7
Jun

HIV ဝေဒနာရှင်များအတွက် အလှူရှင်များ အရေးပေါ် လိုအပ်



တနေ့တခြား
တိုးပွားလာသော HIV/AIDS ဝေဒနာရှင်များ အတွက် ဆေးဝါးစရိတ် ကုန်ကျမှုငွေကြေး အခက်အခဲ ရှိနေသည့်အတွက်
ART ဆေးဝါးများ ဆက်လက်ပေးဝေနိုင်ရန် မလွယ်ကူတော့ကြောင်း HIV အရေး ဆောင်ရွက်နေသူ မဖြူဖြူသင်းက
ပြောကြားသည်။

ပြည်တွင်း အန်ဂျီအိုများစွာမှ ART (ARV) ဆေးဝါးများ ဖြန့်ဝေမပေးနိုင်တော့ခြင်း၊ မီးလောင်
မင်္ဂလာဈေး၏ လတ်တလော ဆေးဈေးကွက် ပျက်သွားခြင်းတို့ကြောင့် HIV အပါအဝင် ၎င်းနှင့် ဆက်စပ်ဆေးဝါးများ
တန်ဖိုးမြင့်တက်လာက ငွေအကုန်အကျ ပိုမိုများလာသည့်အတွက် ART ဆေးဝါးများ ဆက်လက်ဖြန့်ဝေရန်
အခက်အခဲ ရှိလာခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

“ကျမတို့က ဆေးယူထား၊ အလှူရှင် ရလာရင် ငွေသွားရှင်း၊ အဲလိုရှိတယ်။ အခု ဆေးပစ္စည်းတွေ မီးလောင်ဆုံးရှုံးကုန်တော့
သူတို့လည်း ဆိုင်တွေကို အသစ်ကနေ ပြန်စနေရတယ်။ ART ကို တခြားဆိုင်တွေမှာ လက်လီဝယ်ယူဖို့ကျတော့
ကျမတို့ ငွေလက်ငင်း မတတ်နိုင်ဘူးဖြစ်နေတယ်” ဟု မဖြူဖြူသင်းက ပြောသည်။

HIV/AIDS
ဝေဒနာရှင်များ သောက်သုံးရသည့် ART (ARV) ဆေးများကို ပြင်ပ ဆေးဆိုင်များမှ ဝယ်ယူပါက
တလစာ (ပျမ်းမျှ) (၃၀,၀၀၀) မှ (၃၅,၀၀၀) ကျပ် ဝန်းကျင်ခန့်ရှိကြောင်း၊ ထို့ပြင်
HIV/AIDS နှင့် ဆက်စပ်နေသော အခြားရောဂါများအတွက် ကာကွယ်ဆေးများဖြစ်သော Forcan,
Septrim, Imodium ဆေးများ၊ ပိုးသတ်ဆေးများ၊ ဝမ်းပျက် ဝမ်းလျှော အတွက် ဓာတ်ဆား ထုပ်များပါမကျန်
ယခင်ထက် ဈေးတက်နေသည့်အတွက် ဆေးဝါး ဝယ်ယူမှုစရိတ် ပျမ်းမျှ လစဉ် (၂၀-၂၅) သိန်းခန့် ကုန်ကျနေကာ
ဆက်လက် ဝယ်ယူနိုင်ရန် ငွေကြေးအခက်အခဲ ရှိနေသည်ဟု သိရသည်။

“သဇင် ဆေးခန်းကြီး အပါအဝင် အန်ဂျီအိုတွေအနေနဲ့ HIV လူနာသစ်တွေကို သွေးစစ်ပေးရုံကလွဲလို့
ART လုံးဝ မပေးနိုင်တော့ဘူး။ အရင်က အန်ဂျီအို အတော်များများ (မှို၊ ရေယုန်၊ ဝမ်းပျက်
ဝမ်းလျှော စတဲ့ အခြား အခွင့်အရေးယူ ရောဂါ) (OI) ဆေးတွေ ပေးနိုင်သေးတယ်။ အခု သူတို့ဆီမှာ
OI တောင်ပြတ်နေပြီ။ အန်ဂျီအိုတွေမှာ ခုလို ART ရော၊ OI ရော ပြတ်နေတော့ ကျမတို့ဆီကို
လူနာတွေ ပိုတိုး ဝင်နေတယ်” ဟုလည်း မဖြူဖြူသင်းက ပြည်တွင်း အန်ဂျီအို အဖွဲ့အစည်းများ၏
လက်ရှိ ရပ်တည်မှုကို ရှင်းပြသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ HIV/AIDS ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးနှင့်
ပညာပေးရေး လုပ်ငန်းစဉ်များတွင် ဦးဆောင် လုပ်ကိုင်နေသူ မဖြူဖြူသင်းက ၎င်းတို့အနေဖြင့်
လက်ရှိတွင် လူနာ (၁၀၀) ဦးခန့်အား ART ဆေး လစဉ် ပေးဝေနေရပြီး OI အဆင့် လူနာသစ်များလည်း
(၃-၄) ဦးမျှ နေ့စဉ် ရောက်ရှိ နေသည့်အတွက် နယ်လူနာ (၁၀၀) ခန့်ကို တောင်ဒဂုံ (၁၈) ရပ်ကွက်၌
(၂) အိမ်၊ မြောက်ဒဂုံ၌ (၂) အိမ် စုစည်း နေထိုင်စေကာ ART, TB, OI ဆေးများ သာမက ဝမ်းရေး
အခက်အခဲ ကိုလည်း တတ်နိုင်သမျှ ဖြေရှင်း ပေးနေရသည်ဟု ပြောဆိုသည်။

