2
Dec

HIV ဗိုင်းရပ်စ်ပိုး၏ ပြင်းထန်မှုနှုန်း ယခင်ကထက် ကျဆင်းလာကြောင်း ဖော်ထုတ်တွေ့ရှိ

ခုခံအားကျဆင်းမှု AIDS ရောဂါကို ဖြစ်ပွားစေသည့် HIV ရောဂါပိုးသည် ယခင်ကာလများနှင့် နှိုင်းယှဉ်ပါက အတန်ငယ် အင်အားလျော့နည်းသော အသွင်မျိုးသို့ ပြောင်းလဲလာနေကြောင်း သိရှိရသည်။

AIDS ရောဂါဆိုင်ရာ အထူးပြု လေ့လာမှုတစ်ခုတွင် ဖော်ထုတ်တွေ့ရှိမှုအရ HIV ဗိုင်းရပ်စ်သည် သေဆုံးနိုင်ခြေ ပြင်းအားအဆင့် ကျဆင်းလာသလို လူအချင်းချင်း ကူးစက်နိုင်မှု ရာခိုင်နှုန်းသည်လည်း ယခင်ကာလများကထက် လျော့နည်းလာသည်ကို အတည်ပြုနိုင်ခဲ့သည်။

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ ပညာရှင် တစ်စုက HIV ရောဂါပိုး၏ သဘောသဘာဝကို လူသားများ၏ ကိုယ်ခံအားစနစ်က ပိုမိုခုခံနိုင်စွမ်း မြင့်လာခြင်းကြောင့် ယင်း၏ သက်ရောက်မှု စွမ်းအားကို လျှော့ချလာနိုင်ခြင်းဟု ရှင်းပြခဲ့သည်။ အကယ်၍ လက်ရှိ ပြောင်းလဲမှု ဖြစ်စဉ်အတိုင်းသာ ရှေ့ဆက်သွားနေမည် ဆိုပါက အနာဂတ် အချိန်တစ်ခုတွင် HIV ရောဂါပိုးသည် လူသားများအတွက် အန္တရာယ်မပေးနိုင်သည့် အဆင့်ထိ ရောက်ရှိသွားနိုင်ကြောင်း သုတေသီများက ခန့်မှန်းထားသည်။

“HIV ရောဂါပိုးရဲ့ သဘောသဘာဝအရ အယောင်ဆောင်တဲ့ နေရာမှာ ဆရာတစ်ဆူလို့ ပြောနိုင်တယ်။ လူ့ကိုယ်ခံစွမ်းအား စနစ်က လိုက်ဖမ်းမမိအောင် ပုန်းကွယ်ရှောင်တိမ်းနိုင်တယ်။ ဒါပေမဲ့လည်း လူသားတွေရဲ့ ကိုယ်ခံအားစနစ်မှာ ဆင့်ကဲပြောင်းလဲမှုတွေ ရှိလာတဲ့အခါ ရောဂါပိုးက ရှောင်ရတိမ်းရ ပိုခက်လာတယ်။ ဒီတော့ HIV ဗိုင်းရပ်စ်ဟာ သူ့ရဲ့ ပုံသဏ္ဍန်ဖွဲ့စည်းမှုကို ပိုပြီး ပြားကပ်သွားအောင် ပြောင်းလဲလိုက်ရတယ်။ သူ့ရဲ့ ရှင်သန်ရပ်တည်မှုအတွက် ဒီလိုပြောင်းလဲလိုက်ပေမယ့် စွမ်းဆောင်ရည်ကတော့ ကျသွားတယ်။ ဒီသဘောပါပဲ”ဟု ဦးဆောင် သုတေသီ တစ်ဦးဖြစ်သည့် ပရော်ဖက်ဆာ ဖိလစ်ဂူလ်ဒါက ရှင်းပြခဲ့သည်။

လူ့ကိုယ်ခံအား စနစ်ကို ရှောင်တိမ်းရန် ပုံစံပြောင်းလိုက်သည့်အခါ HIV ဗိုင်းရပ်စ်၏ ဆဲလ်ပုံတူပွားမှု အရည်အသွေးကို လျော့နည်းသွားစေပြီး အကျိုးဆက် အနေဖြင့် ရောဂါပိုး ကူးစက်နိုင်သည့် အခြေအနေ လျော့ကျသွားသလို ကူးစက်မှု အထမြောက်သည့်တိုင် AIDS ရောဂါ ဖြစ်ပွားရန်လည်း အချိန်ပိုမိုကြာမြင့်သွားမည် ဖြစ်သည်။

ပရော်ဖက်ဆာ ဂူလ်ဒါက “တောင်အာဖရိက နိုင်ငံနဲ့စာရင် ဘော့ဆွာနာမှာ ရှိနေတဲ့ HIVပိုး ကူးစက်ခံရသူတွေရဲ့ ရောဂါပိုးဆဲလ် ပျံ့ပွားဖြစ်တည်မှုဟာ (၁၀)ရာခိုင်နှုန်းလောက် ပိုနည်းနေတယ်။ ဒေသအလိုက် အပြောင်းအလဲ ရှိနိုင်တဲ့ သဘောပဲ။ ဒီအချက်က စိတ်လှုပ်ရှားစရာပါ။ လောလောဆယ် ကျွန်တော်တို့ လေ့လာနေတာက ဒီလို ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်ဟာ ဘယ်လို အခြေအနေ၊ ဘယ်လို ပတ်ဝန်းကျင်မှာ အမြန်ဆုံး ဖြစ်နိုင်သလဲ ဆိုတာကို သိရှိလာဖို့ပါပဲ။ ဗိုင်းရပ်စ်ပိုးရဲ့ ပြင်းအားနဲ့ အရှိန်အဟုန်ကို နှေးကွေးသွားအောင် လုပ်နိုင်ပြီဆိုရင် ဒီရောဂါပိုးကို အမြစ်ပြတ် သုတ်သင်ဖို့ လမ်းစကို ရှာတွေ့လာတာပဲလေ”ဟုလည်း ပြောကြားခဲ့သည်။

Ref: BBC

7 day daily - HIV ဗိုင်းရပ်စ်ပိုး၏ ပြင်းထန်မှုနှုန်း ယခင်ကထက် ကျဆင်းလာကြောင်း ဖော်ထုတ်တွေ့ရှိ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top