3
Apr

HIV ရောဂါပိုးရဲ့ သဘာဝ (အမေးအဖြေ)

မေး။    ။ ဒီရောဂါ ဖြစ်ရင် ဘယ်လိုကြောင့် ကိုယ်ခံအားတွေ ကျဆင်းသွားရတာလဲ။

ဖြေ။    ။ လူတွေရဲ့ ပတ်ဝန်ကျင်မှာ လူတွေကို ဒုက္ခပေးနိုင်တဲ့ ရောဂါပိုး အမျိုးမျိုး ရှိနေပါတယ်။ နေ့စဉ် သွားလာလှုပ်ရှားရင်း၊ စားရင်းသောက်ရင်းကနေ အဲဒီရောဂါပိုတွေ ခန္ဓာကိုယ်ထဲ ရောက်လာတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ခံအားကောင်းနေရင် လူတွေမှာ ဘာရောဂါမှ ဖြစ်မလာပါဘူး။ ဖျားတာ၊ နာတာ၊ အအေးမိတာတွေဟာ ခဏသာဖြစ်တတ်ပြီး ရက်ပိုင်းအတွင်း ပျောက်ကင်းသွားတာများပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သွေးထဲမှာ ရှိတဲ့ သွေးဖြူဥတွေက အပြင်က ဝင်လာတဲ့ ရောဂါပိုးတွေကို ဖျက်ဆီး တိုက်ဖျက်ပေးနေလို့ပဲ ဖြစ်ပါတယ်။

သွေးဖြူဥတွေနဲ့ ဖွဲ့စည်းထားတဲ့ ခုခံမှု စွမ်းအားစနစ်ကြောင့် ကိုယ်ခံအားတွေ ရှိနေပြီး လူတွေမှာ တော်ရုံတန်ရုံ ရောဂါ မဖြစ်နိုင်ပါဘူး။ အိတ်ခ်ျအိုင်ဗွီပိုးဟာ သွေးဖြူဥထဲကိုဝင်၊ မျိုးတူ အိတ်ခ်ျအိုင်ဗွီပိုးတွေ ပွားများထုတ်လုပ်ပြီး သွေးဖြူဥတွေကို ပျက်စီးစေပါတယ်။ သွေးဖြူဥတွေ ပျက်စီးတာများလာတဲ့ အခါမှာတော့ ဝင်လာတဲ့ အခြားရောဂါပိုးတွေကို တိုက်ဖျက်နိုင်စွမ်း မရှိတော့ပါဘူး။ ခုခံမှုစွမ်းအား စနစ်ပျက်စီးးသွားပြီး ကိုယ်ခံအားတွေလည်း လျှော့ကျသွား ပါတယ်။ ကိုယ်ခံအားလျှော့ကျတဲ့ လူတွေမှာ အဆုတ်တီဘီရောဂါ၊ ဝမ်းပျက် ဝမ်းလျှောရောဂါ၊ အပြင်းစားရေယုန်၊ ဦးနှောက်ယောင်ရောဂါ စတဲ့ စိုးရိမ်စရာကောင်းတဲ့ ရောဂါတွေ အလွယ်အကူ ဖြစ်လာပါတယ်။

မေး။    ။ အိတ်ခ်ျအိုင်ဗွီပိုးက သွေးဖြူဥကို ဖျက်ဆီးတယ်ဆိုတော့ ဒီပိုးဟာ သွေးထဲမှာပဲ ရှိနေတာလား၊ တခြားနေရာတွေမှာရော ရှိနိုင်ပါသေးလား။

ဖြေ။    ။ သွေးဖြူဥတွေဟာ ကိုယ်တွင်းရှိ အရည်အားလုံးမှာ ရှိကြပါတယ်။ ဒါကြောင့် ကိုယ်တွင်းရှိ အရည်အားလုံးဆီကို အိတ်ခ်ျအိုင်ဗွီပိုး အနည်းနဲ့ အများ ရောက်သွားနိုင်ပါတယ်။ ဥပမာအားဖြင့် မျက်ရည်၊ ချွေး၊ ဆီးတို့ကိုတော့ ရောက်ရှိနိုင်မှု အင်မတန် နည်းပါးပါတယ်။ အဲဒါကြောင့် အဲဒီ ခန္ဓာကိုယ်ထွက် အရည်တွေမှတော့ တဆင့်ကူးဆက်မှု မရှိပါဘူး။ သုတေသန ပြုချက်တွေအရတော့ အိတ်ခ်ျအိုင်ဗွီပိုးဟာ သွေး၊ သုက်ရည်နဲ့ မိန်းမလိင် အင်္ဂါက ထွက်တဲ့ အရည်တွေမှာ အဓိက အများဆုံး ရှိပါတယ်။

