21
Sep

HIV ဖြင့် နေထိုင်သူများကွန်ရက် National PLHIV Forum 2012 ၏ သဘောထား ထုတ်ပြန်ချက်

Myanmar Positive Group (Myanmar National PLHIV Network) သည် ကိုယ့်အားကိုယ်ကို အုပ်စု (SHG) များဖြင့် ဖွဲ့စည်းထားကြသည့် မြန်မာနိုင်ငံရှိ HIV ပိုးဖြင့် အသက်ရှင်နေထိုင်သူများ ပါဝင်သော ကွန်ရက်ဖြစ်ပါသည်။ MPG ကို ၂၀၀၅ ခုနှစ်တွင် စတင်ပြီး ယခုအခါ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုတွင် ကိုယ့်အားကိုယ်ကိုး အဖွဲ့ပေါင်း ၂၁၄ ဖွဲ့ ပါဝင်ပြီး အဖွဲ့ဝင်ဦးရေ ၁၀၁၁၄ ဦးရှိပါသည်။

မြန်မာနိုင်ငံတွင် HIV ကာကွယ်ရေး၊ ကုသရေးနှင့် ပြုစုစောင့်ရှောက်ရေး လုပ်ငန်းအစီအစဉ်များအား ကြိုးပမ်းအားထုတ်၍ ဆောင်ရွက်နေကြသည့် ဝန်ဆောင်မှု ဖြည့်ဆည်းပေးသူများ အားလုံးကို MPG ကွန်ရက် အဖွဲ့ဝင်များက အထူး ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် အပ်ပါသည်။ မြန်မာနိုင်ငံရှိ HIV ပိုးဖြင့် အသက်ရှင်နေထိုင်သူများအနက် ဆေးကုသရန် လိုအပ်နေသူများ၏ ၃ ပုံ ၁ ပုံ ခန့်သည် ယင်းဝန်ဆောင်မှုများမှ အကျိုးကျေးဇူးများစွာ ခံစားခဲ့ကြရပြီး ဖြစ်ပါသည်။ သို့ရာတွင် မြန်မာနိုင်ငံရှိ HIV ပိုးဖြင့် အသက်ရှင် နေထိုင်သူများအတွက် ကုသမှုများ လက်လှမ်းမှီ ရရှိနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းမွန် လာစေရန် တိုးမြှင့်ဆောင်ရွက် နိုင်လိမ့်မည်ဟု မိမိတို့ ယုံကြည်ပါသည်။

Myanmar National PLHIV Network (MPG) အနေဖြင့် PLHIV များ၏ ကုသမှုဆိုင်ရာ အသိပညာများ တိုးတက်လာစေရေးနှင့် မိမိတို့ ကွန်ရက်အပေါ် ယုံကြည်မှု တိုးတက် ကောင်းမွန်လာစေရေးတို့ကို ဆက်လက် လုပ်ဆောင်သွားရန် ကတိကဝတ်ပြုထားပြီး ဖြစ်ပါသည်။ PLHIV များအနေဖြင့်လည်း မိမိတို့၏ လိုအပ်ချက်များကို ပိုမို၍ ဆက်သွယ်ပြောဆိုနိုင်ပြီး ကျန်းမာရေး ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများတွင် ပိုမို၍ အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါသည်။

HIV ဖြင့် နေထိုင်သူ People Living with HIV (PLHIV) များ ကြုံတွေ့နေရသည့် အခက်အခဲနှင့် လိုအပ်ချက်များ

၁။ ART ဆေးကုသခြင်းအတွက် လူနာများ သိရှိနားလည်စေရန် ပိုမိုဆောင်ရွက်ရန် လိုအပ်ခြင်း

ART ဆေး သောက်စလူနာများသည် ART ဆေးအကြောင်း သေချာစွာ သိရှိနားလည်မှု အားနည်းပြီး ဆေး၏ ကောင်းကျိုး ဆိုးကျိုးများကိုလည်း ကောင်းစွာ နားမလည်သည့်အတွက် ART ဆေးအပေါ် တန်ဖိုး ထားမှု လျော့ကျပြီး ဆေးဆက်လက် သောက်သုံးရန် ပျက်ကွက်သူ အရေအတွက် များပြားလာနိုင်ပါသည်။ နောက်ဆက်တွဲ ရလာဒ်အနေဖြင့် ဆေးယဉ်ပါးသော ပိုများ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များ အတွက် လည်း စိုးရိမ်မိပါသည်။

