18
Feb

HIV ဗိုင်းရပ်စ် ကူးစက်မှု၏ အဓိက ပရိုတိန်း ဓာတ်တွေ့ရှိ

အမေရိကန် ပြည်ထောင်စု Johns Hopkins Bloomberg ပြည်သူ့ ကျန်းမာရေး တက္ကသိုလ်မှ သုတေသီ အဖွဲ့သည် HIV ဗိုင်းရပ်စ်က လူသားဆဲလ်ကို ဖျက်ဆီး တိုက်ခိုက်ရာတွင် အသုံးပြုနိုင်သော ပရိုတိန်း မော်လီကျူး တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း၊ ဤတွေ့ရှိချက်သည် HIV ကုထုံး အသစ်များဆီသို့ ဦးတည် သွားနိုင်မည့် HIV ပိုး၏ ပရိုတိန်းနှင့် လူသား ပရိုတိန်းများအကြား ရှုပ်ထွေးစွာ အပြန်အလှန် ဓာတ်ပြုကြပုံနှင့် ပတ်သက်၍ အရေးပါလှသော အဖြေ တစ်ပိုင်း တစ်စ ဖြစ်ကြောင်း တွေ့ ရှိချက် အပြည့်အစုံကို ဇန်နဝါရီလ ၁၉ ရက်နေ့ထုတ် Nature စာစောင်တွင် ပါရှိခဲ့သည်။ (ပရိုတိန်းမော်လီကျူး (Protein Molecule) ဆိုသည်မှာ အသားဓာတ်၏ အခြေခံအကျဆုံး တည်ဆောက်မှုများ ဖြစ်ပါသည်။)

HIV ဗိုင်းရပ်စ်သည် သေးငယ်သော်လည်း လူသားဆဲလ်များရှိ ပရိုတိန်း အမျိုးအစား ၃၀,၀၀၀ ကျော်ကို ရောယှက်ပေါင်းစပ်၍ ထိခိုက်စေနိုင်သော ပရိုတိန်း ၁၅ မျိုးခန့် ပါဝင်သည့် ဆိုးရွားပြင်းထန်သည့် ရောဂါပိုးတစ်မျိုး ဖြစ်ပါသည်။ သဘာဝအားဖြင့် APOBEC3G အမည်ရှိ လူသားပရိုတိန်းသည် HIV ပိုး၏ မျိုးဗီဇ တည်ဆောက် ပုံကို ပြောင်းလဲစေကာ ရောဂါအဖြစ် မကူးစက်အောင် ကာကွယ်နိုင်စွမ်း ရှိသည်။ သို့သော် ပိုးက VIF (Viral Infectivity Factor) ခေါ် ပရိုတိန်းကို ထုတ်၍ APOBEC3G ကို တည်ဆောက်ပုံ ပြောင်းလဲ ဖျက်ဆီးပစ်ပြီးမှ ရောဂါအဖြစ် ကိုယ်တွင်းတွင် အစွမ်းပြသောကြောင့် လူသားများ HIV ဗိုင်းရပ်စ် ကူးစက်မှုကို ရောဂါ မပြီးရခြင်း ဖြစ်လေသည်။ အဆိုပါ VIF က လူသားပရိုတိန်း APOBEC3G က ဖျက်ဆီးသည့်အခါ CB-β ဆိုသည့် အဓိက ပရိုတိန်း တစ်မျိုးကို လိုအပ်ကြောင်း သုတေသီများ တွေ့ရှိခဲ့ကြပါသည်။

ထိုအကြောင်းကို “လူသားပရိုတိန်း APOBEC3G ဟာ HIV ပိုးကို ရောဂါ မဖြစ်အောင် တိုက်ခိုက် ယုတ်လျော့စေဖို့ သဘာဝရဲ့ ဒီဇိုင်းပါပဲ။ ဒါကို ဗိုင်းရပ်စ်က ဖျက်ဆီး အနိုင်ယူဖို့ (ကိုယ်ထဲရောက်တဲ့အခါ) နည်းလမ်းအသစ် ထုတ်ခဲ့ပါတယ်။ ဒါကြောင့် CBF -β ပရိုတိန်းကို တွေ့ရှိခဲ့ခြင်းဟာ ပဟေဠိရဲ့ အရေးကြီးတဲ့ ကွင်းဆက် တစ်ခုကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု မော်လီကျူး အဏုဇီဝဗေဒနှင့် ကိုယ်ခံအားဗေဒ ပါရဂူတန်း ကျောင်းသား တစ်ဦးဖြစ်သူ Sean L.Evans က ရှင်းလင်း ပြောကြားခဲ့သည်။ လေ့လာမှု၏ ခေါင်းဆောင် ပါမောက္ခ Xiao-Fang Yu ကတော့ “ဒီနယ်ပယ်မှာ လုပ်သက် ၂၅ နှစ်ရှိပါပြီ။ အခုကတော့ HIV ပိုး သုတေသန လုပ်ငန်းစဉ်ရဲ့ စိတ်လှုပ်ရှားစရာ အချိန်ပါပဲ” ဟု ဝမ်းသာအားရ မှတ်ချက်ပြုခဲ့သည်။ CBF-β ကဲ့သို့ HIV ပိုး အဓိက ကူးစက်ဖျက်ဆီးမှု၏ အရေးပါသော ပရိုတိန်းကို ရှာဖွေတွေ့ရှိ ခဲ့ခြင်းကြောင့် နောက်ခြေလှမ်း အသစ် တစ်ရပ် အဖြစ် CBF-B နှင့် VIF အကြား အပြန်အလှန် ဓာတ်ပြုဆက်သွယ်မှုကို ဟန့်တားနိုင်ပြီး APOBEC3G ပျက်စီး ခြင်းကို ကာကွယ်ပေးမည့် တားမြစ် အဲန်ဇိုင်းများ (Inhibitors) နှင့် ဆေးဝါးများ ဖော်စပ် စမ်းသပ်ရန်သာ ရှိတော့သည်။ “နောက်စမ်းသပ်ချက်သာ အောင်မြင် ရင်တော့ HIV ဗိုင်းရပ်စ်ကို ပြင်းထန်ထိရောက်စွာ ဟန့်တားဖျက်ဆီးနိုင်မှာ ဖြစ်ပါတယ်” ဟု Evans က ဆက်လက် ရှင်းပြသည်။

ယခုအောင်မြင်ခဲ့သော သုတေသနကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အမျိုးသား ကျန်းမာရေး တက္ကသိုလ်၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန တို့၏ ထောက်ပံ့ကူညီမှုဖြင့် Johns Hopkins Bloomberg ပြည်သူ့ကျန်းမာရေး တက္ကသိုလ်မှ သုတေသီများသည် Jilin တက္ကသိုလ် ဆေးရုံမှ ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း Medical Xpress Website ၏ သတင်း၌ ရေးသား ဖော်ပြထားသည်။

ဆက်ပိုင်လင်းခန့် (ဆေး-၂)

သတင်းရင်းမြစ် - အဖြူရောင်မီဒီယာ

PNSJ - HIV ဗိုင်းရပ်စ် ကူးစက်မှု၏ အဓိက ပရိုတိန်း ဓာတ်တွေ့ရှိ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top