မြန်မာနိုင်ငံ၌
HIV ရောဂါပိုးရှိသူ အများစုအနက် သုံးပုံနှစ်ပုံခန့်မှာ လူငယ် လူရွယ်များ
ဖြစ်ကြကြောင်း ကမ္ဘာ့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ကုလသမဂ္ဂ
ကလေးများ ရန်ပုံသွေ (UNICEF) အနေဖြင့် ကျန်းမာရေး ၀န်ကြီး ဌာနနှင့် ပူးပေါင်း၍
AIDS ရောဂါ ဟန့်တား တိုက်ဖျက်ရေးနှင့် ပတ်သက်သော အမျိုးသား မဟာဗျူဟာ ငါးနှစ်
စီမံကိန်း (၂၀၀၆-၂၀၁၀) ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၌
လက်ရှိ စစ်တမ်းများအရ HIV ပိုးရှိသူပေါင်း ၂၄၀၀၀၀ ခန့်ရှိပြီး ရောဂါပိုးရှိသူ
အမျိုးသမီးများမှာ တစ်သိန်းခန့် ပါဝင်နေသည်ဟု UNICEF ဌာနေကိုယ်စားလှယ်
ရာမက်ရှ်ရှာရက်စ် က ပြောသည်။
လူငယ်အများစုတွင်
HIV ပိုးကူးစက်ခံရမှုနှုန်း မြင့်မားလာခြင်းနှင့် ပတ်သက်၍ အထွေထွေ ရောဂါကု
ဆရာဝန်တစ်ဦးက “ လူငယ်အများစုဟာ အရာရာကို စူးစမ်းလိုကြတယ်။ ဒီလို စူးစမ်းရင်းနဲ့
လမ်းမှား ရောက်မှန်း မသိ ရောက်သွားတဲ့ သူတွေက အများကြီးပဲ။ အရင်တုန်းကတော့ HIV
ပိုးကူးစက်ခံရမှုတွေကို ကြည့်ရင် မူးယစ်ဆေးသုံးစွဲမှုကြောင့်
အများဆုံးဖြစ်ခဲ့ရပေမယ့် အခု နောက်ပိုင်းမှာတော့ လိင်အပျော်အပါး လိုက်စားမှု ကနေ
ဖြစ်လာတဲ့ ကူးစက်မှုနှုန်းက ပိုပြီး မြင့်မားလာတာကို တွေ့ရတယ်။ အထူးသဖြင့်
ဒီနေ့ခေတ်မှာ လူငယ်တွေ အကြား လိင်ပိုင်းဆိုင်ရာ ကိစ္စတွေကို ပွင့်လင်းမှု လွန်ကဲစွာ
ဆောင်ရွက်လာကြတာကို တွေ့ရတယ်။ ဒီလို ပွင့်လင်းမှု လွန်ကဲတဲ့အတွက် အရွယ်မတိုင်ခင်
အိမ်ထောင်ကျတာတို့၊ တစ်ဦးထက်ပိုတဲ့ လိင်အပျော်အပါး လိုက်စားတာတို့ စတာတွေကြောင့်
HIV ကူးစက်မှု နှုန်းဟာလည်း လူငယ်တွေကြားပိုပြီး အဖြစ်များလာရတာပါပဲ။ ဒီလို
နိုင်ငံအတွက် တန်ဖိုးရှိတဲ့ လူငယ်တွေ HIV ပိုးကူးစက်မှု နှုန်း လျော့နည်းအောင်
လုပ်ဖို့ဆိုတာက အားလုံးမှာ တာဝန်ရှိပါတယ်။ အဓိက ကတော့ လူငယ်တွေကို
လိင်နဲ့ပတ်သက်ပြီး ပညာပေး အစီအစဉ်တွေ အများကြီး လုပ်ဖို့ လိုပါတယ်”။ ဟု ဆိုသည်။
မြန်မာနိုင်ငံ၌
မိသားစု စီမံကိန်း၊ မိခင်ကျန်းမာရေး၊ လူထုကျန်းမာရေး၊ လူငယ်ကျန်းမာရေး၊ HIV နှင့်
လိင်မှ တစ်ဆင့် ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် ဆောင်ရွက်နေသော Maric Stopes
International Myanmar ၏စစ်တမ်းများအရ မြန်မာနိုင်ငံသားတို့၏ လူ့သက်တမ်းမှာ
အမျိုးသားမှာ ၅၉ ဒဿမ ၃ နှစ် နှင့် အမျိုးသမီးမှာ ၆၅ ဒဿမ ၅ နှစ်ရှိပြီး မိသားစု
စီမံကိန်းအသုံးပြုမှု ပဋိသန္ဓေတားနည်းမှာ ၃၇ ရာခိုင်နှုန်း၊ ခေတ်မီပဋိသန္ဓေတားနည်း ၃၃
ရာခိုင်နှုန်း၊ အသက် ၁၅ နှစ်မှ ၁၉ နှစ်အတွင်းရှိ အမျိုးသမီးဦးရေ ၁၀၀၀ လျှင်
ကလေးမွေးနှုန်းမှာ ၁၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
ထို့အပြင်
မီးဖွားရာတွင် ကျွမ်းကျင်သူများနှင့် ကလေးမွေးနိုင်သူ ဦးရေမှာ ၅၇ ရာခိုင်နှုန်း၊
ကလေး အရှင် ၁၀၀၀ မွေးတိုင်း အသက်သေဆုံးရသည့် မိခင်အရေအတွက်မှာ ၃ ဒဿမ ၈
ရာခိုင်နှုန်း၊ ကလေး ၁၀၀၀ မွေးတိုင်းသေဆုံးရသည့် ကလေးပေါင်း ၆၅ ဦးနှင့် အသက်၁၅
နှစ်မှ ၄၉ နှစ်အတွင်း HIV ပိုးရှိသူ ဦးရေမှာ ကျား ၈ ရာခိုင်နှုန်းနှင့် မ ၆
ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
(No.13 Vol.2 April 1,2010 POPULAR
NEWS Journal) pn-020