၂။ ဝန်ဆောင်မှုပေးသူ (ဝန်ထမ်းအရေအတွက်) နှင့် လူနာအချိုးအစား မညီမျှခြင်း

ဆေးကုသရေး ဝန်ဆောင်မှု ပေးသော အချို့နေရာများတွင် အချိန်တိုအတွင်း ရက်ချိန်း ပေးထားသော လူနာများစွာကို ကြည့်ရှုရသည့် အတွက် လူနာတစ်ဦးချင်းစီ အတွက် အရည်အသွေးပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိနိုင်ရန် အချိန်လုံလောက်မှု မရှိသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် လူနာမျာ၏ ကျန်းမာရေး အခြေအနေများကို ပိုမိုဆိုးဝါးစေနိုင်သည့် အတွက် ဝန်ဆောင်မှုပေးနေသော ဆရာဝန်နှင့် ဝန်ထမ်း အရေအတွက်ကို လုံလောက်စွာ ထားရှိပေးရန် အရေးကြီးပါသည်။

၃။ အခွင့်အရေးယူ ရောဂါဆိုင်ရာ ကုသခြင်းများ လုံလောက်စွာ မရရှိခြင်း

နိုင်ငံ၏ နေရာ အတော်များများတွင် လူနာအများစုသည် လူနာများစုသည်  အခွင့်အရေးယူ ရောဂါဆိုင်ရာ ဆေးဝါးများအား လုံလောက်စွာ ရရှိခြင်း မရှိသေးပါ။ ယခုအချိန်တွင် ART ဆေးဝါး လိုအပ်သော လူနာအရေအတွက် များစွာရှိနေသေးသည့်အတွက် အခွင့်အရေးယူရောဂါ ဆေးဝါးများသည် လူနာများ၏ အသက်အန္တရာယ်နှင့် ရောဂါ အခြေအနေကို ထိန်းသိမ်းပေးရာတွင် အလွန်အရေးကြီး လိုအပ်ပါသည်။ ထို့ကြောင့် အခွင့်အရေးယူ ရောဂါဆိုင်ရာ ဆေးဝါးများအား လူမျိုးမရွေး ဘာသာမရွေး လိုအပ်သော လူနာအားလုံး လုံလောက်စွာ ရရှိစေရန် လိုအပ်ပါသည်။

၎။ CD4 သွေးစစ်ဆေးခြင်း ဆိုရာ အခက်အခဲ

HIV ပိုးရှိသူများ၏ အရည်အသွေး ပြည့်မှီသော ကုသမှုရရှိစေရန် စီဒီဖိုးသွေးစစ်ဆေးမှု လက်လမ်းမှီစေရေးသည် လွန်စွာ အရေးအကြီး လိုအပ်နေပါသည်။ ပုံမှန် စီဒီဖိုး သွေးစစ်ဆေးမှုကို မရရှိခြင်း၊ ရရှိရန် မလွယ်ကူခြင်း၊ လက်လှမ်းမမှီခြင်းများသည် စဉ်ဆက်မပြတ် ဆေးဝါးကုသမှု ရရှိရေး (Continuum of Care) ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဟန့်အတား ဖြစ်စေပါသည်။ ထို့ကြောင့် တစ်နိုင်ငံလုံးရှိ PLHIV လူနာများ စီဒီဖိုး သွေးစစ်ဆေးမှုကို လက်လှမ်းမှီ၊ အရည်အသွေးပြည့်မှီစွာ အချိန်မှန် စစ်ဆေးနိုင်ရန် အလွန် အရေးတကြီး လိုအပ်နေပါသည်။

