Q- ARV ဆေးကို စားလျှင် တစ်နေ့ ကုန်ကျငွေ ဘယ်လောက်ရှိမည်ကို သိချင်ပါသည်။ ပြီးတော့ ဘယ်လိုဆရာဝန်နဲ့ ပြရမယ်ဆိုတာကို လမ်းညွန့်ပေးပါ ခင်ဗျား။
A- ဆေးစစားဖို့ အတွက် CD4 စမ်းသပ်စစ်ဆေးမှု ပြီးမပြီးဆိုတဲ့ အချက်က အရေးကြီးပါတယ်။ နောက် စီဒီဖိုး အရေအတွက် ၂၀၀ အောက် (သို့မဟုတ်) ၃၅၀ အောက် ရှိမှသာ အခုဆေးကို သုံးစွဲဖို့ သင့်လျော်ပါတယ်။
---------
ARV ဆေးကိုသောက်မယ်ဆိုရင် သိထားသင့်တဲ့အချက်တွေကို ပြောပြပါ့မယ်
ပထမဆုံး အချက်ကတော့ ARV ဆေးဟာ HIV ပိုးရှိတဲ့ လူတိုင်း သောက်ရမယ့်ဆေး မဟုတ်ပါဘူး.....။
ဆိုလိုတာက မိမိသဘောနဲ့ သောက်လို့မရပါဘူး......။ ဘယ်အချိန်မှာ သောက်ရမယ်၊ ရောဂါဘယ်အဆင့်မှ သောက်ရမယ်..... ဆိုတဲ့ သတ်မှတ်ချက်တွေ ရှိပါတယ်.....။
ဒါကြောင့် ဆရာဝန်နဲ့ ပြပြီးမှ သောက်သင့်ပါတယ်။ ဘယ်လိုဆရာဝန်မျိုးနဲ့ ပြသင့်သလဲဆိုရင် ခုခံအားကျ အထူးကု ဆရာဝန်ကြီးတွေတော့ ရန်ကုန်လို မြို့ကြီးတွေမှာ ရှိပါတယ်။ နယ်တွေမှာဆိုရင်တော့ သမားတော် (Physicians) တွေနဲ့ တိုင်ပင်သင့်ပါတယ်။ နယ်ဆေးရုံတွေမှာတော့ ကာလသားရောဂါနဲ့ ခုခံအားကျရောဂါ တိုက်ဖျက်ရေးအဖွဲ့တွေ ရှိပါတယ်။ အနည်းဆုံး မိသားစုဆရာဝန် သို့မဟုတ် အထွေထွေရောဂါကုဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ရောဂါအခြေအနေ (ရောဂါအဆင့်သတ်မှတ်ချက်) တွေကို ဆရာဝန်က ဉ်ီးစွာ စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒါနဲ့တင် မလုံလောက်သေးပါဘူး။ သွေးထဲက စီဒီဖိုး (CD4) လို့ ခေါ်တဲ့ ဆဲလ်အရေအတွက်ကိုလည်း စစ်သင့်ပါတယ်။ ဒါတွေစစ်ပြီးမှ သက်ဆိုင်ရာ ဆရာဝန်က ARV ဆေးသောက်သင့် မသောက်သင့် ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။
ဆေးကိုသောက်မယ်ဆိုရင် လွယ်လွယ်နဲ့ အခုသောက် အခုပျောက် မဟုတ်ပါဘူး။ ရေရှည်ကို စဉ်းစားရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဆေးဟာ စပြီးရင် ရပ်လိုက်လို့ မရပါဘူး။ သက်တမ်းရှိနေသေးသရွေ့ သောက်နေရမှာပါ။ ဆေးစသောက်ပြီး ၂ လလောက်ဆိုရင် လူနာတွေက အခြေအနေ တိုးတက်လာတာကို တွေ့ရပါတယ်။ အဲဒီအချိန်မှာ ကောင်းလာတယ် ခံစားရတာတွေ သက်သာလာတယ်ဆိုပြီး ဆေးကို ရပ်လိုက်လို့မရပါဘူး။ ဘာလို့လဲဆိုတော့ ARV ဆေးဟာ HIV ရောဂါပိုးတွေ ကိုယ်ထဲမှာ မပွားအောင်သာ လုပ်ပေးနိုင်တာပါ။ ပိုးတွေကို မသတ်နိုင်ပါဘူး။ ဒါကြောင့် ပုံမှန် သောက်နေဖို့ လိုပါတယ်။
ဒီနေရာမှာ စဉ်စားစရာတွေကတော့ ငွေကြေးပါ။ ဆေးသောက်မယ်ဆိုရင် ဈေးအသက်သာဆုံး ဆေးအမျိုးအစားတွေက တစ်လကို ၄ သောင်းလောက် ကုန်ပါတယ်။ ဒါက သာမန် (ပထမတန်းစား-1st line drugs) ဆေးပါ။ ဈေးတွေကတော့ သွင်းတဲ့ ကုမ္ပဏီတွေပေါ် မူတည်ပြီး ကွာပါတယ်။ ပထမတန်းစားဆေးနဲ့ မတိုးတဲ့ သူတွေကတော့ ဒုတိယတန်းစား (2nd line drugs) တွေကို သောက်ရပါတယ်။ ဒါတွေက ပိုဈေးကြီးပါတယ်။ တစ်လကို ၁ သိန်းကျော် ကုန်ပါတယ်။ ဆေးမတိုးတာကတော့ ပထမတန်းစားဆေးကို သောက်ရင်း ရပ်လိုက်တဲ့သူတွေမှာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပုံမှန်နေ့စဉ် သောက်ရမယ်လို့ အထက်မှာ ပြောခဲ့တာပါ။ ဒါ့အပြင် ဆေးတွေရဲ့ သဘာဝအတိုင်း ARV ဆေးမှာ ဘေးထွက်ဆိုးကျိုးတွေလည်း များပါတယ်။ ဒါကြောင့် မိမိသဘောနဲ့ မသောက်ပါနဲ့လို့ ပြောပါရစေ။
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ARV ဆေးသောက်မှ အသက်ရှည်မယ်လို့ မယူဆစေချင်ပါဘူး။ ခုခံအားကောင်းအောင် လုပ်လို့ရတဲ့ နည်းတွေ ရှိပါသေးတယ်။ ဥပမာ အနေ၊ အအိပ်၊ အစား သတိထားမယ်။ မူးယစ်ဆေးကို ရှောင်မယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်မယ်။ စိတ်တည်ငြိမ်အောင် တရားဘာဝနာ ရှုမယ်။ နှစ်သက်ရာ ၀ါသနာပါတာတွေကို စိတ်အပန်းပြေအောင် လုပ်မယ်။ မိသားစု အပေါင်းဖော်တွေနဲ့ သိုက်သိုက်ဝန်းဝန်း နေမယ် .. မိမိမှာဖြစ်နေတဲ့ အခွင့်ကောင်း စောင့်ဝင်လာတဲ့ ရောဂါတွေ (opportunistic infection-ဥပမာ ၀မ်းပျက် ၀မ်းေ
လျှာ၊ တီဘီ၊ ရေယုန်)..ကို ကုမယ်...... စတာတွေကလည်း ARV ဆေးနီးပါး အစွမ်းထက်ပါတယ်။
ဒီလောက်ဆို ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်....။




