တစ်နေ့တစ်နေ့ ကျတော့ရဲ့ ရောဂါအခြေအနေဟာ
ပိုမိုဆိုးရွားလာသလို ခံစားရပါတယ်။ ပေါ့ပေါ့ဆဆ နေမိတဲ့အတွက် ရောဂါဖြစ်လာမှ
ဝမ်းနည်းရ စိတ်ညစ်ရနဲ့ ကြောက်စိတ်၊ ရှက်စိတ်၊ အားငယ်စိတ်တွေ ခိုအောင်းလာပြီး
အပြင်မထွက်ရဲတော့တဲ့အထိ ဖြစ်နေခဲ့တယ်။ ကျတော့မှာ အဖေရယ် အမေရယ် ညီမလေးရယ် မိသားစု
လေးယောက်ရှိပါတယ်။ ကျတော်ကတော့ အဖေါ်မင်တယ် အပေါင်းအသင်း စုံတယ်။ ကျတော် တက္ကသိုလ်
ဒုတိယနှစ် တက်ခဲ့တဲ့ ကျောင်းသား တစ်ယောက်ပါ။ အပျော်အပါးမက်တော့ ကျောင်းစာကို
စိတ်မဝင်စားဘူး လည်ပတ်နေတာနဲ့ဘဲ အချိန်ကုန်တယ်။ ဒုတိယနှစ် စာမေးပွဲကျတော့ ကျတော်
အပြင်အလုပ်ကိုဘဲ လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါနဲ့ ကျတော့်ရဲ့ အဖေက ကျတော့်ကို နိုင်ငံခြားမှာ
သွားအလုပ်လုပ်ဖို့ လွှတ်တယ်။ ကျတော်နိုင်ငံခြားမသွားခင် ဆေးစစ်ခဲ့ပါသေးတယ်
ဘာရောဂါမှ မရှိဘူးလို့သိရပါတယ်။ ဒါကြောင့် ဒီကရှိသမျှလေးတွေ ထုခွဲရောင်းချပြီး အလုပ်သွားလုပ်ခဲ့တယ်
ဆိုပါတော့။ ဟိုရောက်တော့ ကျတော်လုပ်တဲ့ အလုပ်ရုံက ဝန်ထမ်းတွေကို ခြောက်လ
တစ်ခါလောက် ဆေးစစ်တော့ ကျတော့်ရဲ့ သွေထဲမှာ HIV ပိုးရှိနေတယ် ဆိုတာ သိခဲ့ရတယ်။
သိသိချင်း ကျတော်လန့်သွားတာဘဲ ဝမ်းလည်းနည်းတယ် အားလည်းငယ်ခဲ့တယ်။
သူများနိုင်ငံမှာဆိုတော့
ပိုဆိုးတာပေါ့ နောက်ပြီး ကျတော် အလုပ်သွားလုပ်တာမှ မကြာသေးဘူး
ဒီလိုကြုံတွေ့ခဲ့ရတယ်ဆိုတော့ အဖေနဲ့ အမေကိုလဲ ကျတော်သနားတယ်။ ကျတော်မသွားခင်
ကတည်းက ဘေးကနေအမေက“ သားဟိုရောက်ရင် လိမ်လိမ်မာမာနေ။ ဒီမှာလိုမနေနဲ့ အမေ့စကားကို
နားထောင်နော်”လို့ မှာခဲ့တဲ့ စကားကို ပြန်ကြားယောင်ရင်းနဲ့ ဝမ်းနည်းလို့
မဆုံးဖြစ်ခဲ့တယ်။ ပိုဆိုးတာက ကျတော့်အတွက် ကုန်ကျခဲ့တဲ့ ငွေတွေကလဲ မနည်းဘူးလေ။
ဒီငွေတွေကို ပြန်ပြီးတော့ ဘယ်လိုရှာရမလဲ။ မိဘတွေကလဲ အသက်ကြီးလာပြီဆိုတော့ ကျတော်
စိတ်မကောင်းဖြစ်မိတယ်။ ဒီတော့မှ အရင်တုန်းက ကျတော်မိုက်ခဲ့ ပျော်ပါးခဲ့တဲ့ ဒဏ်တွေက
အခုဘဝမှာတင် ဒုက္ခဝေဒနာတွေ ခံစားနေရတာကို ကျတော်ရင်ဆိုင်နေရပြီး ခုဆိုရင် ကျတော့်
မိဘတွေကို ဒုက္ခပေးသလို ဖြစ်နေပြီ။
နိုင်ငံခြားမှာ ငွေရှာဖို့
အလုပ်သွားလုပ်ခဲ့ပေမဲ့ အခုရောဂါရပြီး ပြန်လာခဲ့တယ်။ ကျတော် မျှော်မှန်းထားခဲ့တဲ့
မိဘတွေကို ချမ်းသာအောင် သူများတွေလို တင့်ကောင်းတင့်တယ် နေနိုင်အောင်
ကြိုးစားမယ်လို့ ဆုံးဖြတ်ခဲ့ပေမဲ့ ဒီလိုအပျော်အပါး လိုက်စားမှုကြောင့်
ကျတော့်ဘဝရည်မှန်းချက်တွေ ပျောက်ခဲ့ရပြီး ဝေဒနာနဲ့အတူ စိတ်သောက ရောက်နေရပြီ
ဆိုတာကို ကျတော်အများကို သိအောင် အသိပေးချင်တာပါ။
Good Health Journal ( 16-5-2007)




