HIV ခုခံအားကျဆင်းမှု ဝေဒနာရှင်တွေ အတွက် ဆေးဝါးရရှိမှုဟာ ဝေဒနာရှင် အရေအတွက်နဲ့ နှိုင်းယှဉ်ပါက လုံလောက်မှု မရှိသေးဘူးလို့ ဖီးနစ် လူမှုစီးပွားရေး အသင်းမှ ခေါင်းဆောင် ဦးသီဟကြိုင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။ လက်ရှိ အချိန်ထိ HIV ခုခံအား ကျဆင်းမှု ရောဂါတွေအတွက် လိုအပ်တဲ့ ဆေးဝါး ရရှိမှုဟာ ဝေဒနာရှင်တွေရဲ့ ထက်ဝက် ပမာဏလောက်သာ ရရှိပြီး ဝေဒနာရှင် အများစုဟာလည်း ထုတ်ဖော် ပြောကြား ကုသမှု နည်းပါးနေသေးတယ်လို့ သိရပါတယ်။
HIV/AIDS ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ဖို့ အတွက် မူးယစ်ဆေးဝါး ဆန့်ကျင် တိုက်ဖျက်ရေး၊ လိင်ကျန်းမာရေး ပညာပေးခြင်း၊ ဝေဒနာရှင်တွေကို နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း စတဲ့ လုပ်ငန်းတွေကို အရှိန် အဟုန်မြင့် ဆောင်ရွက်လျက် ရှိနေပေမယ့် ကျန်းမာရေး အသိပညာ နည်းပါးမှုများ ရှိခြင်း၊ ကူးစက်ခံရပြီးတဲ့ အခါမှာလည်း ထပ်မံပြန့်ပွားမှု မရှိအောင် ဆင်ခြင် နေထိုင်ရမယ့် အသိပညာ ဗဟုသုတ နည်းပါးခြင်း စတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
လတ်တလောမှာ HIV ဝေဒနာရှင်တွေ အတွက် HIV တားဆီး ကာကွယ် တိုက်ဖျက်ရေးတွေကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေမှလည်း INGO တွေနဲ့ ချိတ်ဆက်ကာ ဆေးဝါးများ ပေးဝေနေပြီး အစိုးရဆေးရုံများမှ ခုခံကျ ကာလသား တိုက်ဖျက်ရေး စီမံချက် (National AIDS Program) တွေမှာလည်း ဆက်သွယ်ကာ ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု တွေကို ရရှိနိုင်ကြောင်း သိရှိရတယ်လို့ သတင်းရရှိပါသည်။
Up to Date - HIV ဝေဒနာရှင်တွေ အတွက် ဆေးဝါးရရှိမှု မလုံလောက်တဲ့ သတင်း




