9
Dec

HIV ရောဂါပိုး ကူးစက်မှု အသက် ၁၅ နှစ်မှ ၄၅ နှစ်ကြား အများဆုံးဖြစ်

HIV ရောဂါပိုး ကူးစက်မှုမှာ အသက် ၁၅ နှစ်မှ ၄၅ နှစ်ကြား အများဆုံးဖြစ်ပြီး မူးယစ်ဆေးဝါးအကြောထဲ သွင်းခြင်းနှင့် လိင်ဆက်ဆံခြင်းမှ ကူးစက်မှုများကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ခုခံအား ကျဆင်းရေးနှင့် ကာလသား ရောဂါ တိုက်ဖျက်ရေးဌာနမှ အထူးကုဆရာဝန်ကြီး ဒေါက်တာ မျိုးသန့်က ပြောကြားခဲ့သည်။

အဆိုပါ ရောဂါပိုးမှာ ကူးစက်ခံရပြီး ၅ နှစ်မှ ၁ဝ နှစ်ကြားတွင်သာ ရောဂါလက္ခဏာ ပြလာ၍ကူးစက်ခံရ မှုကို ချက်ချင်း မသိနိုင်ကြောင်း၊ အရင်က ရောဂါပိုးအတွက် သောက်ဆေးကို လုံလောက်စွာ မရရှိခြင်းကြောင့် လူအများစုမှာ ရောဂါပိုး စစ်ဆေးမှုကို ကြောက်ရွံ့၍ ဆေးစစ်မှုများ မပြုလုပ်ကြောင်း သိရသည်။

ယခုအခါ မြန်မာတစ်နိုင်ငံလုံးတွင် HIV ရောဂါပိုးရှိသူ နှစ်သိန်းကျော် ရှိကြောင်း ကူးစက်ပြန့်ပွားမှုနှုန်း သုည ဒသမ ၅၈ ရာခိုင်နှုန်း ရှိကြောင်းနှင့် ကျန်းမာရေး ဌာန၌ ART ဆေး အသင့် ရှိနေပြီဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

''အခုဆိုရင် ART  ဆေးက အဆင်သင့်ရှိနေပြီ ဆိုတော့ ရောဂါပိုး စစ်ဆေးတဲ့သူတွေက များလာကြပြီး ရောဂါပိုး ရှိတဲ့သူက ရှိမှန်း စောစောသိရတဲ့အတွက် ကူးစက်နှုန်းက အလိုလို လျော့ကျသွားတယ်'' ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

ထို့အပြင် ကျန်းမာရေး ဌာနအနေဖြင့် ART ဆေးကို ၈ဝ ရာခိုင်နှုန်း နီးပါးပေးနိုင်ကြောင်း၊ လက် ရှိတွင် ဌာန၏ ဆေးသောက်သုံးသူမှာ ငါးသောင်းခွဲခန့် ရှိပြီး ကျန်ရှိသူများမှာ အပြင်ဆေးခန်းမှ ဆေးဝယ်သောက်သူများလည်း ရှိကြောင်း၊ မြန်မာ တစ်နိုင်ငံလုံးရှိ HIV ရောဂါပိုးရှိသူ နှစ်သိန်းကျော်သည် ART ဆေး သောက်သုံးသင့်ကြောင်း သိရသည်။

HIV  ရောဂါပိုးရှိသူများ အနေဖြင့် CD4 ပိုး ၅ဝဝ အောက်ဖြစ်ပါက ART ဆေးကို တစ်သက်လုံးသောက်သုံးခြင်းဖြင့် သက်တမ်းစေ့ နေနိုင် မည်ဖြစ်ကြောင်း ဒေါက်တာ မျိုးသန့်က ပြောကြား ခဲ့သည်။

ရန်ကုန် ဒီဇင်ဘာ ၈

မြဝတီ - HIV ရောဂါပိုး ကူးစက်မှု အသက် ၁၅ နှစ်မှ ၄၅ နှစ်ကြား အများဆုံးဖြစ် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top