လိင်အပျော်အပါးများပြားသည့်နေရာများတွင် HIV ဖြင့်နေထိုင်သူများအပေါ် ပစ်မှတ်ထားကာ စီးပွားရှာသည့် အနေဖြင့် “HIV ပျောက်ကင်းစေရန် အာမခံသည်”ဟူသော ကြော်ငြာစာရွက်များ များပြားလာခြင်းကြောင့် သက် ဆိုင်ရာ အစိုးရဌာနများမှ အရေးယူသင့်သည်ဟု HIV/AIDS အရေးဆောင်ရွက်နေသူများထံမှ သိရှိရသည်။
HIV/AIDS ပျောက်ကင်းသည်ဟုဆိုကာ လူသိမခံဝံ့သောသူများ၊ HIV ရှိနေသည့် ငွေကြေးချမ်းသာသူများအား အဓိကထား ဆွဲဆောင်နေသော အဖွဲ့အစည်းများ ပပျောက်စေရန် ဆောင်ရွက်သင့်ကြောင်း HIV/AIDS အရေး ကိစ္စဆောင်ရွက်နေသူများထံမှ သိရသည်။
HIV ဖြင့် နေထိုင်သူများအနေဖြင့် ထင်ယောင်ထင်မှားဖြင့် ယင်းကြော်ငြာများထံ ဆက်သွယ်ကုသနိုင်သော ကြောင့် ကုန်ကျစရိတ်များပြားခြင်း၊ ဆေးကုသချိန်နောက်ကျခြင်းတို့ဖြစ်စေနိုင်သဖြင့် မယုံကြည်သင့်ကြောင်း ကိုလည်း အကြံပြုပြောဆိုကြသည်။
“အဓိက ရည်မှန်းချက်ထားတာက အခြေခံလူတန်းစားတွေကို မဟုတ်ဘူး။ လူလတ်တန်းစားနဲ့ HIV ရှိပြီး လူသိခံရမှာ ကြောက်နေတဲ့ ပိုက်ဆံရှိတဲ့လူတွေ။ အဲဒီဘက်ကနေသူတို့က အဓိက စီးပွားရှာတာ။ တကယ် အာမခံနိုင်လားဆိုတော့ သူတို့က နှုတ်ပိတ်သွားတယ်” ဟု Phoenix Association မှ ဆေးကုသမှုဆိုင်ရာ တာဝန်ယူဆောင်ရွက်နေသည့် စီမံချက်မန်နေဂျာ ကိုစည်သူကပြောသည်။
ထိုကြော်ငြာစာတမ်းရှိ ဖုန်းနံပါတ်များအား လေ့လာသောအခါ ရုံးခန်း အတည်တကျမရှိခြင်း၊ တစ်လလျှင်ဆေး စရိတ်အတွက် အကုန်အကျများခြင်း၊ တိကျ သေချာသော စစ်ဆေးစမ်းသပ်ချက်များ၊ လေ့လာစောင့်ကြည့်ခြင်း များမရှိသည့်အပြင် တရားဝင်ဆေးဝါးများမဟုတ်သည့်အတွက် ဘေးထွက်ဆိုးကျိုးများကို မသိရှိနိုင်ကြောင်း ကိုလည်း ၄င်းကပြောသည်။
HIV ပိုးမှာ လက်ရှိအချိန်၌ ရောဂါကိုထိန်းထားနိုင်သည့် ဆေးသာရှိပြီး ပျောက်ကင်းစေနိုင်သည့် ဆေးမထွက်လာ သေးသည့်အပြင် ART ကုထုံးများမှာ HIV ရှိသူများအတွက် အမှန်တကယ်ကောင်းကျိုးဖြစ်စေနိုင်သည့် ဆေး များအဖြစ် အများလက်ခံထားပြီး HIV ရှိသူများအနေဖြင့် HIV/AIDS အရေးကိစ္စဆောင်ရွက်နေသော အစိုးရ မဟုတ်သည့် တရားဝင်အဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများ၊ ဆရာဝန်များဖြင့် ဆွေးနွေးကုသမှုခံယူသင့် ကြောင်း သိရသည်။
“အမှန်က ဒါမျိုးတွေပေါ်မလာအောင် သက်ဆိုင်ရာက ဒီလိုလုပ်နေတဲ့သူတွေကိုတွေ့ပြီး ဆွေးနွေးညှိနှိုင်းတာမျိုး တွေ၊ လက်ရှိကုထုံးတွေဘက်ကို ညွှန်းပြကြဖို့တွေ လုပ်ဖို့လိုအပ်တယ်။ ဖမ်းလည်းဒါမျိုးဆိုတာ ပျောက်သွားမှာ မဟုတ်ဘူး။ ဒါကြောင့် ဖမ်းဆီးထိန်းသိမ်းတာထက်စာရင် ပိုပြီးအကျိုးသက်ရောက်မှုရှိစေမယ့် ဆွေးနွေးညှိနှိုင်း တာမျိုးတွေက ထိရောက်နိုင်မယ်လို့ထင်တယ်”ဟု HIV အပါအဝင် လူထုကျန်းမာရေးအတွက် ဆောင်ရွက်ပေး နေသည့် ဒေါက်တာစစ်နိုင်က ပြောသည်။
ကြော်ငြာစာရွက်ပါ ဆေးများ၏ အကျိုးရလာဒ်များမသိရသဖြင့် ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်စေနိုင်ခြင်း၊ ထို ဆေးများသောက်သုံးသည့်အခါ ငွေကြေးအကုန်အကျများခြင်း၊ ထိုဆေးအား စမ်းသပ်သောက်သုံးနေသည့် အတွက်စစ်မှန်သည့်ဆေးကုထုံးကို ခံယူရန်နောက်ကျစေနိုင်ခြင်းတို့ကြောင့် ထိုကဲ့သို့သော တရားမဝင် ဆေးဝါး များအား စမ်းသပ်မှု မလုပ်သင့်ကြောင်း ဒေါက်တာစစ်နိုင်က ပြောသည်။
HIV ကူးစက်မှုအများစုမှာ ဆေးထိုးအပ်ဖြင့် မူးယစ်ဆေးဝါးထိုးသွင်းသုံးစွဲသူများ၊ အမျိုးသားချင်း လိင်ဆက်ဆံ သူများနှင့် ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲနေထိုင်သူများ၊ လိင်အလုပ်သမားများတွင် ကူးစက်လွယ်ပြီး ၂၀၁၄ ခုနှစ်ကိန်းဂဏန်းများအရ မြန်မာနိုင်ငံ၌ HIV ဖြင့်နေထိုင်သူ (၂) သိန်းခန့်ရှိကြောင်း သိရသည်။
စောခ
မြစ်မခ - HIV ပျောက်ကင်းစေရန် အာမခံသည့်ကြော်ငြာများ အရေးယူပေးပါ




