ကြောင့် သိမ်ငယ်စွာ
ခံစားနေထိုင်ကြရသူများနှင့် စောင့်ရှောက်မည့်သူမရှိသည့် HIV ဗိုင်းရပ်စ်ပိုး
ကူးစက်ခံ ကလေးငယ်များအား မိသားစုအခွင့်အရေးများကို တတ်နိုင်သမျှ
အပြည့်အ၀ရရှိခံစားနိုင်ရန် ၂၀၀၄ ခုနှစ်ဝန်းကျင်ခန့်မှ စတင်၍
လက်ခံပြုစုစောင့်ရှောက်ပေးထားလျှက်ရှိသည်။ သုခရိပ်မြုံသည် ယခုလက်ရှိ၌
အသက်နှစ်နှစ်မှ ၁၂ နှစ်အတွင်း ယောက်ျားလေးခုနှစ်ဦးနှင့်
မိန်းကလေးခြောက်ဦးတို့ကို လက်ခံပြုစုစောင့်ရှောက် ပေးလျှက်ရှိ ကြောင်း သိရသည်။
သုခရိပ်မြုံအား ဒေါက်တာတင်တင်ဝင်း (စာရေးဆရာမ ဂျူး)၊ ဒေါက်တာထားထား (စာရေးဆရာမ
စုထား)၊ ဒေါက်တာခင်စုမေ (ဆေးရုံအုပ်၊ ရွှေဗဟိုအထူးကုဆေးခန်း) တို့က ဦးဆောင်ဖွင့်လှစ်ထားပြီး
အဆိုပါရိပ်မြုံ၏ အုပ်ချုပ်ရေးမှူးအဖြစ် အငြိမ်းစားသူနာပြုဆရာမကြီးတစ်ဦးကို ခန့်အပ်ထားသည်။
ကလေးငယ်များ၏ ပညာရေးကိုလည်း Volunteer ဆရာ၊ ဆရာမများက ကျောင်းနေအရွယ်ရောက်ရှိသော ကလေးငယ်များကို
နေ့စဉ်အလှည့်ကျ လာရောက်သင်ကြားပေးပြီး စာမေးပွဲဖြေသည့်အချိန်၌ ၀ိသာခါသီလရှင်သင် ပညာရေးကျောင်းတွင်
စာမေးပွဲဖြေစေကြောင်း၊ ကျောင်းနေအရွယ်မရောက်ရှိသေးသော ကလေးငယ်များကိုမူ မူကြိုဆရာမများက
လာရောက်သင်ကြားပေးကြောင်း သိရသည်။
http://www.weeklyeleven.com/modules.php?name=News&file=article&sid=16117




