မိခင်မှ သန္ဓေသားသို့ HIV ကူးစက်မှု ကာကွယ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်မှုပေးနေသော်လည်း လာရောက်ကုသမှုခံယူသူ ဝေဒနာသည် မိခင်လောင်းများ နည်းနေသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မြို့ နယ်ပေါင်း ၃၂၅ မြို့နယ် အနက်မှ မြို့နယ် ၁၇ဝ တွင် မိခင်မှ သန္ဓေသားသို့ ရောဂါပိုးကူးစက်မှု တားဆီးကာကွယ်ရေး ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း သိရသည်။ ”အေ့ဒ်စ် ဝေဒနာ သည် ကိုယ်ဝန်ဆောင် မိခင်အနေနဲ့ သန္ဓေသားကို ကူးစက်မှု မရှိစေဖို့ ကိုယ်ဝန် စရှိကတည်းက ARV ဆေးသောက်သုံးမှ ကူးစက်မှု လျော့စေမှာ။ ဒါကို တချို့က မသိတာလား။ လာရောက်ကုသမှု ခံယူဖို့ကို ရှက်ရွံ့ ကြတာလား မသိဘူး။ တကယ် ကုသမှုခံယူတဲ့လူက နည်းတယ်” ဟု ခုခံ/ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်ဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
မိခင်များအနေဖြင့် သန္ဓေသားသို့ HIV ပိုးကူးစက်မှု ကာကွယ်ရာတွင် ကိုယ်ဝန်ရစဉ်ကတည်းက ကိုယ်ဝန်အပ်ရာ၌ အစိုးရဆေးရုံ၊ ကျန်းမာရေး ဆေးပေးခန်းများ၊ HIV နှင့် ပတ်သက်သည့် စစ်ဆေးမှုများကို စီမံချက် နယ်မြေများတွင် ကျန်းမာရေး ဝန်ကြီးဌာနနှင့် UNICEF တို့မှ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ပေးမှုများ ရှိနေသော်လည်း လာရောက်ကုသမှု ခံယူသူအချို့မှာ မွေးဖွားချိန် အလွန်နီးသည့် အခါမှသာ လာရောက်သည့်အတွက် ARV ဆေးကို ထိရောက်စွာ တိုက်ကျွေးခြင်းဖြင့် ရင်သွေးငယ်အား မကူးစက်ရန် အချိန်လွန်နေသည်ကို တွေ့ရကြောင်း ခုခံ/ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက်မှ သိရသည်။
အဆိုပါ အကြောင်းအရာများကြောင့် ၂ဝ၁၅ ခုနှစ်တွင် HIV ပိုးရှိသော ကိုယ်ဝန်ဆောင် အမျိုးသမီး ၈ဝ ရာခိုင်နှုန်းကျော်ကို ARV တိုက်ကျွေးခြင်းဖြင့် ကာကွယ်ကုသရေး များ အရှိန်အဟုန်မြှင့် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ချစ်ဆုဆွေ
Popular - HIV ရှိသော မိခင်လောင်းများ သန္ဓေသားသို့ ရောဂါ မကူးစက်အောင် ကုသမှုနည်းပါး




