HIV ဝေနာရှင် ကိုယ်ဝန်ဆောင်များအား စောင့်ရှောက်မှုပေးနေသော BUD (Better Undisruptive Delivery) အဖွဲ့မှ ရန်ပုံငွေ အခက်အခဲကြောင့် လူနာအသစ်များ လက်ခံရန် ခေတ္တရပ်ဆိုင်း ထားမည်ဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် ကိုနေမျိုးထံမှ သိရသည်။
”ကျွန်တော်တို့ လူနာအသစ်တွေ လက်ခံတာကို ခဏရပ်ထားပါတယ်။ လောလောဆယ် ကျွန်တော်တို့ဆီမှာ လူနာ ၃ဝ ကျော် ၄ဝ နီးပါး ရှိပါတယ်။ အနည်းဆုံး လူနာ အယောက် ၅ဝ စာလောက် ရန်ပုံငွေ အဆင်သင့်ရှိမှ ရမှာပါ။ မဟုတ်ရင် လူနာလက်ခံပြီးမှ ရန်ပုံငွေရှာမရရင် ပြဿနာဖြစ်မှာစိုးလို့။ နောက်ပြန်လက်ခံဖို့ အဆင်သင့် ဖြစ် တဲ့နေ့ကို ကြေညာပေးပါ့မယ်” ဟု ၄င်းက ပြောကြားခဲ့သည်။
BUD အဖွဲ့သည် ၂ဝဝ၇ အောက်တိုဘာလမှ စတင်၍ ချို့တဲ့သော HIV ကိုယ်ဝန်ဆောင်များနှင့် မိခင်ရောကလေးပါ အန္တရာယ်ရှိသည့် အခြေအနေမျိုး ကြုံ တွေ့နေရသော ကိုယ်ဝန်ဆောင်များ ကို အဓိကထား၍ ခွဲစိတ် ကုသရန် ကူညီပံ့ပိုးပေးပြီး HIVကိုယ်ဝန် ဆောင်များကို ကလေးထံ ရောဂါ မကူးစက်နိုင်စေရန် PMCT (Prevention Mother to Child Treatment) စနစ်ဖြင့် ကာကွယ်ကုသ စောင့်ရှောက်ခဲ့ရာ ယခုအခါ၌ လူနာပေါင်း ၆၅ဝ ကျော်ကို ကုသခဲ့ပြီး ဖြစ်ကြောင်း ၄င်းထံမှ သိရသည်။
ထပ်မံ၍ ၄င်းက ”နယ်ကလာတဲ့သူတွေ ဆိုရင်လည်း တည်းခိုဖို့ အခက်အခဲရှိရင် ကျွန်တော်တို့ဆီမှာ သုံးလနေခွင့် ပြုပေးပါတယ်။ ကျွန်တော်တို့ ဘတ်ဂျက်အနေအထား အပေါ် မူတည်ပြီး တတ်နိုင်သလောက် လုပ်ပေး ပါတယ်။ အခု ကျွန်တော်တို့ မြောက်ဥက္ကလာ ဆေးရုံရယ်၊ အင်းစိန်ဆေးရုံနဲ့ ဗဟိုအမျိုးသမီး ဆေးရုံရယ်ကို ဆက်သွယ်ပြီး လူနာတွေကြိုက်တဲ့ ဆေးရုံမှာ မွေးနိုင်အောင် လုပ်ပေးထားပါတယ်။ လူနာတွေက လှိုင်သာယာ၊ အင်းစိန်၊ ရွှေပြည်သာနဲ့ မင်္ဂလာဒုံတို့ဘက်က လာတာများပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် လူနာများအား အခြား NGO အဖွဲ့အစည်းများနှင့် ဆက်သွယ်ကာ HIV ဖြစ်ပွားသည့် မိခင်များအား ချေးငွေထုတ်ပေးခြင်းနှင့် ဝင်ငွေတိုးလုပ်ငန်းများ လုပ်ကိုင်စေကာ မိသားစုဝင်ကလေးများအား ပညာရေးထောက်ပံ့မှုများ ပြုလုပ်ပေးကြောင်း ၄င်းထံမှ သိရသည်။
စိုးသီရိလွင် (ရန်ကုန်၊ မတ် ၈ )
Popularmyanmar - HIV ဝေဒနာရှင် ကိုယ်ဝန်ဆောင်သစ်များ လက်ခံမှုရန်ပုံငွေ အခက်အခဲကြောင့် ခေတ္တရပ်ထားရ




