HIV ရောဂါပိုး ဆိုးသည်မှာ AIDS ရောဂါဆိုးကြီး ကိုဖြစ်ပွားစေသော အလန်သေးငယ်သည့် ဗိုင်းရပ်စ်ပိုး တစ်မျိုးဖြစ်သည်။ HIV (Human Immunodeficiency Virus) ဟုဆိုရာတွင် HIV-1 နှင့် HIV-2 ဟူ၍ ခွဲခြားနိုင်သည်။ HIV-2 မှာ HIV-1 ကဲ့သို့ ပြင်းထန်ဆိုးရွားခြင်းမရှိဘဲ ရောဂါဖြစ်ပွားမှုနှုန်းမှာ အလွန်နည်းပါးလှပါသည်။ ထို့ကြောင့် HIV ဟုသုံးရာတွင် HIV-1 ကိုသာ ဆိုလိုခြင်းဖြစ်သည်။
၁၉၈၅ ခုနှစ်တွင် HIV ရောဂါပိုးကို အမေရိကန်ပြည်ထောင်စု မှထုတ်လုပ်ခဲ့သည်ဟု ဆိုဗီယက်တို့က စွပ်စွဲပြောကြားခဲ့သည်။ ထုတ်လုပ်ရရှိသော HIV ရောဂါပိုးကို ဟေတီနိုင်ငံနှင့် အခြား အာဖရိကနိုင်ငံများရှိ လိင်တူ ဆက်ဆံတတ်သော အမျိုးသား များတွင် စမ်းသပ်လေ့လာခဲ့ရာမှ ကူးစပ်ခဲ့သည်ဟု စွပ်စွဲခဲ့ပါသည်။ ထိုစွပ်စွဲချက်မှာ ဖြစ်နိုင်ခြေ အလွန်နည်းပါးလှပါသည်။ အဘယ်ကြောင့်ဆိုသော် ဇီဝလက်နက်စမ်းသပ်မှု လုပ်ငန်းများ သည် ၁၉၆၀ ခုနှစ် နောက်ပိုင်းတွင်မှ တိုးတက်လာခဲ့သည်။ HIV ရောဂါပိုးမှာ ၁၉၅၉ ခုနှစ် မတိုင်မှီကပင် ကူစက် ပြန်နှံ့နေပြီ ဖြစ်သည်။ အခိုင်အမာ ယူဆချက်တတစ်ခုမှ မျောက်များမှ တစ်ဆင့် ကူးစက်ခဲ့ရပါသည် ဟူသော ယူဆချက်ဖြစ်သည်။ ယနေ့တွင် ပညာရှင်များက ထိုအချက်ကို ယုံယုံကြည်ကြည် လက်ခံလာကြပြီဖြစ်သည်။ ၁၉၉၉ နှင့် ၂၀၀၀ ခုနှစ်တွင် ဟမ်းန်း ဦးဆောင်သော သုတေသီပညာရှင်များ အဖွဲ့ က HIV ရောဂါပိုးသည် မျောက်များမှတစ်ဆင့် ကူးဆက်မှုခံခဲ့ ရပါသည် ဟူသောအချက်ကို သိပ္ပံနည်းကျ ခိုင်လုံစွာ သက်သေပြ နိုင်ကြိုးစားခဲ့ကြသည်။ ထို့ကြောင့် ယနေ့ခေတ်တွင် HIV ရောဂါပိုး စတင်ပေါ်ပေါက်ခဲ့ရ ပုံနှင့် ပတ်သတ်၍ အခြေတင် အငြင်းပွားမှုများ နည်းပါးသွားရပြီ ဖြစ်သည်။
၁၉၈၁ ခုနှစ် ဇွန်လတွင် အမေရိကန်ပြည်ထောင်စုရှိ လိင်တူဆက်ဆံသော ယောင်္ကျားများတွင် ပုံမှန်မဟုတ်သော အဆုတ်ရောင်ရောဂါ ဖြစ်ပွားနေကြောင့်တွေ့ ရှိခဲ့ကြသည်။ ဇူလိုင်လတွင် ယင်းရောဂါဖြစ်ပွားသူ ဦးရေမှာ (၃၀) နီးပါးအထိ ရှိလာခဲ့သည်။ ထိုစဉ်က လိင်တူ ဆက်ဆံသော အမျိုးသားများတွင် ဖြစ်ပွားသည့် ခုခံအားကျဆင်းမှုရောဂါ (Gay Related Immune Deficiency, GRID) ဟု အမည်ပေးခဲ့ကြသည်။ ထို့ကြောင့် ထိုရောဂါ ပိုးကို လိင်တူဆက်ဆံရာမှ တစ်ဆင့်ကူစက်ခံရသည်ဟု ယူဆခဲ့ကြသည်။ သို့သော် ၁၉၈၃ ခုနှစ်တွင် သွေးသွင်းခံရဖူးသူနှင့် လိင်ကွဲဆက်ဆံသူများတွင်ပါ HIV ရောဂါပိုးကူစက်ခံရကြောင်း တွေ့ရှိ ခဲ့ရသည်။ ၁၉၈၃ ဇန်န၀ါရီလတွင် ပြင်သစ်နိုင်ငံမှ မွန်းတက်နီးရ်အင်စတီကျုက ရောဂါဆိုးဖြစ်ပေါ်စေသော ပိုးတစ်မျိုးအကြောင်း ဖော်ထုတ်တင်ပြခဲ့သည်။ ယင်းပိုးသည် ခုခံအားအဖွဲ့အစည်း အချက်အချာဖြစ်သော CD-4 ဆဲလ်များကို ပျက်စီးစေကြောင်းကို မှတ်ချက်ပြုခဲ့ကြသည်။ နောက်ပိုင်းတွင် ရောဂါပိုးကို HIV (Humman Immunodeficiency Virus) ဟု အမည်ပေးခဲ့ကြသည်။ ၁၉၈၅ တွင် HIV-2 ကိုပါ ဆက်လက် ဖော် ထုတ် တွေ့ရှိခဲ့သည်။ ယနေ့အချိန်တွင် ရောဂါကူးစက်ပျံ့ပွားမှုနှင့် ပတ်သတ်၍ ပိုမိုပြည့်စုံစွာသိရှိလာ ခဲ့ပြီဖြစ်သည်။
အဓိကရောဂါပိုး ကူးစက်ရာလမ်းကြောင်း (၃)ခုသာရှိသည်။ ယင်းတို့မှာ
(၁)လိင်မှတစ်ဆင့်ကူးစက်ခြင်း၊
(၂)မသန့်ရှင်းသောသွေး၊ ဆေးထိုးအပ်၊ ခွဲစိတ်ကရိယာတို့မှ တစ်ဆင့် ကူးစက်ခြင်း
(၃) ကိုယ်ဝန်ဆောင် မိခင်မှ သန္ဓသားသို့ ကူစက်ခြင်းတို့ ဖြစ်ကြသည်။
၁။ လိင်မှတစ်ဆင့် ကူးစက်ခြင်း
ရောဂါရှိသူတို့၏ ၇၅% ကျော်မှာ ထိုနည်းဖြင့် ကူစက်ခံရခြင်းဖြစ်သည်။ ရောဂါပိုး ရှိသူ၏ ခန္ဓာကိုယ်မှ ထွက်သော ချွေးမှ တစ်ပါး ကျန်အရည်အားလုံးတို့တွင် ရောဂါပိုးကိုတွ့ရှိရသည်။ အထူးသဖြင့် လိင်အင်္ဂါတ၀ိုက်မှ ထွက်သော အရည်များတွင် ရောဂါပိုးအရေအတွက် မြောက်မြားစွာ ပါဝင်ကြောင်း လေ့လာတွေ့ရှိရသည်။ လိင်တူ ဆက်ဆံရာမှ လည်းကောင်း၊ လိင်ကွဲဆက်ဆံရာမှ လည်းကောင်း ကူးစက်နိုင်ပါသည်။ အောက်ပါ အခြအနေများတွင် ရောဂါပိုးကူးစက်ခံရမှု အများဆုံးဖြစ်ပွားနိုင်ပါသည်။
(၁) အကာအကွယ်ပစ္စည်း ကွန်ဒုံးမသုံးခြင်း၊
(၂) လိင်ဆက်ဆံဖော်များခြင်း ၊
(၃) လိင်မှ တဆင့်ကူးစက်တတ်သော ရောဂါများ ဖြစ်ပေါ်ခံစားနေရချိန်တွင် လိင်ဆက်ဆံခြင်း ၊
(၄) လိင်ဆက်ဆံဖက်၏ သွေးထဲတွင် ရောဂါပိုးမြောက်များစွာ ရှိနေချိန် (ရောဂါပိုး စတင်ဝင်ရောက်ခြင်း အဆင့်နှင့် ခုခံအား ပျက်စီးကျဆင်းသွားသောအဆင့် ) တွင် ဆက်ဆံမိခြင်း အစရှိသည့် အချက်များ ပင်ဖြစ်သည်။
(၂)မသန့်ရှင်းသော သွေးဆိုးထိုးအပ်တို့မှ၊ ခွဲစိတ်ကရိယာတို့မှ ကူးစက်ခြင်း
