14
Mar

HIV ဆေးနဲ့ အမေးအဖြေ (၂)

မေး။    ။ Dinmek ရဲ့ အစွမ်းကို သိချင်ပါတယ်

ဖြေ။    ။ Dinmek ဆိုတာ ကုမ္ပဏီက ထုတ်တဲ့ နာမည်ပါ။ သူ့ရဲ့ မူလ ဆေးအမျိုးအမည်ကတော့ Tenofovir ဖြစ်ပါတယ်။ ဒီဆေးဟာ HIV ပိုးတွေ သွေးထဲမှာ မျိုးပွားတာကို လျော့ချပေးပြီး (HIV ပိုးကို မသတ်နိုင်ပါ)  HIV ပိုးကူးစက်ခံရတဲ့ သူတွေကို AIDS ရောဂါအဆင့်သို့ မရောက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒီဆေးကို အမေရိကမှာ ၂၀၀၆ ဇူလိုင်မှာ စတင် သုံးခွင့် ပေးခဲ့ပြီး ဥရောပမှာ ၂၀၀၇ နှစ်ကုန်ခါနီးမှာ စတင် အသုံးပြုခွင့် ပေးခဲ့ပါတယ်။

ဒီဆေးက သောက်ဆေးဖြစ်ပါတယ်။ တစ်နေ့ တစ်လုံး သောက်ရတဲ့ ဆေးမျိုးထဲမှာ ပါပါတယ်။ တစ်ချို့ ဆေးတွေမှာ တခြားဆေးတွေနဲ့ ပေါင်းပြီး ပေါင်းစပ်ဆေး အသွင်နဲ့လည်း တွေ့နိုင်ပါတယ်။ ဒီဆေးကို တချို့သော အသည်းရောင် အသားဝါ ဘီပိုး ရှိသူတွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။

ဒီဆေးကို အစာနဲ့ တွဲမသောက်ရပါဘူး။ ဆေးမှာ ဘေးထွက် ဆိုးကျိုးအနည်းငယ် ရှိပါတယ်။ အထူးသဖြင့် အစာအိမ်လမ်းကြောင်းမှာပါ။ ဥပမာ - အစား အသောက်ပျက်ခြင်း၊ လေထခြင်း၊ အစာမကြေဖြစ်ခြင်း၊ အန်ခြင်း၊ ၀မ်းပျက်ခြင်း စတာတွေဖြစ်တတ်ပါတယ်။ ဒီဆေးရဲ့ ဆိုးဝါးတဲ့ ဆိုးကျိုးကတော့ အသည်းမှာ လက်တစ်အက်ဆစ်ကို များစေခြင်းနဲ့ ကျောက်ကပ်ကို ထိခိုက်ခြင်းပါ။ အထက် ဥပမာကပြောခဲ့တဲ့ လက္ခဏာတွေ ပြင်းထန် ရင်တော့ ဆရာဝန်နဲ့ပြပြီး ဆေးရဲ့ ဘေးထွက်ဆိုးကျိုး  ရှိ/မရှိကို စစ်ဆေးသင့် ပါတယ်။

ဒီဆေးကို didanosine ဆိုတဲ့ ဆေးနဲ့ တွဲမသောက်ရပါဘူး။ didanosine က HIV ပိုးကို လျော့ကျစေတဲ့ ဆေးတစ်မျိုးပါ။ ဒီဆေး (၂) မျိုးကို တွဲသောက်ရင် ဆေးရဲ့ ဘေးထွက် ဆိုးကျိုးတွေ များလာပြီး ဆေး မတိုးတာ ဖြစ်တတ် ပါတယ်။

Dinmek ကို အသက် (၁၈) နှစ်အောက် ကလေးတွေကို သာမန်အားဖြင့် ပေးလေ့ မရှိပါဘူး။ ကလေးတွေမှာ ဒီဆေးတိုက်ရင် အရိုးသိပ်သည်းဆ ကျတတ်လို့ပါ။ Dinmek ကို ကိုယ်ဝန်ဆောင် မိခင်တွေမှာ ပေးသင့်/မပေးသင့်ကတော့ အခုထိ အဖြေရှာနေဆဲပါ။ သုတေသန အချို့ကတော့ Dinmek ကို သုံးရင် မွေးလာတဲ့ ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒီလောက်ဆို ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်....

မေး။    ။ ကျွန်တော်က HIV ဝေဒနာသည် တစ်ယောက်ပါ။ Dinmek ကို ဆရာက တစ်နေ့တစ်လုံး သောက်ခိုင်း ပါတယ်။တစ်ရက် ကျွန်တော် ဆေးသောက်တာ နှစ်နှာရီ နောက်ကျသွားတယ်.. အဲဒါ ဘယ်လို ဖြစ်နိုင်ပါသလဲ ခင်ဗျာ။

ဖြေ။    ။ ART ဆေးတွေကို သောက်တဲ့အခါမှာ ဆရာဝန်တွေက အချိန်မှန်အောင် သောက်ဖို့ ပြောလေ့ ရှိပါတယ်။ ဒါဟာ ဆေးတွေရဲ့ အာနိသင်ဟာ နာရီပိုင်းနဲ့ ကိုယ်ထဲမှာ အစွမ်းပြပုံ မတူကြလို့ပါ။ ဖြစ်နိုင် ရင် သောက်တဲ့ အချိန်ကို သတ်မှတ်ထားသင့်ပါတယ်...

ဥပမာ နေ့စဉ် နံနက် ၇ နာရီဆိုရင် alarm ပေးထားသင့်ပါတယ်... မှန်မှန်သောက်ခြင်းအားဖြင့် ဆေးတွေရဲ့ အာနိသင် ကိုယ်ထဲမှာ ပုံမှန် အစွမ်းပြနေတော့ ပိုးတွေပွားတာကို နည်းစေပါတယ်။ အချိန် မမှန်ပဲ သောက်ရင်တော့ ဆေး အာနိသင်က မတိကျတော့ဘူး။ ပိုးတွေကို မဖိနှိပ် ထားနိုင်ဘူးပေါ့။

တစ်ခါတစ်ရံ ၁ နာရီ ၂ နာရီကွာသွားတာ အကြောင်းထူး မရှိပါဘူး။ ဒါပေမယ့် နေ့တိုင်း အချိန်မှန် သောက်နိုင်ရင် အကောင်းဆုံးပါ။

လေးစားလျက်
လမင်းကို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top