30
Mar

HIV ဗိုင်းရပ်စ်များ လေးလအတွင်း ဦးနှောက်ထဲသို့ ပျံ့နှံ့သွားနိုင်

အေအိုင်ဒီအက်စ်ရောဂါ ဖြစ်စေနိုင်သည့် HIV ဗိုင်းရပ်စ် ကူးစက်ခံရပြီး နောက် ဗိုင်းရပ်စ် တိုက်ဖျက်ရေး ကုထုံးဖြင့် ကုသမှုခံယူခြင်း မရှိ လျှင် ယင်းဗိုင်းရပ်စ်များ လေးလအတွင်း ဦးနှောက်ထဲသို့ ပျံ့နှံ့ရောက်ရှိ သွားနိုင်ကြောင်း လေ့လာမှု အသစ်တစ်ရပ်က ဖော်ပြသည်။

PLOS ဂျာနယ်တွင် ဖော်ပြထားသော ယင်းလေ့လာတွေ့ရှိ ချက်များက HIV ဗိုင်းရပ်စ် ကူးစက်ခံရမှုကို အစောဆုံးသိရှိနိုင်ရန် ပုံမှန်စစ်ဆေးမှု ခံယူရန် အရေးကြီးကြောင်း ဖော်ပြထားသည်။

HIV ဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် ဗိုင်းရပ်စ် တိုက်ဖျက်တားဆီးရေး ဆေး (ART) သောက်သုံးမှု မရှိသောရောဂါရှင် သုံးပုံတစ်ပုံသည် နောက်ပိုင်းတွင် HIV ဗိုင်းရပ်စ်နှင့် ဆက်စပ်သော ကျန်းမာရေး ထိခိုက်မှုများ ဖြစ်လာလိမ့်မည်ဟု အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်မှ အေအိုင်ဒီအက်စ် သုတေသနစင်တာ (CFAR) ညွှန်ကြားရေးမှူး ရော်နယ်ဆ၀န်စထရွန်းက ပြောသည်။

ယင်းလေ့လာမှုအတွင်း HIV ဗိုင်းရပ်စ်ကူးစက်ခံနေသည့် ပထမဆုံး ၂ နှစ်အတွင်း လူနာ ၇၂ ဦးကို လေ့လာခဲ့သည်။ လေ့လာ မှုစတင်ချိန်က ယင်းလူနာများသည် ဗိုင်းရပ်စ်၏ တားဆီးတိုက်ဖျက် ရေးဆေး ART သောက်သုံးမှု မရှိခဲ့ပေ။

ရောဂါပိုး ကူးစက်ခံထားရသူများ၏ သွေးနှင့် ဦးနှောက်ဆိုင်ရာ ကျောရိုးအရည် (CSF) ကို လေ့လာရာတွင် လေးလကြာချိန်၌ ရောဂါရှင် ၂၀ ရာခိုင်နှုန်း၏ ဗဟိုအာရုံကြောစနစ်တွင် ဗိုင်းရပ်စ်များ ပွားများနေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

၎င်းတို့၏ လေ့လာမှုက ရောဂါကူးစက်ခံရသည့် စောစောပိုင်း အခြေအနေတွင် ဗိုင်းရပ်စ်များ ထပ်တူပွားများမှုနှင့် ရောင်ရမ်းမှုတို့ ဖြစ်ပေါ်နိုင်ပြီး ယင်းပျက်စီးမှုများမှာ ပြန်လည်ကုသ၍ မရနိုင်ဖြစ် မည် စိုးရိမ်ရကြောင်း ဆ၀န်စထရွန်းက ပြောသည်။

HIV နှင့် ရောင်ရမ်းမှု (Inflammation) တို့က အသက်အရွယ် ကြီးရင့်မှု ဖြစ်စဉ်ကို အရှိန်မြင့်တက်စေနိုင်ပြီး ဦးနှောက်၏ စဉ်းစား တွေးခေါ်မှု ဆိုင်ရာအပိုင်းကို ထိခိုက်အားနည်းစေနိုင်သည်။ ပြင်း ထန်ပါက HIV ဗိုင်းရပ်စ်နှင့် ဆက်စပ်သည့် ကျန်းမာရေး ဆိုးကျိုးများ ဖြစ်လာနိုင်သည်ဟု ဆ၀န်စထရွန်းက ထောက်ပြသည်။

7 Day Daily - HIV ဗိုင်းရပ်စ်များ လေးလအတွင်း ဦးနှောက်ထဲသို့ ပျံ့နှံ့သွားနိုင်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top