မေး။ ။ ဘယ်လိုနည်း တွေနဲ့ရောဂါကူးနိုင်ပါသလဲ။
ဖြေ။ ။ ရောဂါပိုးပါတဲ့သွေး၊ သုတ်ရည်၊ မိန်းမအင်္ဂါက ထွက်တဲ့ အရည်တွေဟာ ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲဝင်ရင် ရောဂါကူးစက်နိုင်ပါတယ်။
၁။ ဒါကြောင့် ရောဂါပိုးရှိတဲ့ သူနဲ့ ဖိုမဆက်ဆံရင်လဲကူးတယ်။ ယောကျာင်္းချင်း လိင်တူ ဆက်ဆံရင် လဲကူးတယ်။ လိင်ဆက်ဆံတဲ့ အဖော်များလေ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ဖို့ အခြေအနေများလေပဲ ဖြစ်ပါတယ်။
၂။ ရောဂါပိုးပါတဲ့ သွေးသွင်းမိရင်လဲ ကူးတယ်။ မတော်တဆ အကြီးအကျယ်ထိခိုက် ဒဏ်ရာရတာတို့ သွေးသွင်းကုသဖို့ လိုတဲ့ရောဂါတို့ ကြုံလာတဲ့အခါ ရောဂါပိုး ကူးစက်မှာ စိုးရိမ်ရတယ်။
၃။ တစ်ယောက်ယောက်ကို ထိုးပြီးတဲ့ဆေးထိုးအပ်နဲ့ဆေးထိုးပြွန်ကို သေသေချာချာ ရေနွေး ဆူဆူနဲ့ မပြုတ်ဘဲ နောက်တစ်ယောက်ကို ထိုးရင်လဲရောဂါပိုးကူးနိုင်တယ်။ မူးယစ်ဆေးသွေးကြောထဲ ထိုးတဲ့သူ တွေ ရောဂါကူးတယ်ဆိုတာ ဒီလိုနည်းနဲ့ကူးတာပဲဖြစ်ပါတယ်။
၎။ ရောဂါပိုးရှိနေတဲ့ ကိုယ်ဝန်ဆောင်မိခင်ကနေ သူ့ရဲ့ သန္ဓေသားကိုကူးပါတယ်။ ဒါကြောင့် မွေးခါစ ကလေးမှာ ဒီရောဂါပိုးပါလာခြင်းဖြစ်ပါတယ်။
အများဆုံးကူးစက်တဲ့နည်းတွေကတော့ လိင်ဆက်ဆံတာနဲ့ မူးယစ်ဆေးအကြောထဲ ထိုးသွင်းတာကနေ ဖြစ်ပါတယ်။
မေး။ ။ ဘယ်လိုလူမျိုးတွေမှာ ဒီရောဂါ အဖြစ်များပါသလဲ။
ဖြေ။ ။ အကာအကွယ်မပါပဲ လိင်အပျော်အပါး လိုက်စားတဲ့သူတွေ၊ မူးယစ်ဆေး သွေးကြောထဲ ထိုးသွင်းတဲ့သူတွေ၊ ကာလသားရောဂါရှိသူတွေမှာ အဖြစ်များပါတယ်။ လိင်အပျော်အပါးလိုက်စား တယ်ဆိုတဲ့နေရာမှာ ပြည့်တန်ဆာတွေဆီသွားလာပျော်ပါးတဲ့သူတွေ၊ လိင်ဆက်ဆံဖက် များတဲ့သူ တွေ ဆီမှာ အန္တရာယ်အများဆုံး ရှိပါတယ်။ ဒါပေမဲ့လည်း အိမ်ထောင်ပြင်ပမှာ သွားရင်းလာရင်း တစ်ခါတစ်ရံ ဆက်ဆံမိတယ်ဆိုရင်လည်း ရောဂါပိုး ကူးစက်လာနိုင်ပါတယ်။ နောက်အဖြစ်များတဲ့ သူတွေကတော့ လိင်အပျော်အပါးလိုက်စားတဲ့သူတွေ၊ မူးယစ်ဆေးသွေးကြောထဲ ထိုးသွင်းတဲ့သူတွေ၊ ကာလသားရောဂါ ရှိသူတွေစတဲ့ ရောဂါကူးဖို့ အန္တရာယ်များသူတို့ရဲ့ ဇနီးမယားတွေပဲဖြစ်ပါတယ်။
