ပထမဆုံး အကြိမ်အဖြစ် တစ်နိုင်ငံလုံး လွှမ်းခြုံ အိတ်ခ်ျအိုင်ဗီ ရောဂါပိုး ရှိသူများ၏ လူမှုစီးပွားရေး အကျိုးသက်ရောက်မှု စစ်တမ်းကို ၂၀၁၃ ခုနှစ် အောက်တိုဘာ လလယ်ပိုင်းတွင် ကောက်ယူသွားမည် ဖြစ်ကြောင်း စစ်တမ်းကောက်ယူရာတွင် ပါဝင်မည့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP က သြဂုတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ထားသည်။
UNDP၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပြည်တွင်းပြည်ပ လူမှုရေး အဖွဲ့အစည်းများ၊ သုတေသနဆိုင်ရာ ပညာရှင် အဖွဲ့အစည်းများ ပူးပေါင်းကာ ယင်းစစ်တမ်းကို ကောက်ယူမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် အိမ်ထောင်စု တစ်ခုချင်းအလိုက် ကောက်ယူသွားမည် ဖြစ်ကြောင်း UNDP က တရားဝင် ထုတ်ပြန်ထားသည်။
"စစ်တမ်းကောက်တဲ့ အခါမှာ လူနာစာရင်း အတိအကျကို ဘယ်လိုရအောင် လုပ်မယ်။ ဒီလိုရောဂါရှိတဲ့ လူတွေက လူသိမခံချင်ကြတော့ သူတို့ကို ဘယ်လိုနည်းနဲ့ ချဉ်းကပ်ပြီး စစ်တမ်းကောက်မယ်။ ဒါတွေက စိန်ခေါ်မှုတွေ ဖြစ်လာနိုင်တယ်" ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကျန်းမာရေး ကွန်ရက်၏ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက သုံးသပ်ပြောဆိုသည်။
မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗီပိုး ရှိသူများကို နားလည်ပေးမှုနှင့် အေအိုင်ဒီအက်စ် ရောဂါကြောင့် ၄င်းတို့၏ ခံစားရမှု များကို အပြည့်အဝ နားလည်ခြင်း မရှိသေးကြောင်း၊ ယခုကဲ့သို့ စစ်တမ်း ကောက်ယူခြင်းကြောင့် အိတ်ခ်ျအိုင်ဗီ၊ ဆင်းရဲမှုလျှော့ချရေးနှင့် လူမှုရေးအရ ကာကွယ်ပေးခြင်း များတွင် အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ UNDP ၏ အစီအစဉ် လေ့လာ ဆန်းစစ်ရေးပညာရှင် ဦးမောင်မောင်ကျော်က ပြောကြားထားသည်။
အဆိုပါ စစ်တမ်းကောက်ယူမှုတွင် အလုပ်အကိုင်နှင့် ဝင်ငွေ၊ သုံးစွဲမှု၊ စုဆောင်းမှု၊ ပညာရေး၊ ကျန်းမာရေး၊ နေထိုင်ရာဒေသ ပြောင်းရွှေ့ခြင်း၊ သတင်းအချက်အလက်များ ရရှိမှု၊ ကုသခံယူမှု၊ အထောက်အပံ့နှင့် စောင့်ရှောက်မှု ရရှိရေးတို့ ပါဝင်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ရန်ကုန်၊ သြဂုတ် ၁၃
The Voice Weekly - HIV ၏ လူမှုစီးပွားအပေါ် အကျိုးသက်ရောက်မှု တစ်နိုင်ငံလုံး လွှမ်းခြုံစစ်တမ်း ပထမဆုံး ကောက်မည်




