10
Oct

HIV ရောဂါပိုး ရှိ မရှိ ကိုယ်တိုင် စစ်ဆေးနိုင်သည့် ကိရိယာ စတင်ရောင်းချ

HIV ရောဂါပိုး ရှိ၊ မရှိ လွယ်ကူ လျင်မြန်စွာ စမ်းသပ်နိုင်မည့် ကိရိယာအား အမေရိကန် ဒေါ်လာ ၄ဝ ဖြင့် စတင် ရောင်းချပြီဟု နယူးယောက်တိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။ AIDS ရောဂါ ဖြစ်ပွားစေသော HIV ရောဂါပိုး ရှိ၊ မရှိ နေအိမ်တွင်ပင် အလွယ်တကူ လျင်မြန်စွာ စစ်ဆေးနိုင်သော ကိရိယာအား အမေရိကန် အစားအစာနှင့် ဆေးဝါး ထိန်းချုပ်ရေး FDA က အတည်ပြု ပေးပြီး အမေရိကန်နိုင်ငံတွင် စတင် ရောင်းချနေပြီ ဖြစ်သည်။

အဆိုပါ ကိရိယာ Ora Quick ဖြင့် သွားဖုံး အပေါ်နှင့် အောက်ဖက်သို့ ထိုးထည့်ပြီး သွားရေများကို စမ်းသပ်ကာ မိနစ်၂ဝ နှင့် ၄ဝ ကြားတွင် အဖြေကို သိရမည်ဖြစ်ပြီး ဓာတ်ခွဲခန်း သွားစရာမလိုဘဲ လိင်ဆက်ဆံဖော် များအား အလွယ်တကူ စမ်းသပ်နိုင်သောကြောင့် HIV ရောဂါပိုး ကူးစက်မှုအား ကာကွယ်ရာတွင် များစွာ ထိရောက် လိမ့်မည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။ သို့ရာတွင် HIV ရောဂါပိုးသည် သုံးလအတွင်း စမ်းသပ်ပါက Negative ဖြစ်နေတတ်သဖြင့် အဆိုပါ ကိရိယာဖြင့် စမ်းသပ် ရရှိသော ရလဒ်အား ဓာတ်ခွဲခန်းများတွင် ပြန်လည် စိစစ်ရန် လိုအပ်မည်ဟု အမေရိကန် FDA က ဆိုထားသည်။

ထိုကိရိယာအား Orasura Technologies ကုမ္ပဏီက ထုတ်လုပ်ထားခြင်းဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး ဦးရေ ၄ဝဝဝ အား ဆန္ဒ တောင်းခံခဲ့ရာ ၇ဝ ရာခိုင်နှုန်းက အသုံးပြုရန် ဆန္ဒရှိကြောင်း တုံ့ပြန်ခဲ့ကြပြီး အမေရိကန် FDA က HIV ရောဂါ ကာကွယ်ရေး ကြိုးပမ်းမှု တစ်ရပ်အနေဖြင့် အသိ အမှတ်ပြုပေးခဲ့ခြင်း ဖြစ်သည်။

အမေရိကန်နိုင်ငံတွင် လူဦးရေ ၁ ဒသမ ၂ သန်းခန့်မှာ HIV ကူးစက်ခံနေရပြီး ရောဂါပိုး ကူးစက်ခံရသူ ၅ ဦးလျှင် ၁ ဦးမှာ ရောဂါပိုး ရှိမှန်းမသိ ဖြစ်နေကြသည်ဟု အမေရိကန် ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ၏ အဆိုအရ သိရသည်။

Popular - HIV ရောဂါပိုး ရှိ မရှိ ကိုယ်တိုင် စစ်ဆေးနိုင်သည့် ကိရိယာ စတင်ရောင်းချ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top