မေး။ ။ ဘိန်းဖြူထိုးသူတွေ အိတ်ခ်ျအိုင်ဗွီပိုး ဘယ်လိုရရှိပါသလဲ။
ဖြေ။ ။ လူတစ်ယောက်ဟာ ဘိန်းဖြူကိုသွေးကြောထဲထိုးသွင်းတဲ့အခါသွေးစ၊သွေးနတွေဟာ ဆေးထိုး အပ်နဲ့ ဆေးထိုးပြွန်ကပ်ပြီးကျန်နေတတ်တယ်။ အဲဒီလူမှာ အိတ်ခ်ျအိုင်ဗွီပိုးရှိနေရင်၊ အေအိုင်ဒီအက်စ် ရောဂါရှိနေရင်၊ အဲဒီသွေးစသွေးနတွေမှာ အိတ်ခ်ျအိုင်ဗွီပိုးရှိနေမယ်။ အခြားတစ်ယောက်ကမူးယစ် ဆေးထိုးဖို့ ဒီပစ္စည်းတွေကိုပဲအလွယ်တကူထပ်ပြီးသုံးခဲ့ရင် အိတ်ခ်ျအိုင်ဗွီပိုး ကူးသွားမယ်။ ဆေးထိုး အပ်နဲ့ ဆေးထိုးပြွန်ကို သာမာန်ဆေးကြောရုံနဲ့ အိတ်ခ်ျအိုင်ဗွီပိုးမသေနိုင်ပါဘူး။ ဒါကြောင့် ဆေးထိုး အပ်နဲ့ ဆေးထိုးပြွန်တစ်စုံထဲကိုအတူသုံးပြီး ဘိန်းဖြူထိုးကြသူတွေဟာတစ်ယောက် ကနေတစ်ယောက် ရောဂါပိုး ကူးစက်ကုန်ကြခြင်းပဲ ဖြစ်ပါတယ်။
မေး။ ။ ယောကျာင်္းချင်းလိင်တူဆက်ဆံရာကနေ ရောဂါဘယ်လိုကူးစက်နိုင်ပါသလဲ။
ဖြေ။ ။ ယောကျာင်္းချင်း လိင်တူဆက်ဆံတဲ့ အခါမှာ စအိုလမ်းကြောင်းကိုအသုံးပြုပါတယ်။ စအိုဟာ သဘာဝအားဖြင့် လိင်ဆက်ဆံဖို့ ဖန်တီးထားတဲ့နေရာမဟုတ်ပါဘူး။ စအိုလမ်းကြောင်းကို အသုံးပြုပြီး လိင်ဆက်ဆံတဲ့အခါ စအိုရဲ့ အတွင်းသား နံရံအမှေးပါးတွေဟာ နံရံတွေဟာအက်ကွဲသွားတယ်။ စုတ်ပြဲ သွားတယ်။ ရောဂါပိုးပါတဲ့ သုတ်ရည်ဟာ အဲဒီစုတ်ပြဲသွားတဲ့ ဒဏ်ရာကနေတစ်ဆင့် အလွယ်တကူ အမြောက်အမြား ဝင်ရောက်ပြီးရောဂါပိုး ကူးစက်သွားခြင်းပဲ ဖြစ်ပါတယ်။ ယောင်္ကျားချင်း လိင်တူဆက်ဆံတဲ့ သူတွေဟာ အကာအကွယ်မပါဘဲ ဆက်ဆံတဲ့ အတွက်ကြောင့်လည်းကောင်း၊ လိင်ဆက်ဆံဖက်များတဲ့အတွက်ကြောင့်လည်းကောင်း ပိုပြီးကူးစက်လွယ်ပါတယ်။
မေး။ ။ ပါးစပ်နဲ့လိင်ဆက်ဆံရင်ဘယ်လိုပုံစံမျိုးနဲ့ကူးနိုင်ပါသလဲ။
