ကုလသမဂ္ဂပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က ဦးစီးတဲ့ မြန်မာနိုင်ငံက အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူ လူငယ်တွေ တက်ရောက်မယ့် ခေါင်းဆောင်မှု သင်တန်းတခုကို ရန်ကုန်မြို့မှာ ကျင်းပမယ်လို့ ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၉ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ ၅ ရက်ကြာ သင်တန်းဟာ လူငယ်တွေအကြား အိပ်ခ်ျအိုင်ဗွီ တားဆီးရေးလုပ်ငန်းရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ယူနက်စကိုက ဆိုပါတယ်။ ဒီသင်တန်းဟာ အိပ်ခ်ျအိုင်ဗွီကို နိုင်ငံအဆင့် တုံ့ပြန်မှုအတွက် ပြင်ဆင်တဲ့အနေနဲ့ အနာဂတ်ခေါင်းဆောင်တွေ မွေးထုတ်ဖို့ ဖြစ်ပါတယ်။
ဒီသင်တန်း ရည်ရွယ်ချက်ကို မြန်မာနိုင်ငံ အိပ်ခ်ျအိုင်ဗွီနဲ့ အေအိုင်ဒီအက်စ် အမျိုးသားပရိုဂရမ် အရာရှိ ဒေါက်တာ ယုယုအောင်က အခုလိုပြောပါတယ်။ “အိပ်ခ်ျအိုင်ဗွီ အဓိက ကူးစက်ခံနေရတဲ့ လူငယ်အုပ်စုတွေက အိပ်ခ်ျအိုင်ဗွီကို ကာကွယ်တားဆီးတဲ့နေရာမှာ ပိုမို ပါဝင်လာစေချင်လို့ပါ။”
ဒီသင်တန်းမှာ အမျိုးသားအချင်းချင်း လိင်ဆက်ဆံရာက၊ မူးယစ်ဆေးဝါးထိုးသွင်းရာက၊ အိပ်ခ်ျအိုင်ဗွီရှိသူနဲ့ လိင်ဆက်ဆံရာက၊ လိင်ပြောင်းလဲရာကနေ ကူးစက်ခံကြတဲ့လူငယ်တွေနဲ့ အဲဒီလို လူငယ်တွေအတွက် အလုပ်လုပ်နေကြသူတွေ ပါဝင်တက်ရောက်ကြဖို့ လျှောက်ထားနိုင်ပြီး အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အတွင်း ကန့်သတ်ထားပါတယ်။
ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်မှာ ကျင်းပမယ့် ဒီသင်တန်းမှာ အများဆုံး သင်တန်းသား ၃၀ ဦးကို အခမဲ့ ပို့ချမှာဖြစ်သလို နေ့လယ်စာ တာဝန်ယူပြီး နယ်ကနေ လာရောက်သူတွေအတွက် သွားလာနေထိုင် စားသောက်စရိတ် တာဝန်ယူမှာ ဖြစ်ပါတယ်။ တက်ရောက်လိုသူတွေက သင်တန်း မစတင်ခင် ၃ ပတ် ကြိုတင် လျှောက်ထားကြရမယ်လို့ ဆိုပါတယ်။
သင်တန်းအတွက် ရန်ပုံငွေကို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း တွေဖြစ်တဲ့ UNAIDS, UNICEF, UNFPA နဲ့ UNESCO ဒေသရုံးခွဲက ထောက်ပံ့ပါတယ်။
DVB - HIV လူငယ်ခေါင်းဆောင်မှု ရက်တိုသင်တန်း ယူနက်စကို ပြင်ဆင်




