HIV ဝေဒနာရှင်များ ARV ဆေးဝါးများ လွယ်ကူစွာ ထုတ်ယူနိုင်ရန် မြို့နယ် အဆင့် ဆေးရုံ ခြောက်ရုံတွင် တိုးချဲ့၍ ဆေးဝါးများ ထုတ်ပေး သွားမည် ဖြစ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ သိရသည်။
လက်ရှိတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခုတင် (၂၀၀) နှင့် အထက် ဆေးရုံ (၃၈) ခု၌ ARV ဆေးများ ထုတ်ပေးနေပြီး ယခု အစီအစဉ်ကြောင့် သွားလာရေး ခက်ခဲသည့် ဒေသများမှ မြို့နယ် ဆေးရုံများတွင် ရယူနိုင်မည် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ လက်ရှိ ဆောင်ရွက် ပေးတဲ့အခါမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် အဆင့် ဆေးရုံတွေမှာက ပထမဦးဆုံး စစ်ဆေးရမယ့် လူနာတွေကို ဆောင်ရွက်ပေးတာ။ အဲဒီ လူနာတွေ ထဲကနေမှ သတ်မှတ် ထားတဲ့ ကာလရှည် အတွင်း နေ့စဉ် မှန်မှန် သောက်သုံးဖို့ လိုအပ်တဲ့ ဆေးဝါးကို လက်လှမ်း မီနိုင်မယ့် မိမိဒေသ မြို့နယ်တွေမှာ ရရှိနိုင်အောင် လုပ်ပေးမှာ ဖြစ်ပါတယ်” ဟု ကျန်းမာရေး ၀န်ကြီးဌာန၊ ခုခံကျ ရောဂါ တိုက်ဖျက်ရေး စီမံချက် ဒါရိုက်တာ ဒေါက်တာမြင့်ရွှေက ပြောသည်။
ကျန်းမာရေး ၀န်ကြီးဌာနနှင့် UNAIDS တို့ ပူးတွဲ ကောက်ယူသည့် စာရင်းများ အရ ၂၀၁၄ ခုနှစ် အတွက် ARV ဆေးဝါးပေးရန် လိုအပ်သည့် HIV ဝေဒနာရှင် တစ်သိန်း နှစ်သောင်းကျော် ရှိကြောင်း သိရသည်။
“အစိုးရ အနေနဲ့ ဆေးဝါး ရယူနိုင်မယ့် နေရာတွေကို တိုးချဲ့ပေးဖို့ ပြင်ဆင် လာတာတော့ ဝေဒနာရှင်တွေ အတွက် ၀မ်းသာစရာပါပဲ။ ဒါပေမဲ့လို့ အခက်အခဲ တွေ့နေရတာက ဆေးယူတဲ့ အကြိမ်တွေမှာ စစ်ဆေးပေးမယ့် သမားတော်တွေ ရှိမနေတာပဲ။ အဲဒီ လိုအပ်ချက်တွေပါ ဖြည့်လာနိုင်ရင် ပိုပြီး ထိရောက်မယ်လို့ မျှော်လင့်ပါတယ်” ဟု HIV ဝေဒနာရှင်များအား ကူညီ ပေးနေသည့် Posiive Group မှ ဒုတိယဥက္ကဋ္ဌ ဒေါ်ခိုင်မာဆွေက ပြောသည်။
ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့် HIV ဝေဒနာရှင် တစ်သိန်း နှစ်သောင်းကျော် အနက် ယခု ၂၀၁၄ ခုနှစ် အတွင်း ARV ဆေးဝါးများကို ဝေဒနာရှင် ခုနစ်သောင်း ခြောက်ထောင် အတွက်သာ ဆေးပေးနိုင်မည့် အနေအထား ရှိကြောင်း အဆိုပါဌာန တာဝန် ရှိသူများထံမှ သိရသည်။
Royal Hero Media - HIV ဝေဒနာရှင်များ ARV ဆေးဝါး ထုတ်ယူနိုင်ရန် မြို့နယ် အဆင့် ဆေးရုံ (၆၇) ရုံတွင် တိုးချဲ့ပေးမည်