ဖြေ။ ။ အိတ်ခ်ျအိုင်ဗွီပိုးဟာ လိင်ကထွက်တဲ့ အရည်မှာ အများဆုံးရှိပါတယ်။ ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့ အခါမှာ လိင်အင်္ဂါက အရည်တွေဟာ ခံတွင်းထဲ၊ အာခေါင်ထဲကိုရောက်လာမယ်။ ခံတွင်းထဲ အာခေါင် ထဲမှာ အနာရှိနေရင် အဲဒီအနာပေါက်ကနေတစ်ဆင့် ရောဂါပိုးတွေ အလွယ်တကူ ဝင်သွားပြီးရောဂါကူး မယ်။ အနာမရှိပေမဲ့လည်း ရောဂါမကူးနိုင်ဘူးဆိုပြီး စိတ်ချလို့မရပါဘူး။ ခံတွင်းရဲ့ နံရံတွေကို နုနယ်ပါးလွှာတဲ့ အမြှေးပါးတွေနဲ့ ဖုံးအုပ်ထားတယ်။ အဲဒီအမြှေးပါးဟာ မာတဲ့အစာတွေ၊ အရိုးတွေကိုက် ဝါးထားတဲ့ဒဏ်၊ သွားတိုက်ရင်းသွားပွတ်တံနဲ့ ပွတ်တိုက်ထားမိတဲ့ ဒဏ်တွေကြောင့် သာမာန်မျက်စိနဲ့ မမြင်နိုင်တဲ့ ပွန်းပဲမှူတွေရှိနေမယ်။ ရောဂါပိုးတွေဟာ ပွန်းပဲ့နေတဲ့ အမှေးပါးကတစ်ဆင့် ခန္ဓာကိုယ်ထဲ ရောက်ပြီး ရောဂါကူးစက်နိုင်တယ်။ အဲဒါကြောင့်ဘယ်လိုပုံစံနဲ့ပဲ လိင်ဆက်ဆံဆက်ဆံ ရောဂါမကူးအောင် ကွန်ဒုံး (အက်ဖ်အယ်လ် /F.L) ကိုသုံးပါ။
မေး။ ။ အိတ်ခ်ျအိုင်ဗွီပိုးဟာ တစ်ကြိမ်တစ်ခါထဲ လိင်ဆက်ဆံရုံနဲ့ ကူးနိုင်ပါသလား။
ဖြေ။ ။ ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံမယ်ဆိုရင် တစ်ကြိမ်တစ်ခါတည်း ဆက်ဆံရုံမျှနဲ့လည်း ကူးနိုင်ပါတယ်။ ရောဂါပိုးရှိမရှိဆိုတာ လူပုံစံကြည့်ပြီး မသိနိုင်တဲ့အတွက် တစ်ကြိမ်တစ်ခါတည်း ဟာလည်း အန္တရာယ်ဖြစ်လာနိုင်ပါတယ်။
မေး။ ။ လိင်အင်္ဂါမှာ အနာရှိသူနဲ့ လိင်ဆက်ဆံရင် အေအိုင်ဒီအက်စ်ရောဂါ ရနိုင်ပါသလား။
ဖြေ။ ။ လိင်အင်္ဂါမှာ အနာရှိတာဟာ ကာလသားရောဂါရဲ့ လက္ခဏာ တစ်ခုဖြစ်ပါတယ်။ ကာလသားရောဂါဟာ အိတ်ခ်ျအိုင်ဗွီပိုးလိုပဲ လိင်ဆက်ဆံရာကနေ ကူးနိုင်ပါတယ်။ လိင်အင်္ဂါမှာ အနာရှိတဲ့သူဟာ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရဖို့ အခွင့်လမ်း ပိုများပါတယ်။ အိတ်ခ်ျအိုင်ဗွီပိုး ရှိသူနဲ့ လိင်ဆက်ဆံရင် လိင်အင်္ဂါမှာရှိတဲ့ အနာပေါက်ကနေ အိတ်ခ်ျအိုင်ဗွီပိုး ကူးနိုင်တဲ့ အန္တရာယ်ဟာ သာမာန်အခြေအနေထက် ၉ ဆ ပိုများပါတယ်။ ဒါကြောင့် လိင်အင်္ဂါမှာ အနာရှိသူနဲ့ လိင်ဆက်ဆံရင် အိတ်ခ်ျအိုင်ဗွီပိုးဝင်ပြီး အေအိုင်ဒီအက်စ်ရောဂါရဖို့ အန္တရာယ်ပိုကြီးပါတယ်။ ကိုယ့်မှာကာလသား ရောဂါရှိနေရင်လဲ လိင်ဆက်ဆံရာကနေ ကိုယ့်ဆီကို အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ဝင်ရောက်နိုင်ဖို့ အန္တရာယ် ပိုများပါတယ်။
