15
Jan

HIV ဖြစ်ပွားမှုနှုန်းလျော့ကျစေရန် မိုးမောက်မြို့နယ်၌ တစ်ခါသုံးအပ်များ နေ့စဉ်ပေးဝေနေ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်း HIV ပျံ့နှံ့မှုလျှော့ချရန်အတွက် တစ်ခါသုံး ဆေးထိုးအပ်များ တစ်သောင်းကျော်ကို ဆာရာအဖွဲ့အစည်းမှ နေ့စဉ်ဖြန့်ဝေလျှက်ရှိကြောင်း သိရှိ ရသည်။

“တစ်နှစ်ထက် တစ်နှစ် ပိုပေးနိုင်အောင် ကြိုးစားနေတယ်။ တစ်ခါသုံးဆေးထိုးအပ်တွေက တန်းလန်ကြီးဆိုတော့ လူထုက တစ်မျိုးဖြစ်တယ်။ ပုံးတွေရှိတယ်။ နေ့စဉ် လိုက်ကောက်ခိုင်းပြီးစုပြီး ပုံကြီးထဲ ပြန်ထည့်ပြီး ဗန်းမော်ဆေးရုံကြီးမှာ အကုန်ကျေတဲ့ မီးရှို့ဖျက်ဆီးမှုလုပ်တယ်၊ ၈၀ရာခိုင်နှုန်းအထိ ကောက်နိုင်အောင်လုပ်နေတယ်။ ၁၀၀ ရာခိုင်နှုန်းကတော့ ဘယ်နေရာမှာမှ မဖြစ်နိုင်သေးဘူး” ဟု Substance Abuse Research Association (SARA) ၏ ကချင်ပြည်နယ်ဒေသ ညှိနှိုင်းရေးမှူး ဒေါက်တာထွန်းထွန်း ဘရန်က ပြောသည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း NAP မှ ကောက်ယူသော ၂၀၁၄ ခုနှစ် စစ်တမ်းအရ မူးယစ် ဆေးဝါး အကြောအတွင်းသို့ ထိုးသွင်းသူများ၏ ၅၀ ရာခိုင်နှုန်းတွင်လည်း HIV ပိုးရှိနေသည်ဟု သိရှိရသည်။

ထို့ပြင် မိုးမောက်မြို့နယ်အတွင်းမှ မူးယစ်ဆေးဝါးသုံးစွဲသူများထံတွင် အသည်းရောင်အသည်းဝါ ဘီပိုးကို တွေ့ရများပြီး လာရောက်ဆွေးနွေးသူများအား စစ်ဆေးကာ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးများ ထိုးပေးနေရသည်ဟု ဆာရာ-Substance Abuse Research Association (SARA) အဖွဲ့အစည်းထံမှ သိရှိရသည်။

“ဒီလူတွေက တစ်ယောက်နဲ့ တစ်ယောက်သိကြတယ်။ သိရင် ဘယ်သူဘယ်လိုလုပ်နေတယ်ဆိုတာ စောင့်ကြည့်ထားရမယ်။ သက်ဆိုင်ရာကို အကြောင်းကြားမယ်။ဘုံရည်မှန်းချက်တစ်ခုကို ရှုထောင့်ပေါင်းစုံနဲ့ စောင့်ကြည့်လိုက်မယ် ဆိုရင် အောင်မြင်လာပါလိမ့်မယ်။ မျက်လုံးတွေနဲ့ အားလုံးစောင့်ကြည့်ပြီးရင် လက်တွဲပြီး အားလုံးပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် မူးယစ်ဆေးဝါးကိစ္စတွေကို တားဆီးပြီးသား ဖြစ်သွားမယ်” ဟု ကချင်ပြည်နယ်အတွင်း တာဝန်ကျနေသည့် ဗိုလ်မှူးကြီးတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံအတွင်း HIV ပျံ့နှံ့နှုန်း မြင့်မားသည့် ဦးတည်အုပ်စု ၃ ခုရှိကာ ထိုဦးတည် အုပ်စုများ ဖြစ်သည့် မူးယစ်ဆေးဝါးထိုးသွင်းသူများ၌ HIV ဖြစ်ပွားနှုန်း ၁၈ ဒသမ ၇ ရာခိုင်နှုန်း၊ အမျိုးသားချင်း လိင်တူဆက်ဆံ သူများ (MSM) နှင့် ဆန့်ကျင်ဘက် လိင်သို့ ပြောင်းလဲနေထိုင်သူများ (TG) များ၌ ဖြစ်ပွားနှုန်း ၁၀ ဒသမ ၄ ရာခိုင်နှုန်းနှင့် အမျိုးသမီး လိင်လုပ်သားများတွင် ၈ ဒသမ ၁ ရာခိုင်နှုန်း စသည်ဖြင့် HIV ဖြစ်ပွားလျှက်ရှိကြောင်း အမျိုးသားခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေး စီမံချက် (NAP) ၏ ၂၀၁၃ ခုနှစ် စစ်တမ်းအရ သိရှိရသည်။

ထိုဦးတည်အုပ်စုများအတွင်း ရောဂါပြန့်ပွားနှုန်း များပြားနေရခြင်းမှာ အဓိကအားဖြင့် မသန့်ရှင်းသော ဆေးထိုး အပ်များ အသုံးပြုခြင်းနှင့် အကာကွယ်မဲ့ လိင်ဆက်ဆံခြင်းတို့ကြောင့်ဖြစ်ပြီး ထိရောက်သော ပညာပေးမှုများနှင့် ၀န်ဆောင်မှုများရှိနေသော်လည်း ခွဲခြားဆက်ဆံမှုများနှင့် အထင်သေးရှုံ့ချ ခြင်းများကြောင့် HIV ကာကွယ် ကုသရေးနှင့် ပတ်သက်သည့် ၀န်ဆောင်မှုများအား လက်လှမ်းမီ အသုံးချနိုင်ရန် ခက်ခဲလျက်ရှိကြောင်း HIV ကာကွယ်ကုသရေးတို့တွင် ပါဝင်ဆောင်ရွက်နေသူတို့က ဆိုသည်။

HIV ကူးစက်ခံရသူပေါင်း ၁၈၅,၀၀၀ ဦးအတွင်းမှ ၁၂၅,၀၄၃ ဦးသည် ART ကုထုံးရရှိရန် လိုအပ်နေပြီး ၎င်းတို့ အနက်မှ ၅၄ ရာခိုင်နှုန်းသာ ARV ဆေးဝါးထောက်ပံ့မှု ရရှိနေသည်ဟုလည်း ထိုစစ်တမ်း၌ ဖော် ပြထားသည်။

မြစ်မခ - HIV ဖြစ်ပွားမှုနှုန်းလျော့ကျစေရန် မိုးမောက်မြို့နယ်၌ တစ်ခါသုံးအပ်များ နေ့စဉ်ပေးဝေနေ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top