2
Jul

HIV ရောဂါသည်များအတွက် ၅ နှစ်အတွင်း ဆေးဝါးရအောင် မြန်မာအစိုးရက လုပ်ပေးမည်ဟု ဆို

မြန်မာနိုင်ငံက HIV ပိုးကူးစက်ခံနေရသူ အားလုံးအတွက် လာမယ့် ၂၀၁၅ ခုနှစ်မှာ ဆေးဝါးအကူ အညီနဲ့ ကုသပြုစုစောင့်ရှောက်မှု အကူအညီတွေရအောင် လုပ်ပေးမယ့်လို့ မြန်မာအစိုးရက ကတပြု ပြောဆိုခဲ့တဲ့အကြောင်း (UNAIDS) ကုလသမဂ္ဂ အေအိုင်ဒီအက်စ်အဖွဲ့က ဇူလိုင် ၁ ရက်နေ့စွဲနဲ့  သတင်းထုတ်ပြန် လိုက်ပါတယ်။

မြန်မာကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်ကလည်း  ၂၀၁၅ မှာ ရည်မှန်းထားတဲ့ အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ကုသ ပြုစုစောင့်ရှောက်ရေး အစီအစဉ် တွေ အောင်မြင်အောင် ဆောင်ရွက်နေတဲ့ လုပ်ဖော်ကိုင်ဖက် အဖွဲ့တွေအားလုံးရဲ့  ကြိုးပမ်းမှုတွေကို ကျန်မာရေး ၀န်ကြီးဌာန အနေနဲ့ ကူညီပံ့ပိုး သွားမယ်လို့လည်း ပြောတဲ့အကြောင်း သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံဟာ ခုခံအားကျဆင်းမှုရောဂါ အေအိုင်ဒီအက်စ်တိုက်ဖျက်ရေး ၅ နှစ်ကြာ မဟာဗျူဟာ အစီအစဉ်သစ်တခုကို ဇွန်လအစောပိုင်းက စတင်ဆောင်ရွက်နေ တာပါ။

ဒီအစီအစဉ်အရ မြန်မာနိုင်ငံက အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံနေရပြီးဆေးစားဖို့  လိုနေသူတွေ အားလုံးကို ကူညီပေးဖို့ ရည်မှန်းထားတာလည်း ဖြစ်ပါတယ်။

UNAIDS အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာညှိနှိုင်းရေးမှူး ဒေါက်တာဆွန်းဂန်းကလည်း ၂၀၁၁ အကုန်မှာ  မြန်မာပြည်က ဆေးစားဖို့ လိုနေတဲ့ အိတ်ချိတ်အိုင်ဗီ ရှိနေသူပေါင်း ၃၀၂၀၀ အတွက် ဆေးဝါးအကူအညီ ရအောင် လုပ်သွားမယ် တနှစ်ချင်း အကူအညီ တိုးပေးသွားပြီး  ၂၀၁၂ အကုန်မှာ  ၄ သောင်း နောက် ၅ သောင်း ၆ သောင်း  နဲ့ ၂၀၁၅ ခုနှစ်အကုန်မှာတော့ ဝေဒနာသည် ၇ သောင်းစလုံး အတွက် ဆေးဝါး အကူအညီရအောင် လုပ်သွားမယ်လို့  ဒီဗီဘီကို ပြောပါတယ်။

မြန်မာနိုငံမှာ အိတ်ခ်ျအိုင်ဗီပိုးရှိနေသူပေါင်း ပြီးခဲ့တဲ့နှစ်စာရင်းအရ ၂၃၆,၀၀၀ ရှိပြီး လူပေါင်း ၇၆၀၀၀ လောက် အေအာဗီခေါ် အိတ်ခ်ျအိုင်ဗီ တန့်ဆေးတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂနဲ့ မြန်မာ အစိုးရတို့က တရားဝင် ထုတ်ပြန်ထားပါတယ်။

အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံနေရသူတွေနဲ့ ဖွဲ့စည်းထားတဲ့   Myanmar Positive Group က ပြောရေး ဆိုခွင့်ရှိသူ ကိုသီဟကြိုင်ကတော့ မြန်မာအစိုးရက ရည်မှန်း ထားတဲ့ ဆေးဝါး အကူအညီပေးရေး အစီအစဉ်အပေါ်မှာ အခုလို မြင်ပါတယ်။

“ခါတိုင်း ပြောနေသလိုပေါ့ ဖြစ်လာလိမ့်မည်တို့၊ လုပ်ပေးပါ့မည်တို့ အဲဒါမျိုးလောက်ပဲ ပြောတာ။ ဖြစ်ရမည်ဆိုတာမျိုး မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုဟာက သူတို့ရေးထားတဲ့ ၇ သောင်း ဆိုတာ တကယ်လို့ ဒီလိုဒီလို လုပ်သွားရင် ၇ သောင်းဆေးရမယ် ပြောတာပေါ့။ ဒါပေမယ့် အဲဒီလိုလုပ်ဖို့ ငွေရှိလား ဘာလားဆိုတာ ရှင်းရှင်းပြောရရင် ကျနော်တို့ နိုင်ငံမှာ ရှိမနေဘူးလေ။ နောက်တချက်က အရင်တုန်းက CD4 ၂၀၀ နဲ့ ကျနော်တို့ တိုင်းတာတယ်၊ WHO ရဲ့ အရင် လမ်းညွှန်ချက်နဲ့ ပေးနေတာ။ WHO ရဲ့ လမ်းညွှန်ချက် အသစ်က CD4 ၃၅၀ အောက်ဆိုရင် ဆေးပေးဖို့ လိုတယ်လို့ ပြောတာပေါ့နော်။ တကယ်လို့သာ CD4 ၃၅၀ နဲ့ တိုင်းတာ မယ်ဆိုရင် ဆေးလိုအပ်မယ့်သူက တသိန်းနှစ်သောင်း ဖြစ်သွားမယ်။”

၂၀၁၁ ကနေ ၂၀၁၅ အထိ ပြုလုပ်မယ့် မြန်မာအစိုးရဲ့ အေအိုင်ဒီအက်စ် ကာကွယ်ကုသ စောင့်ရှောက် ရေး ဒီအစီအစဉ်အတွက် အမေရိကန် ဒေါ်လာ ၃၃၄ သန်းလောက် ကုန်ကျမှာ ဖြစ်ပါတယ်။

လတ်တလော မြန်မာပြည်တွင်းက အိတ်ခ်ျအိုင်ဗီပိုးရှိသူတွေအနေနဲ့ ပြင်ပဈေးကွက်မှာ ဆေးဝယ် သောက်ရင် တလ မြန်မာကျပ်ငွေ ပျမ်းမျှ ၂ သောင်းကနေ ၃ သောင်းလောက် ကုန်ကျနေတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂကတော့ မြန်မာနိုင်ငံမှာ အရင်းအမြစ်အကန့်အသတ်နဲ့ပဲ ရှိပေမယ့် HIV တနိုင်ငံ လုံးပြန့်နှံ့ ဖြစ်ပွားမှုနှုန်းလည်း လျော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်   အဓိက အမျိုးသမီး လိင်အလုပ်သမတွေအကြား ၁၀၀ မှာ ၁၁ ယောက်၊  မူးယစ်ဆေးအကြောထဲ ထိုးသူတွေအကြား ၁၀၀ မှာ ၃၅ ယောက်နဲ့ လိင်တူဆက်ဆံသူ အမျိုးသားတွေအကြား ၁၀၀ မှာ ၂၂ ယောက် လောက်အထိ ဖြစ်ပွားမှုနှုန်း ရှိနေတုန်းပဲလို့ ထုတ်ပြန်ထားပါတယ်။

ဒီဗွီဘီ - HIV ရောဂါသည်များအတွက် ၅ နှစ်အတွင်း ဆေးဝါးရအောင် မြန်မာအစိုးရက လုပ်ပေးမည်ဟု ဆို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top