စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ် အတွင်းရှိ HIV ဝေဒနာရှင် များအတွက် ART ဆေး တိုးပေး သွားမည် ဖြစ်ကြောင်း ကလေးမြို့၊ ပြည်သူ့ ဆေးရုံဝင်း အတွင်းရှိ ခုခံကျ/ကာလသား ရောဂါ တိုက်ဖျက်ရေး အဖွဲ့ထံမှ သိရသည်။
“၂၀၁၃ ခုနှစ်၊ မတ်လ အထိ အယောက်ခြောက်ဆယ် ထပ်တိုး သွားမယ်။ လူကြီး ငါးဆယ်နဲ့ ကလေး ဆယ်ဦးပါ “ဟု အဆိုပါ အဖွဲ့ ခေါင်းဆောင် ဒေါက်တာ စိုးမိုးထွေးက ဆိုသည်။
အဆိုပါ အဖွဲ့ အနေဖြင့် HIV ဝေဒနာရှင် များထံ ART ဆေးပေးမှု ကို ၂၀၁၀ ခုနှစ်၊ ဇွန်လ တွင် ဆယ်ဦးဖြင့် စတင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ဆယ်ဦး၊ ၂၀၁၂ ခုနှစ်တွင် လူကြီး၂၀ဦး၊ ကလေးဆယ်ဦး ပေးနိုင် ခဲ့ကာ ယခု တိုးချဲ့ လူဦးရေ အပါအဝင် ဝေဒနာရှင် ၁၁၀ ဦးကို ပေးနိုင်ပြီ ဖြစ်ကြောင်း ၄င်းက ရှင်းပြ သည်။
ယင်းအဖွဲ့ စာရင်းများ အရ ကလေးမြို့နယ် အတွင်း HIV ဝေဒနာ ခံစား နေရသူ (၄၀၀) ဦး ဝန်းကျင်ခန့် ရှိသော်လည်း ပြင်ပ အဖွဲ့အစည်း ဖြစ်သော မိတ်ဆွေများ အတွက် ဂရုဏာ လုပ်ငန်း (Charity Services for Friends- CSF) အဖွဲ့၏ စာရင်းများ အရမူ ကလေး မြို့နယ်တွင် HIVပိုး ရှိသူပေါင်း (၁၅၀၀)ခန့်ရှိကြောင်း CSF အဖွဲ့ ညှိနှိုင်းရေးမှူး ဦးကပ်လှယ်မန်းက ပြောကြားသည်။
“ဒါကလည်း ကျွန်တော်တို့ဆီ ဆက်သွယ် ထားတဲ့ စာရင်းအရ ပြောတာပါ။ ကျွန်တော် တို့နဲ့ မဆက်သွယ် သေးတဲ့ သူတွေရော ဆိုရင် ကလေး ဒေသမှာ ထောင်ဂဏန်း ကြီးကြီးလောက် ရှိမယ်လို့ ခန့်မှန်း ထားပါတယ်” ဟု ၄င်းက ဆိုသည်။
အပတ်စဉ် ဗုဒ္ဓဟူး နေ့တိုင်း ART ဆေးကို ကလေးပြည်သူ့ ဆေးရုံကြီး ရှိ ခုခံကျ/ကာလသား ရောဂါ တိုက်ဖျက်ရေး ဌာနတွင် ထုတ်ပေး နေပြီး (၃)လ တစ်ကြိမ်ခန့် ဆေးပေးမှု နှုန်း တိုးမြင့် သွားမည် ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။
“ဂလိုဘယ်ဖန် ရဲ့အစီအစဉ်နဲ့ ပေးနေတာ ဆိုတော့ Fund အခြေအနေ ပေါ် မူတည်ပြီး နှစ်လ၊ သုံးလ တစ်ကြိမ် လူတိုးပြီး ပေးသွား နိုင်မယ်လို့ မျှော်လင့် ပါတယ်” ဟု ဒေါက်တာ စိုးမိုးထွေးက ဆိုသည်။
ကလေး မြို့နယ်တွင် ၂ဝ၁၂ ခုနှစ် အတွင်း HIV ရောဂါပိုး ဖြင့် သေဆုံးခဲ့သူ (၃၅) ဦးခန့် ရှိကြောင်း CSF အဖွဲ့၏ စာရင်းများ အရ သိရသည်။
မြတ်(ကလေး)
Danyawadi - HIV ဝေဒနာရှင် များကို ART ဆေး ထပ်တိုး ပေးမည်




