9
Sep

HIV ဆေး အတွဲသစ်နဲ့ မြန်မာနယ်စပ်က အဖြစ်အပျက်

သိပ္ပံ့ညာရှင်တွေ ကနေ HIV ကုသရေးအတွက် ပိုပြီး ထိရောက်မယ်လို့ ယူဆရတဲ့ ၂ မျိုးတွဲဆေးကို စမ်းသပ်လိုက်ပါတယ်။ Decitabine နဲ့ Gemcitabine တွေကို ပေါင်းစပ်ထားတာပါ။ အရင်က ထိုးဆေးအနေနဲ့သာ ရနိုင်ရာကနေ အခု Pills စားဆေး အဖြစ် ထုတ်လုပ်တာဖြစ်ပါတယ်။ ဒီသတင်းဟာ Journal Antiviral Chemistry & Chemotherapy မှာ ၁-၈-၂ဝ၁၃ နေ့က ရေးသားထာတဲ့ နောက်ဆုံးရသတင်းဖြစ်ပါတယ်။

“ဆေးနေ့တိုင်း ထိုးဘို့လိုမဲ့ သူတွေကို နေ့တိုင်း သွေးပြန်ကြောထဲ ထိုးပေးနေရပါတယ်” လို့ (မင်နီဆိုးတာ) တက္ကသိုလ်၊ ဆေးပုံစံဌာနက ပါမောက္ခ (စတီဗင် ပက်တာဆင်) ကပြောပါတယ်။ ဆေးတွေကို FDA ကလဲ ၂ဝ၁ဝ ကတည်းက အသိအမှတ် ပြုထားပြီးသာဖြစ်တယ်လို့ ဆိုပါတယ်။

တချို့ ပိုးရှိနေသူတွေမှာ ဗိုင်းရပ်စ်တွေက Mutagenesis မျိုးဗီဇပြောင်းလဲမှုက အမြန်ကြီးဖြစ်ကြတယ်။ ဒီဆေးကနေ အဲလိုဖြစ်မှာကို တားပေးနိုင်တယ်။ လက်ရှိသုံးနေတဲ့ ဆေးအတွဲကို ခံနိုင်ရည် ရှိနေသူတွေကိုလဲ ဒီဆေးအတွဲနဲ့ အစားထိုးနိုင်ပါမယ်။

ဒီဆေးအတွဲက HIV ကိုသာမကဘဲ Leukaemia သွေးကင်တာကိုပါ ကုသနိုင်မယ်လို့ ယူဆပါသေးတယ်။ လုပ်စရာတွေ အများကြီးကျန်သေးပေမဲ့ အကောင်းသဘောမြင်ပါတယ်လို့ (ပီတဆင်) က ပြောပါသေးတယ်။ ဒီဆေး သုတေသန သတင်းနဲ့ အတူ မြန်မာနိုင်ငံက HIV သတင်းလဲ စုံစမ်းလို့ သိရတာရှိပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်မှာ HIV ပိုးရှိသူတွေနဲ့ TB ရောဂါရှိသူတွေကို MSF ခေါ်တဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ကနေ အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်၊ (ချူရာချန်ပူ) မြို့လေးမှာ စခန်းဖွင့်ပြီး၊ အကူအညီပေးနေ ပါတယ်။ ပြီးခဲ့တဲ့နှစ် အတွင်းမှာ မြန်မာနိုင်ငံက ရောဂါသည်ပေါင်း ၇ဝဝ လာပြီးဆေးကုသမှု ခံယူကြတယ်လို့ သိရပါတယ်။ နယ်စပ်မြို့လေးဖြစ်တဲ့ (မိုးရေး) မှာ ဆေးခန်း ခွဲဖွင့်တဲ့ ဆီကို ဆေးလာယူကြရပါတယ်။ အိမ်ရှင်အစိုးရကရော သူပုန်တွေကပါ အနှောင်အယှက်မပြုလို့ မြန်မာဝေဒနာသည်တွေကိုစား ကျေးဇူးတင်ပါတယ်။

မြန်မာလူနာတွေဘာလို့ HIV ပိုးဝင်သလဲဆိုတာ MSF မှာ တနှစ်တိတိ အလုပ်လုပ်ခဲ့တဲ့ အိန္ဒိယဆရာဝန် (ဒေါက်တာ အရှုတ်) ကို မနေ့ကဘဲ စူးစမ်းကြည့်တော့၊ ဆေးထိုးအပ်နည်းလမ်းရော၊ လိင်ကတဆင့်ရောနဲ့ မနည်းတာက မိခင်ကနေ မွေးလာတဲ့သူ့ကလေးကို ကူးတာတွေကြောင့်လို့ ဆိုပါတယ်။ စိတ်မကောင်းပါ။ တီဘီ နဲ့ HIV တွဲဖြစ်နေသူလဲ မနည်းဘူးတဲ့။ ဆေးတွေကို ခံနိုင်နေတဲ့ တီဘီ ရောဂါသည်လဲ များတယ်လို့ဆိုပါတယ်။ လူငယ်လူရွယ်တွေ မူးယစ်ဆေးသုံးလို့ ဆေးထိုးအပ် မျှသုံးတာရော၊ ရမ်းကုနည်းနဲ့ အကာအကွယ်မလုပ်ကြတာနဲ့ ကျန်းမာရေး ဝန်ထမ်းတွေကနေ ပညာရှင်မဆန်တဲ့ ဆေးကုသနည်းတွေကြောင့်လဲ သွေးကနေတဆင့် HIV ပိုးကူးစက်ရတယ်လို့ သိရပါသေးတယ်။

HIV ဆေးကို နောက်ဆုံး WHO ကသတ်မှတ်ချက်ဟာ CD4 အရေအတွက် ၅ဝဝ အထိကျနေသူတိုင်းကို ARVs/ARTs ဆေးပေးဘို့ လမ်းညွှန်ချက် ထုတ်ထားပြီးပါပြီ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ အဟောင်းအတိုင်း CD4 350 အထိ ကျနေသူတွေကိုသာ ဆေးပေးဘို့ မူရှိနေပါသေးတယ်။ မူရှိပေမဲ့ လူတိုင်းဆေးမရကြသေးပါ။ ပိုဆိုးတာက နယ်စပ်မှာ အပြင်ဖိအားတွေရှိနေတာမို့ CD4 200 အထိကျနေမှသာ ဆေးပေးရတဲ့အဖြစ်မျိုးရှိနေပါသတဲ့။ စိတ်မကောင်းပါ။ ဘယ်လို ဖိအားတွေပါလဲ။ ဝိုင်းဝန်းဖယ်ရှားကြရအောင်ပါခင်ဗျား။

http://economictimes.indiatimes.com/news/news-by-industry/healthcare/biotech/pharmaceuticals/two-drug-combo-pill-to-treat-hiv/articleshow/22204095.cms

ဒေါက်တာတင့်ဆွေ (၂-၈-၂ဝ၁၃ )

ဒေါက်တာတင့်ဆွေ - HIV ဆေး အတွဲသစ်နဲ့ မြန်မာနယ်စပ်က အဖြစ်အပျက်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top