“လတ်တလော အခက်အခဲအရ လူနာနဲ့ ကျမတို့ ငွေကြေး တယောက်တဝက် ကျခံစေတဲ့ ပုံစံမျိုး၊ လူနာအချင်းချင်း
ART လှည့်ပေးနေရတဲ့ ပုံစံမျိုးတွေ လုပ်နေရတယ်။ ဒါပေမယ့် မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေအရ
စားဖို့တောင် အနိုင်နိုင်ဆိုတော့ ဆေးဝါးကို အပြင်ဈေးနဲ့ ဝယ်သုံးဖို့ဆိုတာ ဘယ်လိုမှ
မဖြစ်နိုင်ဘူး။ အများစုကို အခမဲ့ ပေးဝေနေရတယ်။ လူနာတွေ ဆေးပြတ်ရင် အသက်တိုလိမ့်မယ်”
ဟု ၎င်းက ပြောသည်။

ပြည်တွင်း အန်ဂျီအိုများသည် 3D Funds, Global Funds တို့မှ ပေးဝေသော ART ဆေးများဖြင့်သာ
ရပ်တည်နေရကြောင်း၊ လာမည့် ၂၀၁၁ တွင် Global Funds မှ မြန်မာပြည် တွင်းသို့ ART အလုံ
အလောက် ဖြန့်ဝေမည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် များစွာ မျှော်လင့်နေရကြောင်း မဖြူဖြူသင်းက
ပြောသည်။

၎င်းက “HIV လူနာတွေအတွက် အရေးပေါ် ငွေကြေးလိုအပ်နေပါတယ်။ ဒါကြောင့် နိုင်ငံတကာက ဖြစ်စေ၊
တရားမဝင် ငွေကြေးဖြစ်စေ၊ ဘယ်အဖွဲ့အစည်းက လှူလှူ အားလုံးကို လက်ခံမယ်။ ဒီနည်းပဲ ရှိတော့တယ်။
အဲလိုလုပ်လို့ ပြဿနာ တစုံတရာ ရှိလာရင် ကျမ ဖြေရှင်းမယ်။ HIV လူနာတွေကို ART ဆေး ဖြန့်ဝေလို့
ထောင်ချမယ်ဆိုလည်း ကျမခံမယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မင်္ဂလာဒုံဆေးရုံနှင့် ဝေဘာဂီဆေးရုံ တို့တွင်လည်း ဆေး မပေးနိုင်သည့်အတွက် HIV/AIDS လူနာသစ်များကို
လက်မခံတော့ကြောင်း၊ ဆေးပေးနေကျ လူနာဟောင်းများကို တလတကြိမ် ဆေး ပေးသော်လည်း ရက်ချိန်းမမှန်
ဖြစ်နေကြောင်း သိရသည်။

စစ်အစိုးရကမူ မြန်မာနိုင်ငံတွင် HIV/AIDS ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းခဲ့သည်ဟု ၂၀၀၉
ခုနှစ် ကမ္ဘာ့ HIV/AIDS ရောဂါ တိုက်ဖျက်ရေးနေ့တွင် ကြေညာခဲ့သော်လည်း အရေအတွက် အတိအကျကိုမူ
ဖော်ပြခြင်း မရှိပေ။

အောင်ထက်

ခေတ်ပြိုင် - HIV
ဝေဒနာရှင်များအတွက် အလှူရှင်များ အရေးပေါ် လိုအပ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top