မေး။ ။ လိင်ကိစ္စ၊ ဘိန်းဖြူကိစ္စ ကင်းရှင်းတယ်ဆိုရင်ရော အိတ်ခ်ျအိုင်ဗွီပိုး (သို့) အေအိုင်ဒီအက်စ် ရောဂါရ နိုင်ပါသလား။
ဖြေ။ ။ ဖြစ်နိုင်ပါတယ်။ ရောဂါပိုးပါတဲ့သွေးသွင်းမိရင် ဖြစ်နိုင်ပါတယ်။ ရောဂါပိုးပါတဲ့ မသန့်ရှင်းတဲ့ ဆေးထိုးအပ၊် ဆေးထိုးပြွန်တွေနဲ့ အသားဆေး၊ အကြောဆေး အထိုးခံရင်လဲ ရောဂါဖြစ်လာနိုင်ပါတယ်။
မေး။ ။ နေမကောင်းလို့ ဆေးခန်းမှာဆေးသွားထိုးရင်ကော ရောဂါကူးနိုင်ပါသလား။
ဖြေ။ ။ တစ်ခါသုံးဆေးထိုးအပ်၊ ဆေးထိုးပြွန်တွေနဲ့ဆေးထိုးတာဆိုရင်တော့ ရောဂါမကူးစက်နိုင်ပါဘူး။ တစ်ခါသုံးဆေးထိုးအပ်၊ ဆေးထိုးပြွန်မရှိခဲ့ရင် ပွက်ပွက်ဆူနေတဲ့ ရေနွေးမှာ မိနစ်၂၀ ကြာပြုတ်ထားတဲ့ ဆေးထိုးကိရိယာနဲ့အထိုးခံပါက ရောဂါမကူးနိုင်ပါဘူး။ ဆေးထိုးတဲ့ကိရိယာကို ဓါတ်ဘူးတွေထဲက ရေနွေးနဲ့စိမ်ပြီး တစ်ယောက်ပြီးတစ်ယောက်ထိုးနေပါက ရောဂါပိုးကူးနိုင်ပါတယ်။
မေး။ ။ ခေါင်းရိတ်ဓါးကနေ ရောဂါပိုးကူးနိုင်ပါသလား။
ဖြေ။ ။ ဓါးတစ်ချောင်းတည်းနဲ့ တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက်ရိတ်သွားမယ်၊ မတော်တဆ သွေးထွက်ခဲ့မယ်ဆိုရင်၊ ဓါးမှာပေနေတဲ့ သွေးကနေ တစ်ဆင့် နောက်တစ်ယောက်ကို ကူးနိုင်ပါတယ်။ လူတစ်ယောက်စီအတွက် ဓါးတစ်ချောင်းစီ သီးသန့်သုံးမယ်ဆိုရင် ရောဂါမကူးနိုင်တော့ပါဘူး။
မေး။ ။ သွေးကနေကူးတယ်ဆိုတော့ အမျိုးသမီးတွေရာသီလာတဲ့သွေးကနေရော ကူးနိုင်ပါသလား။
ဖြေ။ ။ ကူးနိုင်ပါတယ်။ ဒါကြောင့်ရာသီသွေးလာနေတဲ့အချိန်မှာ လိင်ဆက်ဆံရင် သာမာန်အချိန်ထက် ပိုပြီးအန္တရာယ်ပိုများပါတယ်။ ရောဂါပိုးရှိတဲ့လူမမာရဲ့ ရာသီသွေးပေကျန်နေတဲ့ အဝတ်တွေကို သီးသန့် ထားပြီး ရေနွေးဖြင့်ပြုတ်ပြီးလျော်ပြီးမှ ပြန်လည်အသုံးပြုရပါမယ်။ အမျိုးသမီးအသုံးအဆောင်များကို တွင်းတူးခြင်း၊ မီးရှို့ မြှုပ်နှံခြင်းပြုလုပ်ရပါမယ်။
