6
Mar

HIV ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေး ပေါ်လာနိုင်ခြေရှိကြောင်း သုတေသနများပြော

HIV ကာကွယ်ဆေးပေါ်ပေါက် လာနိုင်ခြေ ရှိကြောင်း မျှော်လင့်ချက်များ မြင့်တက်လာနေသည်ဟု မတ်လ ၅ ရက်က Scientific American ဂျာနယ်တွင် ဖော်ပြ ထားသည်။ HIV ကဲ့သို့သော ဗိုင်းရပ်စ်ပိုးများ၏ အန္တရာယ်မှ ကာကွယ်ပေးနိုင်သည့်ဆေးဝါး (antiviral drug) တစ်မျိုးကို မျောက်များ၏ ကြွက်သားများ အတွင်းသို့ ထိုးပေးခဲ့ရာ၊ ကာကွယ်ဆေး ထိုးထားသော မျောက်များအား ရက်သတ္တပတ်များစွာ တိုင်အောင် ရောဂါကူးစက်မှု မရှိခဲ့ပေ။

ယခုအချိန်ထိမူ HIV ကာကွယ်ရေး ထိုးဆေးများအား မျောက်များဖြင့်သာ စမ်းသပ်ရသေးသည်။ သို့သော် ထိုစမ်းသပ်ချက်များမှ ကောင်းသောရလဒ်များ ထွက်ပေါ်လာခဲ့သည်ဟု ဆိုသည်။ “ကာကွယ်ဆေး ထိုးထားတဲ့ မျောက်တွေကို ၁၀၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တာကို သုတေသီ အဖွဲ့အား လုံးရဲ့ စမ်းသပ်ချက်တွေက ပြနေပါတယ်” ဟု သုတေသီ အဖွဲ့နှစ်ဖွဲ့၏ စမ်းသပ်မှုများကို ရည်ညွှန်း၍ ဒေါက်တာရောဘတ်ဂရန်းက ပြောခဲ့သည်။

“တကယ်လို့ အဲဒီကာကွယ်ဆေးဟာ အလုပ်ဖြစ်ပြီး၊ ဘေးအန္တရာယ်ကင်းကြောင်း သက်သေပြနိုင်မယ် ဆိုရင် HIV ကြိုတင် ကာကွယ်ရေးအတွက် သုံးလကို တစ်ကြိမ် ဖြစ်ဖြစ် ကာကွယ်ဆေး ပုံမှန်ထိုးသွင်းနိုင်ကြ တော့မှာပါ” ဟု ဆန်ဖရန်စစ္စကို ရှိကယ်လီ ဖိုးနီးယား တက္ကသိုလ်၏ လက်အောက်မှ ဖောင်ဒေးရှင်း တစ်ခုဖြစ်သည့် ဂလက်စတုန်းသိပ္ပံမှ AIDS ရေးရာ ကျွမ်းကျင်သူ ဒေါက်တာရောဘတ်ဂရန်းက ပြောခဲ့သည်။

သို့ရာတွင် AIDS အပါအ၀င် လိင်မှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများ (STDs) ၏ အန္တရာယ်မှ ကြို တင်ကာကွယ်နိုင်ရန်အတွက် အကောင်းဆုံးသော နည်းလမ်းမှာ ကွန်ဒုံး အသုံးပြုခြင်းဖြစ်ကြောင်း သုတေသီ များက ပြောခဲ့သည်။ ကာကွယ် ဆေးတစ်မျိုးပေါ်လာကာ တိုးတက်ပီပြင် လာသောအချိန်အထိ ကွန်ဒုံးများအား ဆက်လက် အသုံးပြုသင့်ကြောင်း သုတေသီများက ဆိုကြသည်။ စမ်းသပ်ချက်အရ ရောဂါထိန်းချုပ် ရေးနှင့် ကြိုတင်ကာကွယ်ရေးဌာနမှ သုတေသီများသည် မျောက်ခြောက်ကောင်အား လေးပတ်တစ်ခါ  ကာကွယ်ဆေးထိုးပေးခဲ့ကြကာ အခြား မျောက်ခြောက်ကောင်ကိုမူ အာနိသင်မရှိသော ဆေးများထိုးပေး ခဲ့ကြသည်။ ထို့နောက် ၁၁ ပတ်ကာလ အပြည့်အတွင်းတွင် ထိုမျောက်များအား ရောဂါပိုးနှင့် အကာအကွယ်မဲ့ ထိတွေ့မည့် အခြေအနေမျိုး ဖန်တီးပေးခဲ့သည်။

ဒုတိယ စမ်းသပ်ချက်မှာ ထို HIV ကာကွယ်ဆေး တစ်ကြိမ်ထိုးထားလျှင် အချိန်ကာလ မည်မျှကြာသည်အထိ အာနိသင် ရှိနေဦးမည်လဲ ဆိုသည့်အချက်ကို သိရှိရန် စမ်းသပ်ကြခြင်းဖြစ်ကာ ထိုကာကွယ် ဆေးတစ်ကြိမ် ထိုးထားသည့် မျောက် ၁၂ ကောင်အား ပျမ်းမျှ ၁၀ ပတ်ခန့်အထိ ကာကွယ်ပေးနိုင်ကြောင်း စမ်းသပ်ချက် အရ သိခဲ့ရသည်။ မျောက်များကို ထိုးပေးခဲ့သည့် ထိုးဆေးတစ်ကြိမ် ပမာဏသည် ထိုကာကွယ်ဆေးပေါ် လာပါက လူများကို သုံးလတစ်ကြိမ် ကာကွယ်ဆေး ထိုးလျှင် ရရှိမည့် ဆေးပမာဏနှင့် ညီမျှသည်။

Scientific American ဂျာနယ် (၀ါရှင်တန်)

Mizzima - HIV ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေး ပေါ်လာနိုင်ခြေရှိကြောင်း သုတေသနများပြော 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top