လုပ်ငန်းခွင်မှ ၀န်ထမ်းများကို အိပ်ခ်ျအိုင်ဗွီပိုး တွေ့ရှိရုံဖြင့် အလုပ်မှ ထုတ်ပယ်ခြင်း အပါအ၀င် ဝေဒနာရှင် များအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ရပ်ဆိုင်းရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် HIV/AIDS Section မှ ဒီဇင်ဘာ ၁ ရက်က NLD ရုံးချုပ်၌ ကျင်းပခဲ့သည့် World AIDS Day ၂၀၁၃ အထိမ်းအမှတ် အခမ်းအနားတွင် ကြေညာချက်တစ်ခု ထုတ်ပြန်ကာ တောင်းဆိုခဲ့သည်။
အဆိုပါ ကြေညာချက်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်ဖြင့် ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ကာကွယ် တားဆီးရေးနှင့် ဝေဒနာ ရှင်များ ပြုစုစောင့်ရှောက်ရေး လုပ်ငန်းစဉ်ကို လုပ်ဆောင်လာခဲ့သည်မှာ (၁၁) နှစ် ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ တိုင်းပြည်တွင် အရေးတကြီး ဖြစ်ပေါ်နေသော HIV/AIDS ရောဂါ ကာကွယ်တားဆီးရေး၊ ကုသရေး လုပ်ငန်းနှင့် ရောဂါဝေဒနာရှင်များ၏ အသက်ကို ကယ်တင်ရန် လုပ်ဆောင် နေချိန်တွင် အာဏာပိုင်များမှ ၀ိုင်းဝန်းကူညီ ရမည့်အစား တစ်စိုက်မတ်မတ် အနှောက်အယှက်ပေးမှု၊ ဖမ်းဆီးအရေးယူ အပြစ်ပေးမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် အစောပိုင်း ကာလများတွင် ခုခံအား ကျဆင်းမှု ရောဂါ ဆိုင်ရာ ဆေးဝါးအခက်အခဲများကြောင့် ရောဂါဝေဒနာရှင် အမြောက်အများ အသက်ဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ဖော်ပြထားသည်။
ခုခံအား ကျဆင်းမှုရောဂါ ခံစားနေရ သူများအတွက် အေအာတီ ဆေးဝါးများ အလွယ်တကူ ရရှိအောင် စီမံဆောင်ရွက်ပေးရန်၊ အစိုးရ၀န်ထမ်း၊ အရပ်သား ၀န်ထမ်းများကို ခုခံအား ကျဆင်းမှု ရောဂါပိုး တွေ့ရှိရုံဖြင့် အလုပ်မှ ထုတ်ပယ်ပစ်ခြင်း စသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ချက်ခြင်းရပ်ဆိုင်းရန်၊ ခုခံအား ကျဆင်းမှုရောဂါ တိုက်ဖျက်ရေး လုပ်ငန်းအား အမျိုးသားရေးအသွင် ရှုမြင်ပြီး နိုင်ငံတော်အဆင့် စီမံကိန်း ချမှတ်ဆောင်ရွက် ပေးရန်နှင့် NGO/INGO/CSO များ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများနှင့် နိုင်ငံတော် အစိုးရတို့ ပူးပေါင်းပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကူးစက်မှုနှုန်း၊ ဖြစ်ပွားနေမှု နှုန်းထားများ၊ သေဆုံးနေမှု နှုန်း ထားများ ကောက်ယူပြီး ယခုထက် ပိုမိုထိရောက်သော အကူအညီများ ဆောင်ရွက်ပေးရန်ဆိုသည့် အချက်များကို တောင်းဆိုခဲ့သည်။
Eleven - HIV ဝေဒနာ ရှင်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ရပ်ဆိုင်းရန် NLD မှ တောင်းဆို




