4
Mar

HIV ဆေးနဲ့ အမေးအဖြေ (၁)

၁ - မေး။    ။ ကျွန်တော် ရည်းစားကောင်မလေး တစ်ယောက်နဲ့ အတူနေတော့ ကျွန်တော် ကွန်ဒုံး အသုံးပြုခဲ့ ပါတယ်...ဒါပေမယ့် စကားပြော ရိုင်းရင် ခွင့်လွှတ်ပါ.. သူမရဲ့ မိန်းမ ကိုယ်ကို နမ်းစုပ် ခဲ့မိပါတယ်... သူမဟာ အခုဆိုရင် HIV ပိုး ရှိနေသူ ဖြစ်နိုင်ခြေတွေ ရှိနေတဲ့ အခါ ကျွန်တော် တော်တော်လေးကို ကြောက်ရွံ့မိပါတယ်... ကျွန်တော် သိချင်တာက HIV ပိုးကို တားဆီးထားလို့ ရတယ်လို့တော့ ကြားဖူးပါတယ်.. အဲဒါ တကယ် ဟုတ်ပါသလား ခင်ဗျာ... ART ဆေး ပုံမှန်သောက်ခြင်း အားဖြင့် ပိုးကို တားဆီးထားနိုင်တယ်လို့ ကြားဖူးပါတယ်... အဲဒါ တကယ် ဟုတ်မဟုတ် သိချင်ပါတယ် ခင်ဗျာ.. ကျေးဇူးပြုပြီး ဖြေကြားပေးစေ ချင်ပါတယ်....

ဖြေ။    ။ အမျိုးသမီးရဲ့ မိန်းမကိုယ်ကို နမ်းတာကတော့ HIV ပိုး  ကူးနိုင်ခြေ ရှိပါတယ်။ သူမမှာ HIV ပိုး ရှိနေသူဖြစ်နိုင်ခြေတွေ ရှိနေတယ်ဆိုတာ မိတ်ဆွေက ဘယ်လို အထောက်အထားကြောင့် ပြောနိုင်တာပါလဲ?၊ သူမမှာ သွေးစစ်ထားလို့ HIV ရှိကြောင်း သိထားလို့လား? ဒါမှ မဟုတ် မိတ်ဆွေ စိတ်က ထင်နေတာလား ဆိုတာ ကျနော်တို့ဘက်က သိချင်ပါဘယ်။

HIV ပိုးကို တားဆီးထားလို့ ရတယ်ဆိုတာက HIV ပိုး ရှိတဲ့သူမှာ HIV ပိုးတွေ မျိုးမပွားအောင် ထိန်းထားတာပါ။ ဆေးတွေသောက်ရပါတယ်။ မိတ်ဆွေ သိထားတဲ့ ART ဆိုတာ HIV ပိုးတွေ မျိုးမပွားအောင် ထိန်းတဲ့ ဆေးတွေကို ပြောတာပါ။ ဒီဆေးတွေကို HIV ပိုး ရှိသူတိုင်း သောက်စရာ မလိုပါဘူး။ သူ့ရောဂါ  အဆင့်နဲ့သူ လိုအပ်မှ ဆရာဝန်တွေက ပေးထားပါ။ အသေးစိတ်ကို ART အကြောင်း သိကောင်းစရာ ဆိုတဲ့ HIM ရဲ့ စာမျက်နှာမှာ အသေးစိတ် ဖတ်စေချင်ပါတယ်။

လောလောဆယ်မှာ မိန်းကလေးရဲ့ မိန်းမကိုယ်ကို နမ်းခဲ့မိလို့ စိတ်သောက ရောက်နေတယ်ဆိုရင်တော့ မိတ်ဆွေမှာ ဒီပိုးရှိ/မရှိ သွေးစစ်သင့်ပါတယ်။ အဲဒီလို နမ်းခဲ့တာ ဘယ်လောက်ကြာပြီလဲ။ လွန်ခဲ့တဲ့ ၃ လအတွင်းက နမ်းခဲ့တာဆိုရင်တော့ ၃ လကျော်မှ သွေးစစ်ပါ။

မိန်းကလေးနဲ့ အခုထိ သိကျွမ်းနေသေးလို့ သူကလည်း စစ်ချင်တယ်ဆိုရင်တော့ နှစ်ယောက်စလုံး သွေးစစ်ပြီး သံသယတွေကို ရှင်းထုတ်လိုက်တာ ပိုကောင်းပါတယ်။