မေး။    ။ အိတ်ခ်ျအိုင်ဗွီပိုးဟာ လူ့ခန္ဓာကိုယ်ရဲ့ ပြင်ပမှာ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်ပါသလဲ။

ဖြေ။    ။ အိတ်ခ်ျအိုင်ဗွီပိုးဟာ လူ့ခန္ဓာကိုယ်ရဲ့ ပြင်ပမှာ ကြာကြာ အသက်မရှင်နိုင်ပါဘူး။ ပြင်ပက နေရောင်တို့၊ လေတို့နဲ့ ထိရင် သေသွားပါတယ်။ ခန္ဓာကိုယ် အပြင်ဘက်ရောက်လာတဲ့ သွေးတွေ၊ အရည်တွေ ခြောက်ခန်းသွားချိန်မှာ ပိုးလည်း သေသွားပါပြီ။ အပြင်မှာ ဘယ်လောက် အသက်ရှင်နေမလဲဆိုတာ အရည်ကျသွားတဲ့ နေရာရဲ့ စွတ်စိုမှု၊ နေရောင်ထိတွေ့မှုနဲ့ အရည်ပမာဏ အနည်းအများ (ဥပမာ - သွေးပုလင်း၊ သွေးကွက်၊ သွေးစက်) ပေါ်မှာ မူတည်ပြီး စက္ကန့်ပိုင်း၊ မိနစ်ပိုင်း၊ နာရီပိုင်း၊ ရက်ပိုင်း စသည်ဖြင့် ကွာခြားသွားနိုင်ပါတယ်။

ဒါကြောင့် အပြင်ရောက်ပြီး ဘယ်လောက်ကြာတဲ့ သွေး (ဒါမှမဟုတ်) အရည်ပဲဖြစ်ဖြစ် အလွယ်တကူ မကိုင်တွယ်သင်ပါဘူး။ ကိုယ်တွယ်ရင် ကာကွယ်မှု ယူရပါမယ်။ သတိပြုရမယ့် အချက်ကတော့ အိတ်ခ်ျအိုင်ဗွီပိုးဟာ အလွယ်တကူ မကူးစက်နိုင်ပါဘူး။ လိင်ဆက်ဆံတာ၊ သွေးသွင်းတာ၊ ပိုးမသက်ထားတဲ့ ဆေးထိုးအပ်တွေနဲ့ ဆေးထိုးတာတွေ ဆီကသာ အဓိက ကူးစက်မှာ စြဖ်ပါတယ်။

မေး။    ။ ရောဂါပိုးရှိတဲ့ လူတစ်ယောက်ဟာ ဘယ်လိုပုံစံ ရှိနိုင်ပါသလဲ။

ဖြေ။    ။ လူတစ်ယောက်ရဲ့ ရုပ်ရည်ကို ကြည့်ပြီးတော့ အဲဒီလူမှာ အိတ်ခ်ျအိုင်ဗွီပိုး ရှိမရှိ မပြောနိုင်ပါဘူး။ ရောဂါပိုး ရှိသူအများအပြားဟာ အပေါ်ယံကြည့်ရင် ပုံမှန်ကျန်းမာနေတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် လူရဲ့ ခန္ဓာကိုယ်ထဲမှာ အိတ်ခ်ျအိုင်ဗွီပိုးဟာ လက္ခဏာမပြပဲ နှစ်ပေါင်းများစွာ ရှိနေနိုင်ပါတယ်။ နှစ်ပေါင်း အတော်ကြာပြီး သွေးဖြူဥတွေ တော်တော်များများ ပျက်စီးသွားတော့မှ စဖျားတတ်ပါတယ်။ အဲဒီ အချိန်ကျမှ ရောဂါလက္ခဏာတွေ ပေါ်လာပါမယ်။ သတိပြုရမှာကတော့ အိတ်ခ်ျအိုင်ဗွီပိုး ရှိမရှိ၊ လူကို ကြည့်ရုံနဲ့ မပြောနိုင်ပါဘူး။ ကျန်းကျန်းမာမာ ချောချောလှလှ၊ သန်စွမ်းတယ်လို့ ထင်ရတဲ့ လူတွေဆီမှာလည်း ရောဂါပိုး ရှိနေနိုင်ပြီး အခြားလူတွေဆီကို အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်နိုင်ပါတယ်။

ကျန်းမာရေး ဦးစီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ) တို့ ပူးပေါင်းထုတ်ဝေသော “HIV/AIDS အမေးအဖြေများ” ဟု အမည်ရသော စာအုပ်မှ ပြန်လည် ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top