မေး။ ။ အိတ်ခ်ျအိုင်ဗွီပိုးရှိတဲ့သူ အနာတရဖြစ်လာပြီးထွက်လာတဲ့သွေးကို မတော်တဆထိမိသွားရင် ရောဂါကူးနိုင်ပါသလား။
ဖြေ။ ။ လူရဲ့အရေပြားဟာ အပြင်ကရောဂါပိုးတွေ မဝင်လာနိုင်အောင် သဘာဝက ဖန်တီးပေးထားတဲ့ အကာအကွယ်တစ်ခုဖြစ်ပါတယ်။ အိတ်ခ်ျအိုင်ဗွီပိုးဟာ အရေပြားကိုဖောက်ပြီး ခန္ဓာကိုယ်ထဲကို မဝင် နိုင်ပါဘူး။ ဒါကြောင့် သွေးထိမိတဲ့နေရာမှာ အရေပြားပွန်းပဲ့တာမရှိရင် ရောဂါပိုးမဝင်နိုင်ပါဘူး။ အရေ ပြားပွန်းပဲ့တာရှိနေရင် ထိမိတဲ့နေရာကို ချက်ချင်းဆပ်ပြာနဲ့ စင်အောင်ဆေးလိုက်ရင် ရောဂါကူးမဲ့ အန္တရာယ် အလွန်နည်းသွားပါတယ်။
မေး။ ။ သွေးလှူရင်ကော ရောဂါပိုးကူးနိုင်ပါသလား။
ဖြေ။ ။ တစ်ချို့က ရောဂါပိုးကူးမှာကြောက်လို့ သွေးမလှူတဲ့ သူတွေရှိပါတယ်။ ဒီအယူအဆဟာ လုံးဝ မမှန်ပါဘူး။ သွေးလှူတဲ့အခါ သွေးအလှူရှင်ဆီကသွေးကို စနစ်တကျပိုးမွှားသန့်စင်ထားတဲ့ တစ်ခါသုံး ဆေးထိုးအပ်၊ ဆေးထိုးပြွန်တွေသုံးပြီး ဖောက်ယူတာပါ။ ရောဂါပိုးကူးနိုင်ဖို့ အန္တရာယ်လုံးဝ မရှိပါဘူး။
မေး။ ။ ရောဂါပိုးရှိတဲ့သူနဲ့ အတူတူကျောင်းတက်ရင် ရောဂါပိုးကူးနိုင်ပါသလား။
ဖြေ။ ။ မကူးနိုင်ပါဘူး။ အိတ်ခ်ျအိုင်ဗွီပိုးဟာ နေ့စဉ်လူမှူဆက်ဆံရေးကိစ္စတွေဖြစ်တဲ့ လက်ဆွဲနှုတ် ဆက်ခြင်း၊ ဖက်ရမ်းနှုတ်ဆက်ခြင်း၊ အတူထိုင်ခြင်း၊ အတူတူစားခြင်း၊ အတူတူကစားခြင်းတို့မှတစ်ဆင့် မကူးစက်နိုင်သလိုအစားအစာ၊ ရေ၊ ပိုးမွှားပိုးကောင်၊ အိမ်သာ၊ တံခါးလက်ကိုင်၊ ဇွန်း၊ ပန်းကန်ခွက် ယောက်၊ အများသုံးတယ်လီဖုန်း၊ အများသုံးရေကူးကန်၊ ခန္ဓကိုယ်ထွက်အရည်များထဲမှ တံတွေး၊ ချွေး၊ မျက်ရည်၊ ဆီး၊မစင်များမှတစ်ဆင့်လည်းမကူးနိုင်တဲ့အတွက် အတူတူကျောင်းတက်ရင် မကူးနိုင်ပါဘူး။
ကျန်းမာရေး ဦးစီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ) တို့ ပူးပေါင်းထုတ်ဝေသော “HIV/AIDS အမေးအဖြေများ” ဟု အမည်ရသော စာအုပ်မှ ပြန်လည် ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။