၂ - မေး။    ။ Dinmek ရဲ့ အစွမ်းကို သိချင်ပါတယ်

ဖြေ။    ။ Dinmek ဆိုတာ ကုမ္ပဏီက ထုတ်တဲ့ နာမည်ပါ။ သူ့ရဲ့ မူလ ဆေးအမျိုးအမည်ကတော့ Tenofovir ဖြစ်ပါတယ်။ ဒီဆေးဟာ HIV ပိုးတွေ သွေးထဲမှာ မျိုးပွားတာကို လျော့ချပေးပြီး (HIV ပိုးကို မသတ်နိုင်ပါ)  HIV ပိုးကူးစက်ခံရတဲ့ သူတွေကို AIDS ရောဂါအဆင့်သို့ မရောက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒီဆေးကို အမေရိကမှာ ၂၀၀၆ ဇူလိုင်မှာ စတင် သုံးခွင့် ပေးခဲ့ပြီး ဥရောပမှာ ၂၀၀၇ နှစ်ကုန်ခါနီးမှာ စတင် အသုံးပြုခွင့် ပေးခဲ့ပါတယ်။

ဒီဆေးက သောက်ဆေးဖြစ်ပါတယ်။ တစ်နေ့ တစ်လုံး သောက်ရတဲ့ ဆေးမျိုးထဲမှာ ပါပါတယ်။ တစ်ချို့ ဆေးတွေမှာ တခြားဆေးတွေနဲ့ ပေါင်းပြီး ပေါင်းစပ်ဆေး အသွင်နဲ့လည်း တွေ့နိုင်ပါတယ်။ ဒီဆေးကို တချို့သော အသည်းရောင် အသားဝါ ဘီပိုး ရှိသူတွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။

ဒီဆေးကို အစာနဲ့ တွဲမသောက်ရပါဘူး။ ဆေးမှာ ဘေးထွက် ဆိုးကျိုးအနည်းငယ် ရှိပါတယ်။ အထူးသဖြင့် အစာအိမ်လမ်းကြောင်းမှာပါ။ ဥပမာ - အစား အသောက်ပျက်ခြင်း၊ လေထခြင်း၊ အစာမကြေဖြစ်ခြင်း၊ အန်ခြင်း၊ ၀မ်းပျက်ခြင်း စတာတွေဖြစ်တတ်ပါတယ်။ ဒီဆေးရဲ့ ဆိုးဝါးတဲ့ ဆိုးကျိုးကတော့ အသည်းမှာ လက်တစ်အက်ဆစ်ကို များစေခြင်းနဲ့ ကျောက်ကပ်ကို ထိခိုက်ခြင်းပါ။ အထက် ဥပမာကပြောခဲ့တဲ့ လက္ခဏာတွေ ပြင်းထန် ရင်တော့ ဆရာဝန်နဲ့ပြပြီး ဆေးရဲ့ ဘေးထွက်ဆိုးကျိုး  ရှိ/မရှိကို စစ်ဆေးသင့် ပါတယ်။

ဒီဆေးကို didanosine ဆိုတဲ့ ဆေးနဲ့ တွဲမသောက်ရပါဘူး။ didanosine က HIV ပိုးကို လျော့ကျစေတဲ့ ဆေးတစ်မျိုးပါ။ ဒီဆေး (၂) မျိုးကို တွဲသောက်ရင် ဆေးရဲ့ ဘေးထွက် ဆိုးကျိုးတွေ များလာပြီး ဆေး မတိုးတာ ဖြစ်တတ် ပါတယ်။

Dinmek ကို အသက် (၁၈) နှစ်အောက် ကလေးတွေကို သာမန်အားဖြင့် ပေးလေ့ မရှိပါဘူး။ ကလေးတွေမှာ ဒီဆေးတိုက်ရင် အရိုးသိပ်သည်းဆ ကျတတ်လို့ပါ။ Dinmek ကို ကိုယ်ဝန်ဆောင် မိခင်တွေမှာ ပေးသင့်/မပေးသင့်ကတော့ အခုထိ အဖြေရှာနေဆဲပါ။ သုတေသန အချို့ကတော့ Dinmek ကို သုံးရင် မွေးလာတဲ့ ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီလောက်ဆို ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်....

လေးစားလျက်
လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top