၅။ ပဋိပက္ခဖြစ်နေသော နေရာများတွင် ဆေးကုသမှုများ ပြတ်တောက်ခြင်း

နိုင်ငံတော်၏ ပဋိပက္ခဖြစ်နေသော ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိ ဒေသအချို့တွင် ဆေးကုသမှုနှင့် ဝန်ဆောင်မှုပေးနေသော လုပ်ငန်းများ ရပ်ဆိုင်းထားသည့်အတွက် PLHIV များသည် ဆေးကုသမှု များနှင့် ဆေးဝါး ပြတ်လပ်မှုများ ကြုံတွေ့နေရသည့်အတွက် PLHIV များ၏ အသက်အန္တရာယ်ကို သာမက ဆေးယဉ်ပါးသည့် ပိုးများ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များ ရှိနေပါသည်။ ယင်းဒေသများတွင်  ငြိမ်း ချမ်းရေးကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန်နှင့် ဆေးဝါးကုသမှု လုပ်ငန်းများ အဆက်မပြတ်သွားစေရန်အတွက် ဝိုင်းဝန်း ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ (၁၅-၁၆) ရက်တွင် ကျင်းပခဲ့သော MPG ၏ (၆) ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ HIV ဖြင့် နေထိုင်သူ Piople Living with HIV (PLHIV) များ တွေ့ဆုံးဆွေးနွေးပွဲ (6th National PLHIV Network Forum) သို့ တက်ရောက်လာသော ပြည်နယ်တိုင်းဒေသကြီး ၁၄ ခုရှိ ကိုယ့်အားကိုယ်ကိုး အဖွဲ့ကိုယ်စလှယ် (၁၉၇) ဦး သက်ဆိုင်ရာ တာဝန်ရှိသော အစိုးရဌါနများ၊ ကုလသမဂ္ဂမှ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဝန်ဆောင်မှုပေးနေသူများ အားလုံးသို့ လက်မှတ်ရေးထိုး ဆောင်းဆိုအပ်ပါသည်။

တောင်းဆိုချက်များ

၁။ ART ဆေး သောက်စလူနာများ အတွက် အေအာတီဆေး စတင်မတိုက်ခင်နှင့် တိုက်ပြီးစ အချိန်များတွင် အေအာတီ ဆေးကုသခြင်းအတွက် လူနာများ သိရှိနားလည် စေရန် ပိုမိုဆောင်ရွက်ပေးပါရန် တောင်းဆိုပါသည်။

၂။ ဝန်ဆောင်မှုပေးနေသော ဆရာဝန်နှင့် ဝန်ထမ်းအရေအတွက်ကို လုံလောက်စွာ ထားရှိပေးရန် တောင်းဆိုပါသည်။

၃။ အခွင့်အရေးယူရောဂါ ဆိုင်ရာဆေးဝါးများအား လူမျိုးမရွေး ဘာသာမရွေး လိုအပ်သော လူနာအားလုံး လုံလောက်စွာ ရရှိအောင် ထောက်ပံ့ပေးပါရန် တောင်းဆိုအပ်ပါသည်။

၎။ တစ်နိုင်ငံလုံးရှိ PLHIV လူနာများ စီဒီဖိုး သွေးစစ်ဆေးမှုကို လက်လှမ်းမှီ၊ အရည်အသွေးပြည့်မှီစွာ အချိန်မှန် စစ်ဆေးနိုင်အောင် ထောက်ပံ့မှုများ ပေးပါရန် တောင်းဆိုပါသည်။

၅။ နိုင်ငံ၏ ပဋိပက္ခ ဖြစ်နေသော ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ငြိမ်းချမ်းရေးကို အမြန်ဆုံး အကောင်းအထည်ဖော် ဆောင်ရွက်ပေးပါရန်နှင့် ဆေးဝါး ကုသမှု လုပ်ငန်းများ အဆက်မပြတ်သွားစေရန် အတွက် ဝိုင်းဝန်း ဆောင်ရွက်ကြပါရန် လိုအပ်ပါသည်။

စာအမှတ်။   ။ ၁၂/ ၀၉/ ၂၀၁၂ (PMG)
ရက်စွဲ ။   ။ ၂၀၁၂ ခုနှစ်၊ စက်တက်ဘာလ (၁၆) ရက်

Myanmar Positive Group - No-12/F, Pyi Thu Street, 7 Mile, Mayan Gone Township, Yangon, Myanmar.
Tel - 662484, 665904, 666532, Ext-214, 0943032951
Email - myanmarpositivegroup@gmail.com, info@mpgnationalnetwork.org, www.mpgnationalnetwork.org

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top