ဆေးထိုးအပ်တစ်ခုထဲကို မျှဝေသုံးစွဲမှုကြောင့် ကူးစက်ခံရခြင်းဖြစ်သည်။ ထိုနည်းလမ်းဖြင့် ကူးစက်ခြင်းသည် လိင်မှတစ်ဆင့်ကူးစက်ခြင်းထက် ပိုမိုသေချာသည်။ မူးယစ်ဆေးဝါး သုံးစွဲသူ (၃) သန်းကျော်မှာ ရောဂါဖြစ် ပွား လျက်ရှိသည်။
(၃)ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်း
ရောဂါပိုးရှိသော မိခင်မှ တဆင့်အပြစ်မဲ့သော ရင်သွေးငယ် သို့ကူးစက်ရခြင်းဖြစ်သည်။ ကူးစက်မှုနှုန်းမှာ ဒေသတစ်ခုနှင့် တစ်ခုမတူညီနိုင်ပေ။၃၀% မှ ၅၀% သော HIV ပိုးရှိသူမိခင်များ၏ ရင်သွေးငယ်တို့မှ ရောဂါ ကူးစက်မှု ခံရသည်။ အောက်ပါ အခြေအနေတို့တွင် ကူးစက်မှုခံရခြင်းဖြစ်သည်။
၁။ ကိုယ်ဝန်ဆောင်စဉ် ကာလတွင်ကူးစက်ခြင်း ၊
၂။ မီးဖွားစဉ်ကာလတွင် ကူးစက်ခြင်း ၊
၃။ မိခင်နို့တိုက်ကျွေးစဉ်ကာလတွင် ကူးစက်ခြင်း ၊
အောက်ပါ အခြအနေများကြောင့် ရောဂါပိုးမကူးစက်နိုင်ပါ
ခြင်၊ ယင်၊ ကြမ်းပိုး အစရှိသည့် အင်းဆက်ပိုးမွားများကြောင့် ရောဂါကူးစက်မှု မဖြစ်နိုင်ပါ။ ရောဂါရှိသူနှင့် နေထိုင်စားသောက်ခြင်း၊ အလုပ်အတူတူလုပ်ခြင်း၊ ကျောင်းအတူတက်ခြင်း စသည်တို့ဖြင့် ရောဂါပိုး မကူးစက်နိုင်ပါ။ ရောဂါပိုး ရှိသူတို့၏ အ၀တ်အစားများကို ၀တ်ဆင်မိခြင်း၊ ရောဂါရှိသူ အသုံးပြုသော အိမ်သာကို သုံးမိခြင်းတို့ ကြောင့်လည်း ရောဂါမကူးစက်နိုင်ပါ။ HIV ရောဂါပိုးသည် ပုံမှန်လမ်းကြောင်း (၃) ခုမှလွဲ၍ အခြားနည်းလမ်းဖြင့် ကူးစက်ရန် အလွန်ခဲယဉ်းကြောင်း လေ့လာတွေ့ရှိရပါသည်။
သိရှိလိုက်နာရန်အချက်များ
၁။ လိင်ဆက်ဆံဖော်များခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း၊
၂။ တစ်လင် တစ်မယားစနစ်ကို ကျင့်သုံးခြင်း၊
၃။ အကာအကွယ်ပစ္စည်း ကွန်ဒုံးကို အသုံးပြုခြင်း၊
၎။ လိင်ဆက်ဆံ များလွန်းသူများအား လုံးဝရှောင်ကျဉ်ခြင်း၊
၅။ တစ်ခါသုံးဆေးထိုးအပ်၊ ပြွန်များကိုသာ အသုံးပြုခြင်း၊
၆။ အပ်စိုက်ရာတွင်လည်ကောင်း၊ ဆေးမင်ကြောင်ထိုးရာတွင် လည်းကောင်း ၊ စနစ်တကျပိုးသတ်ထားသော ကိရိယာများကိုသာ သုံးစွဲခြင်း၊
၇။ စနစ်တကျစမ်းသပ် စစ်ဆေးပြီးမှသာ သွေးသွင်းမှုကိုခံယူခြင်း၊
၈။ သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်ဓားစသည့် ပစ္စည်းများကို မျှဝေသုံးစွဲမှု မပြုခြင်း ၊
စသည့်အချက်များကို လိုက်နာဆောင်ရွက်သင့်ကြောင်း ဖတ်ထားသမျှ ရေသားတင်ပြလိုက်ရပါသည်။
LGBT - HIV ရောဂါအကြောင်း ဖတ်မိသမျှ




