ပြည်တွင်းရှိ HIV ရောဂါပိုး ကူးစက်ခံရသူများထဲမှ လူဦးရေ (၄) သောင်းခန့်သာ HIV ပိုးထိန်းဆေး ART ဆေးကို ရရှိနေသေးတယ်လို့ အမျိုးသား ခုခံအားကျဆင်းမှု တိုက်ဖျက်ရေးစီမံချက်ရဲ့ စစ်တမ်းများအရ သိရပါတယ်။ လက်ရှိ ပြည်တွင်းရဲ့ ခန့်မှန်းခြေ လူဦးရေ (နှစ်သိန်းလေးသောင်း) ခန့်ဟာ HIV ပိုး ကူးစက်မှု ခံစားနေရတာဖြစ်ပြီး မူးယစ်ဆေးထိုးသူများနဲ့ လိင်တူဆက်ဆံသူများမှာ ရောဂါပိုး ကူးဆက်မှု ပိုမိုများပြားနေတာ ဖြစ်ပါတယ်။ အဲ့ဒီလို ရောဂါပိုး ကူးစက်ခံရသူများထဲမှ လူကြီးနဲ့ကလေး လူဦးရေ (၄) သောင်းခန့်သာ ART ဆေးရရှိတဲ့ အတွက် ကုသနိုင်မှု ကွာဟချက် ကြီးမားနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို ကုသနိုင်မှုတွေကို တိုးမြှင့်နိုင်ဖို့ အတွက် ဝေးလံပြီးရောက်ရှိဖို့ ခက်ခဲပြီး ဘေးဒုက္ခကျရောက်လွယ်တဲ့ ဒေသများမှ ပြည်သူများကို ကျန်းမာရေး ၀န်ဆောင်မှုများ ပိုမိုလုပ်ဆောင်နိုင်ဖို့အတွက် အစိုးရနဲ့ HIV/AIDS ကုသရေးနဲ့ ကာကွယ်ရေး လုပ်ငန်းများကို လက်ရှိ လုပ်ကိုင်နေတဲ့ NGO အဖွဲ့အစည်းများကြား ချိတ်ဆက်ပေးမယ့် မဟာဗျူဟာ ချမှတ်နိုင်ဖို့ ဂျပန်နိုင်ငံရန်ပုံငွေမှ ထောက်ပံ့ငွေသုံးစွဲပြီး ADB ဆောင် ရွက်ပေး သွားမှာဖြစ်ပါတယ်။
ဒီလို ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရေးအတွက် ဂျပန်နိုင်ငံ ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ (၁၀) သန်းကို သုံးစွဲပြီး ADB မှမွန်၊ ကရင်၊ ရှမ်းပြည်နယ်တို့ရှိ ကျေးရွာပေါင်း (၇၃၉) ရွာမှာ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရ ပါတယ်။ အဆိုပါ စီမံချက်ကို လာမယ့် (၂၀၁၇) ခုနှစ်ထိ ဆောင်ရွက်မှာဖြစ်ပြီး HIV/AIDS လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါများအတွက် အစီအစဉ်ချမှတ်တဲ့ ကျန်းမာရေး စနစ်ပိုမိုကောင်းမွန် လာမှာဖြစ်တယ်လို့ သိရ ပါတယ်။
ဗုဒ္ဓဘာသာ ပြန့်ပွားစေဖို့အတွက် ရည်ရွယ်ချက်ဖြင့် ပြုလုပ်တဲ့ ဓါတ်ပုံပြပွဲကို ဇန်န၀ါရီလ (၆) ရက်နေ့က ရွှေတိဂုံစေတီတော် ချမ်းသာကြီး တန်ဆောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ဓါတ်ပုံပြပွဲကို တရုတ်သံရုံးမှ ကြီးမှူးပြသတာ ဖြစ်ပြီး ဇန်န၀ါရီလ (၆) ရက်နေ့မှ (၁၉) ရက် နေ့အထိ (၁၄) ရက်ကြာ ပြသသွားမှာဖြစ်ပါတယ်။ အဆိုပါပြပွဲမှာတော့ ဓါတ်ပုံပေါင်း (၆၅) ပုံ ပြသထားတာဖြစ်ပြီး ဘုန်းတော်ကြီးတစ်ပါးက ရိုက်ကူး ထားတာပဲဖြစ်တယ်လို့ သိရပါတယ်။
ဒီလိုရိုက်ကူးရာမှာ တရုတ်နိုင်ငံ ကွမ်ကျိုးပြည်နယ်မှ ဘုန်းတော်ကြီးကျောင်းများမှ ဘုန်းတော်ကြီးများရဲ့ ဗုဒ္ဓဘာသာဆိုင်ရာ လှုပ်ရှားပုံများကို ရိုက်ကူး ထားတာပဲဖြစ်ပါတယ်။ အဆိုပါပြပွဲကို ပြုလုပ်ရခြင်းဟာ တရုတ်နိုင်ငံမှ ဘုန်းတော်ကြီးများရဲ့ ဗုဒ္ဓဘာသာ ပြန့်ပွားရေး ဆောင်ရွက်နေပုံများကို သိရှိစေဖို့နဲ့ ဗုဒ္ဓဘာသာပြန့်ပွားစေဖို့ ရည်ရွယ်ပြုလုပ်တာပဲဖြစ် တယ်လို့သိရပါတယ်။ အဆိုပါပွဲမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးမှ ရွှေတိဂုံစေတီတော်မြတ်ကြီး ဝေယျာဝစ္စအတွက် အလှူငွေ ကျပ်သိန်း (၅၀) လှူဒါန်းမှုကိုပါ ဆောင်ရွက်ခဲ့သေးတယ်လို့ သိရပါတယ်။
MRTV-4 - HIV ရောဂါ ကူးစက်ခံရသူများမှ လူဦးရေ (၄) သောင်းခန့်သာ ရရှိနေသည့် HIV ပိုးထိန်းဆေး ART




