HIVကူးစက်ခံထားရကြောင်း ရုတ်တရက်သိလိုက်ရပြီး စိတ်ဆောက်တည်ရာမရ
ဖြစ်နေသူများအတွက် ဖုန်းဖြင့် နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းများကို လက်ရှိ HIVဖြင့်
နေထိုင်ရသူများမှ အခမဲ့ စေတနာ့ဝန်ထမ်း ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။
HIVကူးစက်ခံထားရကြောင်း ရုတ်ရက်သိလိုက်ရသူများအတွက် နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းများ
မရှိပါက စိတ်ဓာတ်ကျသိမ်ငယ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်း၊ ကုထုံးလွဲကာ
ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရခြင်း များ ဖြစ်ပေါ်တတ်သဖြင့် လက်ရှိ HIV ဖြင့် နေထိုင်နေရသူ
၃ ဦးမှ HIV Hot Line Initiative အဖွဲ့ကို ဖွဲ့စည်းကာ ဖုန်း ဖြင့်ဆက်သွယ်လာသူတိုင်းကို
နှစ်သိမ့်ဆွေးနွေးပညာပေးသွား ရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။
ကုထုံးလွဲခြင်းကြောင့် မလိုလားအပ်ဘဲ ငွေကြေး အမြောက်အမြား
ကုန်ဆုံးစေသည့်အပြင် HIV/AIDS အတွက် အဓိကဆေးဖြစ်သော ARV ဆေးယဉ်ပါးသွားတတ်ပြီး ဈေးကြီး၍
ဘေးထွက်ဆိုးကျိုး လွန်ကဲသော တတိယအဆင့်သို့ ပြောင်းလဲသောက်ရကြောင်း၊ ထို့ထက်ပိုဆိုးသည်မှာ
မထူးဇာတ်ခင်း၊ ထင်ရာ ဆိုင်းပါက HIV ကူးစက်မှု နှုန်းကို တိုးပွားစေကြောင်း၊ ထိုကဲ့သို့
အဖြစ်ဆိုးများ မဖြစ်ပေါ်စေရန်အတွက် လိုအပ်သော အသိပညာပေးခြင်း၊ နှစ်သိမ့်မှု ပေးခြင်း၊
HIV နှင့်မှန်ကန်သော နေထိုင်ခြင်းများရရှိရန် လိုအပ် ကြောင်း အဆိုပါအဖွဲ့မှ သိရသည်။
”ကျွန်တော်တို့က ဒီအဖွဲ့လေးကို ကျွန်တော်ရယ်၊ ကျွန်တော့်ဇနီးရယ်၊
နောက်တစ်ယောက်ရယ်နဲ့ စခဲ့ တာပါ။ အဓိက,ကတော့ ဆေးဝါးလမ်းကြောင်းလွဲ၊ ကုထုံးလွဲပြီး မဖြစ်သင့်တာတွေ
မဖြစ်ရအောင်၊ HIV ရှိနေတာကို ရုတ်တရက် သိလိုက်ရပြီး ထင်ရာဆိုင်းတာတွေ မဖြစ်ရအောင်၊
နောက်အန္တရာယ် ရှိနိုင် တာတွေလည်း ဆက်မဖြစ် နိုင်အောင် ဖုန်းနဲ့ဆက်သွယ်လာရင် အကူအညီပေးမယ်။
လူချင်းတွေ့ပြီး ထိုသူအတွက်လိုအပ် ချက်တွေကို တတ်စွမ်းသမျှ ပံ့ပိုးကူညီပေးသွား မှာပါ”ဟု
အဆိုပါအဖွဲ့မှ ကိုဝဏ္ဏ ဆိုသူကပြောသည်။ ကိုဝဏ္ဏတို့ဇနီး မောင်နှံသည် HIVကူးစက်ခံနေရ ကြောင်းကို
၂ဝဝ၃ ခုနှစ်တွင်မှ သိခဲ့ ရခြင်းဖြစ်ပြီး ၄င်းတို့အတွက် နှစ်သိမ့် ဆေးနွေး ပညာပေးမှုများမရသည့်
အပြင် HIV ရောဂါ ကူးစက်ခံထားရသည်ကိုပါ မသိအောင် ဖုံးကွယ်ခံထားရသောကြောင့် HIVနှင့်မှန်ကန်စွာ
နေထိုင်နည်း ဗဟုသုတများ မရရှိဘဲ ကုထုံးလွဲပြီး မလိုအပ်သော ပြည်ပပရဆေးများကို ဈေးကြီးပေးသောက်ခြင်း၊
လိုအပ်သော ARV ဆေးသောက်လက်စကိုဖြတ်လိုက်ခြင်း စသဖြင့် အမှားများကို ဆက်တိုက် ကျူးလွန်ခဲ့ကြကြောင်း၊
ပရဆေးကို အားကိုးတကြီးသောက်ရခြင်းကြောင့် ငွေကျပ် သိန်း ၃ဝကုန်ခဲ့ရပြီး သောက်လက်စ
ARV ပထမအဆင့် ပေါင်းစပ် ကုထုံး ART ကို ဖြတ်လိုက် ခြင်းကြောင့် ဆေးယဉ်ပါးပြီး ယခု ဒုတိယအဆင့်ကို
ပြောင်းလဲ သောက်သုံးနေရပြီဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ အခြေအနေ များကြောင့် နှစ်သိမ့်ဆွေးနွေးပညာပေးမှု
မရဘဲ HIVကူးစက်ခံထားရကြောင်း ကိုရုတ်တရက် သိလိုက် ရသူများအနေဖြင့် ဖုန်းဖြင့်နှစ်သိမ့်ဆွေးနွေး
ပညာပေးမှုကို လုပ် ဆောင်လိုလျှင် ကိုဝဏ္ဏ ဝ၉-၄၉၃၄ဝ၄၃၅ နှင့် မသီတာ ဝ၉- ၄၉၂၉၄၂၂၅ သို့ဆက်သွယ်
မေးမြန်းနိုင်ကြောင်းသိရသည်။
မင်းချစ်နိုင်
ပေါ်ပြူလာဂျာနယ်
- HIV
ရှိကြောင်း ရုတ်တရက်သိလိုက်ရသူများ အမှားကင်းစွာနေထိုင်နိုင်ရေး ပညာပေးမည်




