မြန်မာပြည်အနှံ့တစ်ကိုယ် တော်စက်ဘီးစီးနင်း၍ ခုခံအား ကျဆင်းမှုရောဂါပိုးကူးစက်ခံ ဝေဒနာရှင်များ သက်တမ်းစေ့နေ ထိုင်နိုင်ရေးအတွက် အကြံပြုဆွေး နွေးမှုများ၊ ဟောပြောပွဲများ ကျင်းပပြုလုပ်နိုင်ခဲ့သည့် HIV ပိုးကူးစက်ခံ Sarako (စရကို)သည် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်သို့ အောင်မြင်စွာဖြင့် ပြန်လည်ရောက်ရှိနိုင်ခဲ့ပြီ ဖြစ်သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ကူညီဖေးမမှုဖြင့် မြန်မာပြည် အနှံ့တိုင်းဒေသကြီး ၁၅ ခု၊ မြို့ နယ်ပေါင်း ၂၅၅ မြို့သို့ စက်ဘီးနင်း၍ ရက်ပေါင်း ၃၉ဝ ခန့် ခရီးဆန့် အပြီး ပြန်ရောက်လာခဲ့သည့် စရကို၏ အောင်မြင်မှုပီတိစကားသံက “ခရီးစဉ်တစ်ခု၊ ပရောဂျက်တစ်ခုကို အကောင်းဆုံးဖြစ်အောင် စွမ်းဆောင် နိုင်ခဲ့တဲ့ အတွက်၊ သက်သေပြနိုင်ခဲ့တဲ့ အတွက် အတိုင်းမသိ ဝမ်းသာပါတယ်” ဟု သိရသည်။
မိုင်ပေါင်း ၇၁ဝဝ ကျော် တစ်ကိုယ်တော် စက်ဘီးစီးနင်းခဲ့သူ Sarako (စရကို)၏ မြို့နယ်တစ် လျှောက်ကြုံခဲ့ရသည့် အမှတ်တရများအား ပြန်လည်မေးမြန်းဖြစ်ခဲ့ရာ “အခက်အခဲတွေကြားထဲက အမှတ်တရ လေးတွေပေါ့။ ကျွန်တော် စကားဝိုင်း လုပ်ခွင့်မရခဲ့တဲ့ မြို့လေးတွေရှိတယ်။ မင်းလှတို့၊ ရေကြည်၊ ငါးသိုင်းချောင်း တို့ဆို ညအိပ်ကို လက်မခံဘူး။ နောက် ကြောင်းပြန်လည့်ခဲ့ရတယ်။ နေပြည်တော်မှာဆို ကျွန်တော့်ကို စကားဝိုင်းမလုပ်ဖို့ ဇေယျာသီရိမြို့ နယ်အုပ်ချုပ်ရေးမှူးက လာပြီးတားတယ်။ မန္တလေးဝင်ခါနီး စစ်ကိုင်းမှာ ဖုန်းအခိုးခံလိုက်ရတဲ့ ကိစ္စလေးတွေ ကတော့ ကျွန်တော့်အတွက် အမှတ် တရလေးတွေဖြစ်ပါတယ်” ဟု စရကိုက ဆိုခဲ့သည်။
ခုခံအားကျဆင်းမှုရောဂါပိုး ကူးစက်ခံဝေဒနာရှင်များ သက်တမ်း စေ့နေထိုင်နိုင်ရေးအတွက် အကြံပြု ဆွေးနွေးမှုများ၊ ဟောပြောမှုများ ပြုလုပ်ခဲ့ရာတွင် ရရှိလာခဲ့သော အကျိုးကျေးဇူးရလဒ်များနှင့် ပတ်သက်ပြီးလည်း စရကိုက “များသောအားဖြင့်တော့ သူတို့မသိတဲ့ information အသစ်တွေ သိလိုက် ရတယ်။ လိုအပ်နေတဲ့ ကျန်းမာရေးနဲ့ ဗဟုသုတတွေဖြစ်စေတဲ့အတွက် ကျွန်တော့်အပေါ်ကို တုံ့ပြန်မှုကတော့ ကောင်းပါတယ်။ ကျွန်တော်ကိုယ် တိုင်က အခုလိုမျိုးရှေ့ကနေ လုပ်ဆောင်ပေးတဲ့အတွက် သူတို့အနေနဲ့လည်း ခွန်အားတွေ ရခဲ့ပါတယ်” ဟု ပြောပြခဲ့သည်။
စရကိုသွားရောက်ခဲ့သည့် မြန်မာပြည်အနှံ့ အချိန်ကာလ ၁ နှစ် နှင့် ၂၅ ရက်အတွင်း မတူညီသည့် ရာသီဥတု အမျိုးမျိုးကို ကြုံခဲ့ရ ကြောင်း၊ ဝိုင်းဝန်းကူညီပံ့ပိုးပေးကြသည့် အဖွဲ့အစည်း အသီးသီးကို ကျေးဇူး တင်ကြောင်း ပြောပြခဲ့သည်။ မြန်မာပြည်အနှံ့ တစ်နှစ်ကျော်ကြာ တစ်ကိုယ်တော်စက်ဘီး စီးနင်းခဲ့သူ စရကို၏ရှေ့ဆက်အနာ ဂတ်အစီ အစဉ်များကလည်း “HIV နဲ့ ပတ်သက်လို့ Network တွေနဲ့ ချိတ်ဆက် ပြီး လုပ်ဖို့ရှိတယ်။ အရင်ကျွန်တော် လုပ်ခဲ့တဲ့ ပညာရေးလောကထဲမှာ လည်းဆက်ပြီး လုပ်ဖို အစီအစဉ်ရှိပါ တယ်။ ပြီးတော့ ပရဟိတအလုပ် အတွက်လည်း ကျွန်တော်ဆက်ပြီး လှုပ်ရှားသွားမှာပါ” ဟု ဆိုခဲ့သည်။
Sarako (စရကို) ၏ အောင်မြင်မှု ခရီးပန်းတိုင်အဖြစ် ဒီဇင်ဘာ ၂၅ ရက်နေ့၊ မွန်းလွဲ ၂ နာရီတွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ မင်္ဂလာတောင် ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်း၊ ဂီတမိတ်မှ သူငယ်ချင်းများနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ အသင်းသားများမှ ကြိုဆို ခဲ့ကြသည်။
မျိုးမောင်
Popular - HIV ဝေဒနာရှင်တို့အတွက် စံပြလူသားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သူ Sarako (စရကို)




