19
Aug

HIV ဝေဒနာရှင် တစ်ဦး မြန်မာပြည်အနှံ့ စက်ဘီးဖြင့် ဟောပြောမည်

အိတ်ခ်ျအိုင်ဗွီ ရောဂါနှင့် ပတ်သက်၍ အသိပညာ ပေးခြင်းများအား စက်ဘီးဖြင့် မြန် မာပြည်အနှံ့ လိုက်လံဟောပြောမည့် အိတ်ခ်ျအိုင်ဗွီဝေဒနာရှင်တစ်ဦးအား နာရေး ကူညီမှုအသင်း (ရန်ကုန်) မှ ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

စက်ဘီးဖြင့် မြန်မာနိုင်ငံအနှံ့သို့ လိုက်လံဟောပြောမည့် ခုခံအား ကျဆင်းနေသည့်ဝေဒနာရှင် အမျိုးသား (ကိုဝင်းမောင်-အမည်လွှဲ) မှာ စက်ဘီးဖြင့် မြန်မာတစ်နိုင်ငံလုံးသို့ သွားရောက်မည် ဖြစ်ပြီး မြန်မာ တစ်ပြည်လုံးရှိ မြို့ နယ်အသီးသီးမှ နာရေး ကူညီမှုအသင်းအဖွဲ့ အားလုံးက ကူညီသွားမည် ဖြစ်သည်။

''ကျွန်တော်တို့ နာရေးကူ ညီမှုအသင်းက အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင် တစ်ဦးကို မြန်မာပြည်အနှံ့ စက်ဘီးနဲ့ လှည့်လည် ဟောပြောနိုင်အောင် ကူညီပေး သွားပါမယ်။ မြန်မာပြည် အနှံ့ကိုသွားပြီး တိုင်းရင်းသား ပေါင်းစုံနဲ့ တွေ့ဆုံကာ ဟောပြောနိုင်ဖို့ စီစဉ်ပေးမှာ ဖြစ်ပါတယ်။ သူအသုံးပြုမယ့် တောင်တက် စက်ဘီးတန်ဖိုးငွေကိုလဲ လှူဒါန်းသွားမယ်။ သူလိုအပ်မယ့် စားသောက်ဖွယ်ရာနဲ့ ငွေကြေးတွေကို မြို့နယ် အသီးသီးက နာရေး ကူညီမှု အသင်းတွေက ကူညီပေးသွားမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ စီစဉ် နေတုန်းပဲ ရှိပါတယ်'' ဟု နာရေးကူ ညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

အိတ်ခ်ျအိုင်ဗွီရောဂါပိုး ကူးစက်ခံနေရသူများသည် အေအိုင်ဒီအက်စ် အဆင့်သို့ မရောက်ရှိသေးချိန်တွင် သာမန်လူများကဲ့သို့ သွားလာပြီး အလုပ်လုပ်ကိုင် နိုင်ကြောင်းနှင့် အေအိုင်ဒီအက်စ် ဝေဒနာ စတင်ခံစားရသောအခါ အလုပ်အကိုင်များ မလုပ်နိုင်တော့သဖြင့် ထောက်ပံ့ကြေးငွေဖြင့်သာ ရပ်တည်နေရကြောင်း သိရသည်။

''အရင်တုန်းကတော့ ကျွန်မလဲ အလုပ်လုပ်နိုင်ပါတယ်။ အခု ရောဂါပိုး တွေ့ပြီးနောက်ပိုင်းမှာ အေအိုင်ဒီအက်စ်ဖြစ်လို့ အေအာရ်တီဆေး သောက်နေရပါတယ်။ ဘာအလုပ်မှ မလုပ်နိုင်ဘူး။ လှူမယ့်သူကိုပဲ စောင့်နေရတယ်။ ကျွန်မမှာ သားလေးရှိတယ်။ သူ့ ကို ကိုယ်ဝန်ဆောင်ရင်း သွေးစစ်တော့မှ ရောဂါပိုးတွေ့မှန်း သိတာ။ သားလေးမှာတော့ ရောဂါပိုးမရှိဘူး။ ကျွန်မနေခဲ့တဲ့ မေတ္တာရှင် ဂေဟာမှာတော့ ရောဂါဖြစ်နေ သူ ၁၀ဝ လောက်ရှိတယ်'' ဟု ယုဇန ဥယျာဉ်မြို့တော်နေ အေအိုင်ဒီအက်စ် ဝေဒနာရှင် မပန်းဆီ (နာမည်လွှဲ) က ပြောသည်။

လက်ရှိ အခြေအနေတွင် အေအိုင်ဒီအက်စ် ဝေဒနာရှင်များ အတွက် နိုင်ငံတော်မှ အေအာရ်တီဆေးများကို အခမဲ့ပေးထားပြီး ရောဂါဝေဒနာ ခံစားနေရကာ အလုပ်မလုပ်နိုင်သော ဝေဒနာရှင်များသည် အလှူရှင် များ၏ ထောက်ပံ့ကြေးများကို မျှော်လင့်နေကြောင်း သိရသည်။

သူသူထက်လွင်၊ ရန်ကုန်၊သြဂုတ် (၁၈)

Yangon Media Group - HIV ဝေဒနာရှင် တစ်ဦး မြန်မာပြည်အနှံ့ စက်ဘီးဖြင့် ဟောပြောမည် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top